မန်ချက်စတာစီးတီးအသင်းနဲ့ရင်ဆိုင်ရတဲ့ပွဲမတိုင်ခင်မှာ ဂန္တဝင်ကြီး ဆိုးကင်းဘဲလ်က လူငယ်လေးတွေအနေနဲ့ အသင်းကြီးတွေနဲ့ရင်ဆိုင်ရတာများလာတဲ့အခါ် ပွဲကြီးတွေနဲ့ အသားတကျရှိလာပြီး နိုင်အောင်ကစားတတ် လာပါလိမ့်မယ် လို့ အင်တာဗျူးမှာဆိုခဲ့ပါတယ်။ တကယ်လည်း ထိပ်တန်းအသင်းကြီးနဲ့ရင်ဆိုင် ကစားတဲ့အခါမှာ အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့တာကို ပရိတ်သတ်တွေအပါအဝင် အားလုံးတွေ့ခဲ့ရပါတယ်။ ဒါဟာ ၃ မှတ်ကဲ့သို့တန်ဖိုးရှိတဲ့ အရာပါပဲ။
ပွဲကြီးတစ်ပွဲကို ကစားရင်း အကြောင်းအရာမျိုးစုံနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ ကစားအားမကျ သွားခဲ့ သလို ၊ စီစဥ်ထားတဲ့အတိုင်းလဲ တုန့်ပြန်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ရမ်းစ်ဒေးလ်က မန်စီးတီးလို အသင်းကို သူတို့ကစားခဲ့သလို တုန့်ပြန်နိုင်တဲ့အသင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် နောက်လာမယ့်ပွဲအတွက် ပြင်ဆင်ထားကြောင်းပြောကြားရင်း အရှုံးမှာ နစ်မွန်းမနေဘူးဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ မနေ့ကပွဲအပြီးမှာ ပရိတ်သတ်အချို့ဟာ အာဆင်နယ်လူငယ်လေးတွေ စိတ်ဓါတ်ကျသွားမှာကို စိုးရိမ်နေခဲ့ကြပေမယ့် ရမ်းစ်ဒေးရဲ့ ပြောကြားချက်က ဒီသံသယတွေကို ပယ်ဖျက်ပေးလိုက်နိုင်ပါတယ်။
မာတင်နယ်လီ ရဲ့ နှမြောစရာလွဲချော်ခဲ့မှုကလည်း ဒီပွဲကို သက်ရောက်စေခဲ့ပါတယ်။ ဒါပေမယ့် တစ်ပွဲလုံး ခြုံကြည့်ရင်သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းခဲ့ပြီး ပြိုင်ဖက်ပရိတ်သတ် တွေကတောင် နှစ်သက်ကြတာကို မြင်ရပါတယ်။
ဒီဇင်ဘာလတိုင်းမှာ ပြသနာတက်လေ့ရှိတဲ့ အာဆင်နယ်ရဲ့ အစဥ်အလာဆိုး ကိုတော့ အပြည့်အဝမဟုတ်သည့်တိုင် အာတီတာနဲ့ လူငယ်တသိုက်ဟာ ကွဲပြားခြားနားစွာ တွန်းလှန် နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲကြပ်ကာလမှာ ၇ ပွဲကစား ၅ ပွဲနိုင် ရလဒ်ကို ရခဲ့သလို ရာသီစတုန်းက ဂိုးပြတ်ရှုံးပွဲတွေကြောင့် အနုတ်ပြနေတဲ့ ဂိုးသွင်းနှုန်းဟာလည်း ဒီဇင်ဘာမှာ အပေါင်းဖက်ပြန်ရောက်လာခဲ့ပါတယ်။
အခုရင်ဆိုင်ရမယ့် ဇန်နဝါရီ ပွဲစဥ်တွေဟာ အာဆင်နယ်တို့အတွက် ချန်ပီယံလိဂ်သွားဖို့ ခရီးလမ်းမှာ နောက်ထပ်ကြုံရမယ့် စိန်ခေါမှုပဲဖြစ်ပါတယ်။ ရာသီကုန်ချိန် ဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်မှသာ “ ငါတို့ လုပ်နိုင်ခဲ့ပြီ “ လို့ စိတ်အေးနို်င်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ရလဒ်တွေကောင်းနေပေမယ့် အဆင့် ၄ ရဖို့ နီးစပ်နေပြီလို့ မပြောနိုင်သေးပေမယ့် ကျော်လွားရမယ့် မိုင်တိုင်တစ်ခုခြင်းစီကိုတော့ အကောင်းဆုံးကျော်ဖြတ်နိုင်နေပါပြီ။
ဒါပေမယ့် အသင်းတစ်သင်းကို အောင်မြင်မှုလမ်းကြောင်းပေါ်တင်ရတာဟာ ကွင်းတွင်းရလဒ်တွေအပြင်အခြားသောကိစ္စရပ်တွေရှိပါသေးတယ်။ ဂန္တဝင်ကြီး ရေးပါလာပြောသလိုပဲပေါ့။ လာမယ့်နှစ်အနဲငယ်မှာ အာဆင်နယ်ရဲ့လူငယ်တွေကို ဝိုင်းလုကြမယ့် အသင်းကြီးတွေအများကြီးရှိလာမှာဖြစ်ပါတယ်။ ဒါကိုလည်း အာတီတာတို့ လူစုဟာ ကောင်းမွန်စွာကိုင်တွယ်သွားရဦးမှာဖြစ်ပါတယ။ နောက်တစ်ချက်က အာတီတာကိုယ်တိုင် သူ့ရဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲမှာရှိနေပြီဆိုတာပါပဲ။ ဒီတော့ လောလောဆယ်မှာလက်ရှိ လူငယ်တသိုက်နဲ့ နောက်ထပ်လာပူးပေါင်းမယ့်ကစားသမားဟာ အီဆက်ခ်လား ၊ ဒေးဗစ် လား ဒါမှမဟုတ် တစ်ယောက်ယောက်လားဆိုတာ စောင့်ကြည့်တာကပဲ စိတ်ပျော်စရာပို ကောင်းပါလိမ့်မယ်။
မန်ချက်စတာစီးတီးအသင်းနဲ့ပွဲမှာ အမှတ်ရသင့်ခဲ့ပေမယ့် တဖက်ကြည့်ရင်လဲ စီးတီးဆီမှာ အမှတ်ဆုံးရှုံးကြတဲ့အသင်းတွေများကြတာဖြစ်လို့ ကြံဖန်စိတ်ဖြေရမှာပါပဲ။ အာဆင်နယ်ရဲ့ အဆင့်၄ လုဖက်တွေဟာလဲ ပက်ပ် တို့လူစုနဲ့ဆုံချိန်မှာ အမှတ်လျော့ကြဖို့ မျှော်လင့်ချက်ရှိပါတယ်။
အနီးဆုံးရင်ဆိုင်ရမယ့် လီဗာပူးအသင်းနဲ့ ကာရာဘောင်းပွဲစဥ်ဟာ ဆုဖလားအိမ်မက်အတွက် ဂန်းနား လူငယ်လေးတွေ အသဲပေါက်မတက် ရုန်းကန်ရမယ့် ပွဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာရော နည်းပြ အာတီတာ ကွင်းဘေးမှာရှိနေမှာလား … အခုလိုပဲ လက်ထောက်တွေနဲ့ အတူတူ ရင်ဆိုင်ရဦးမလား မပြောတတ်သေးပါဘူး။ ဒါပေမယ့် အာတီတာရဲ့ စကားကိုပဲ အငှားသုံးရင်း ဒီ Editor မှတ်စုလေးကို ပိတ်ချင်ပါတယ်။ “ ကစားသမားတွေဟာ သူတို့ကိုယ်သူတို့နည်းပြရင်း ရင်ဆိုင်သွားရပါမယ် “ တဲ့။
ဒီလူငယ်တွေကို အားပေးရတဲ့ပရိတ်သတ်တွေဖြစ်ရတာ ဂုဏ်မငယ်ခဲ့ဘူး ဆိုရင်သဘော တူကြမယ် ထင်ပါတယ်။ ကွင်းပြင်က ကြိုးပမ်းမှုတွေကိုတော့ သီးသန့်ထပ်ရေးပါဦးမယ်။