နောက်ဆုံးတက်လာတဲ့သတင်းတွေအရတော့ အာဆင်နယ်ရဲ့ နိုင်လ်းစ်ဟာ ဘယ်လို ပုံစံနဲ့ပဲဖြစ်ဖြစ် ရိုးမားကိုရောက်တော့မှာပါ။ ရိုးမား ဟာ အပြောင်းအရွေ့အတွက် Formal Offer တွေလုပ်နေပါပြီလို့သိရပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဟေးအန်းသားဟာ ပွဲထွက်ခွင့်အတွက် တောင်းဆိုနေခဲ့တာကြာပါပြီ။ အာတီတာနဲ့လည်း ပုံစံစုံညှိနိုင်းမှုတွေမှာ ရှေ့တိုးခဲ့ပုံမပေါ်ပါဘူး။ ဒီတော့ နောက်ဆုံးမှာ အသင်းပြောင်းဖို့ပဲ ဖြစ်လာခဲ့ပုံပါ။
မော်ရင်ဟိုကတော့ အာဆင်နယ်အကယ်ဒမီထွက်ရ့အလားအလာကိုယုံကြည်နေပုံရပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်ဖက်က ရောင်းမလိုလို ၊ မရောင်းမလိုလို အခြေအနေကို စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့ပုံရပါတယ်။ ဒီစာရေးတဲ့နေ့ရဲ့ အစောပိုင်းအထိသူ့ကို အာဆင်နယ်ဖက်က အလျင်စလို မရောင်းချဘူးလို့ သတင်းတွေထွက်နေဆဲပါ။
မေးခွန်းတစ်ခုက အခုမှ လာမှာပါ။ နိုင်းလ်စ် ကိုရောင်းပြီးရင် ဘာဆက်ဖြစ်လာမလဲ။ အာဆင်နယ်ကွင်းလယ်မှာ ဘယ်သူရောက်လာဖို့ရှိမလဲ .. ဒါမှမဟုတ် ဘာကိုစီစဥ်ထားလဲ။ အခုထိတော့ မသိရသေးပါဘူး။
ပါတေး ၊ ရှာခါ ၊ လိုကွန်ဂါ ၊ အယ်နီနီ နဲ့ နိုင်းလ်စ်တို့ပဲရှိတဲ့ကွင်းလယ်မှာ ပါတေးနဲ့ ရှာခါသာလျှင် ဒေါင်ဒေါင်မည်ဖြစ်ပါတယ်။ ဒါကလဲ မကြာခနဖြစ်တတ်တဲ့ ဒဏ်ရာတို့ အနီကတ်တို့ ကိုထည့်မတွက်ပဲ TalentWise ကိုပဲပြောတာပါ။ လိုကွန်ဂါကတော့ အချိန်ယူရဦးမှာဖြစ်သလို အယ်နီနီကလဲ အဆင်မပြေပါဘူး။ ဒီနေရာမှာ နိုင်းလ်စ် ကတော့ နေရာစုံသုံးလို့ရသလို ခြေစွမ်းလဲအသင့်အတင့်ရှိပေမယ့် မှီခိုရလောက်တဲ့အထိဖြစ်မလာခဲ့ပါဘူး။ ဒီတော့ နဂိုကတည်းကမှ အားနဲပြီး မဖြစ်မနေဖြည့်တင်းရမယ့် ကွင်းလယ်နေရာကို အသစ်ဝင်မယ့်ကစားသမား မသေချာသေးခင်မှာ ရှိထားတဲ့ ကစားသမားကိုပါရောင်းထုတ်ဖို့အရင်ဖြစ်လာဆိုတော့ အာတီတာတို့တွေစီစဥ်ပြီးပြီလို့ ထင်ရတာပါပဲ။
ဒါဆိုရင် ဘယ်သူလဲ .. ဇာကာရီယာလား ၊ ကတ်ဆီလား ၊ ဆန်းချက်စ်လား ၊ ဂွီမာရေးစ်လား .. ကျွန်တော့်အမြင်ပြောရရင်တော့ ဇန်နဝါရီမှာသာ နိုင်လ်းစ်ရဲ့အပြောင်းအရွေ့တကယ်ဖြစ်သွားခဲ့ရင် ဇာကာရီယာနဲ့ ကတ်ဆီတို့ကိုမေ့လိုက်လို့ရပါပြီ။ အကြောင်းကတော့ ရာသီကုန်ရင် Free Transfer နဲ့ရမယ့် ကစားသမားကို ဆောင်းရာသီမှာငွေပေးပြီး မခေါ်ဘူးလို့ ယူဆမိလို့ပါ။ ဒီတစ်ခါမှ အထူးအဆန်းလုပ်ပြီးခေါ်လိုက်တော့လည်း မှတ်တမ်းတင်ထားရုံပေါ့လေ။
ဒါဆိုရင် နာမည်ထွက်နေတဲ့ကစားသမားတွေထဲက ဖြစ်နိုင်ခြေအရှိဆုံးက မယ်လို နဲ့ ဝှိုက်နယ်ဒန်တို့ ပါပဲ။ ဒီ ၂ ယောက်ထဲကမှ နယ်သာလန်သားဆိုရင်ပိုပြီးဖြစ်နိုင်ပါတယ်။ သူက ပရီးမီးယားလိဂ်နဲ့ အဆင်ပြေပြီးသားဖြစ်သလို ရေတိုဖြည့်တင်းမှုအဖြစ်လဲ သင့်တော်တာကြောင့်ပါ။ အာတီတာရဲ့ ဆောင်းရာသီစျေးကွက်မှာ အလျင်စလို ဆုံးဖြတ်မှာမဟုတ်ဘူးဆိုတဲ့ စကားအရ သူတို့စိတ်ကြိုက်ကစားသမားမဟုတ်ရင်ခေါ်ဦးမယ့်သဘောမရှိပါဘူး။ ဒါကြောင့်ရေရှည်ကစားသမားဝယ်မလား ၊ ရေတိုနဲ့ ကာလတစ်ခုဖြတ်သန်းမလားဆိုရင် ရေတိုကိုပဲရွေးချယ်မယ်လို့ ထင်ပါတယ်။
အာဆင်နယ်အသင်းမှာ ကာလရှည်ပြသနာကို ဖြတ်လမ်းနည်းနဲ့ရှင်းမိလို့ ပြသနာတက်ပေါင်းမနဲတော့ပါဘူး။ ဒီစကားကတော့ ကျွန်တော့်အာဘော်မဟုတ်ပါဘူး။ Just Arsenal ရဲ့ဆောင်းပါးရှင် Yash Bisht ရဲ့ ပြောကြားချက်ပါ။ ဒါပေမယ့် ကျွန်တော်လဲ သဘောတူပါတယ်။ ဒါကြောင့်ယူသုံးလိုက်တာပါ။
နိုင်းလ်စ်ရဲ့သတင်းတွေအပေါ်မှာ ပြန်သုံးသပ်ရရင်တော့ တစ်ယောက်ယောက်ကိုခေါ်ဖို့ရှိလို့ စျေးကစားဖို့အကွက်ရွေ့တာလား ၊ တကယ်ရောင်း/အငှားချမှာလားမပြောတတ်ပေမယ့် ၊ အစားပြန်ဖြည့်မယ်ဆိုရင်တော့ ကာလတိုနဲ့အရင်ခေါ်ပြီးမှ နွေရာသီမှာဆုံးဖြတ်မယ်ယူဆပါတယ်။