နှစ်သစ်ရဲ့ Player Profile ကဏ္ဏအတွက် အာဆင်နယ် အမျိုးသမီးအသင်းရဲ့တိုက်စစ်မှုး အီဝါဘူချီနဲ့ စတင်လိုက်ချင်ပါတယ်။
အနီးဆုံးကစားခဲ့တဲ့ပွဲက စိတ်ပင်ပန်းမှုတွေကို အတိုင်းအတာတစ်ခုထိ အာရုံပြောင်းနိုင်တယ်ဆိုရင်ပဲ ဒီ Bio စာတိုလေးက အလုပ်ဖြစ်ပြီလို့မှတ်ယူပါ့မယ်။ Gunners’ Side ဟာ အာဆင်နယ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို စုစည်းထားတဲ့ Fan Blog တစ်ခုဖြစ်ပြီး အခြားသော အကြောင်းအရာများ ကိုလည်း ဝင်ရောက်မွှေနှောက် ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
မာနာအီဝါဘူချီ
သူ့က မီဒန်မာလောက်နာမည်မကြီး။ အောင်မြင်မှုအနေအထားကွာတာကြောင့်လဲဖြစ်ပါလိမ့်မယ်။ ဒါပေမံယ့် အာရှသူဖြစ်တာက တစ်ကြောင်း ၊ မှတ်မိလွယ်တဲ့ မျက်နှာပိုင်ရှင်ဖြစ်တာကတစ်ကြောင်း အာဆင်နယ် ပရိတ်သတ်တွေသူ့ကို မျက်မှန်းတန်းမိပါတယ်။
အီဝါဘူချီဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်လက်ရွေးစင် တိုက်စစ်မှုးတစ်ယောက်ဖြစ်ပါတယ်။ ဒီရာသီအစ ၂၀၂၁ ခုနှစ်ကျမှ အာဆင်နယ် အသင်းကိုရောက်လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ၉ ပွဲကစားပြီး ၂ ဂိုးသွင်းပေးထားနိုင်ပါတယ်။ အသင်းရဲ့ တတိယဦးစားပေးတိုက်စစ်မှုးတစ်ယောက် လည်းဖြစ်ပါတယ်။
အာဆင်နယ်က သူ့ကို ၂၀၁၉ ခုနှစ်ကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် တိုကျိုအိုလံပစ် ကစားချိန် အထိ ဂျပန်မှာပဲသူ့ကိုရှိစေလိုတာကြောင့် အဖွဲ့ချုပ်က သူ့ကို ပြောင်းရွေ့ခွင့်ပိတ် ထားခဲ့ပါတယ်။ အဲ့ဒီနောက် အက်စတွန်ဗီလာအသင်းကို ကာလတိုစာချုပ်နဲ့ထွက်ကစားခဲ့ပြီး နောက်တစ်နှစ်မှာ အာဆင်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ လက်ရှိအာဆင်နယ်အသင်းမှာ အီဝါဘူချီဟာ ကျောနံပတ် ၂၃ ကိုဝတ်ဆင်ကစားလျှက်ရှိပါတယ်။
ထိပ်တန်းတိုက်စစ်မှုးတစ်ယောက်မဟုတ်ပေမယ့် အီဝါဘူချီဟာ သင့်တင့်တဲ့ ဂိုးသွင်းမှတ်တန်းကိုတော့ ပိုင်ဆိုင်ထားပါတယ်။ ဘိုင်ယန် ၊ ဟော့ဖန်ဟိန်းတို့မှာ ကစားဖူးတဲ့ အီဝါဘူချီဟာ ကလပ် အသင်း ကစားသမားဘဝတစ်လျှောက်မှာ ၂၃၈ ပွဲကစားပြီး ဂိုးပေါင်း ၈၀ သွင်းယူပေးထားပါတယ်။ နိုင်ငံအသင်းအတွက်ကတော့ ၈၂ ပွဲကစားပြီး ၃၆ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။

ငယ်ဘဝနဲ့ ကစားသမားဘဝအစ
ငယ်စဥ်က Piano နဲ့ ဘဲလေးအကတွေကိုပဲလေ့လာနေခဲ့တဲ့ အီဝါဘူချီဟာ အသက် ၆ နှစ်အရွယ်ကတည်းက ဘောလုံးကန်နေခဲ့တယ်လို့ ဆိုပါတယ်။ နောင်တစ်ချိန်မှာ ပရိုဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာမယ့် သူ့ရဲ့အစ်ကို နဲ့ အစ်ကိုရဲ့နည်းပြဖြစ်သူတို့က အီဝါဘူချီကို ဘောလုံးကစား ဖြစ်အောင်ဝိုင်းစည်းရုံးခဲ့ကြပါတယ်။ တစ်နှစ်လောက်အကြာမှာတော့ စည်းရုံးမှုဟာ အာင်မြင်ခဲ့ပြီး သူ့တို့နဲ့အတူလာရောက် ပူးပေါင်းပါတော့တယ်။
အသက် ၈ နှစ်မှာတော့ အစ်ကိုဖြစ်သူကစားနေတဲ့ Sekimae SC အသင်းမှာ စတင်ကစားခဲ့ပါတယ်။ အီဝါဘူချီရဲ့အရည်အသွေးတွေကြောင့် သူ့ထက်အသက်ကြီးတဲ့ ယောက်ျားလေးတွေနဲ့အတူ ဝင်ရောက် လေ့ကျင့်ခွင့်ရရှိခဲ့ပါတယ်။ Sekimae SC အသင်းရဲ့ မူလနာမည်က Sekimae Boys Soccer Club ဖြစ်ပေမယ့် အီဝါဘူချီက အသင်းမှာပါဝင်နေတဲ့ တစ်ယောက်ထဲသောမိန်းကလေးဖြစ်တဲ့အတွက် အသင်းရဲ့နာမည်ကို Sekimae Soccer Club လို့ပြောင်းလဲခေါ်တွင်ခဲ့ရပါတယ်။
၂၀၀၇ ခုနှစ်အရောက် ၊ သူ့အသက် ၁၄ နှစ်အရွယ်မှာတော့ Nippon TV Beleza အသင်းမှာ စီနီယာအဖြစ် စတင်ကစားခဲ့ပြီး ၅ ရာသီကြာခဲ့ပါတယ်။ အဲ့ဒီနောက် ဂျာမနီက ဟော့ဖန်ဟိန်း ၊ ဘိုင်ယန်မြူးနစ်တို့မှာ ပြောင်းရွေ့ခဲ့ပြီး နောင်တစ်ချိန်အရင်းနှီးဆုံးသူငယ်ချင်းဖြစ်လာမယ့် မီဒန်မာနဲ့ မြူးနစ်မှာကစားရင်းခင်မင်ခဲ့ပါတယ်။ ဘိုင်ယန်ကထွက်လာခဲ့ပြီးနောက် INAC Kobe Leoness မှာ ၂၀၂၀ ခုနှစ်အထိကစားခဲ့ပြီး ၊ တိုကျိုအိုလံပစ်အတွက် နိုင်ငံအသင်းတာဝန်တွေအပြီးမှာတော့ အက်စတွန်ဗီလာ ကိုရောက်ရှိလာခဲ့ပါတယ်။ ဗီလာအသင်းအတွက် ကာလတို စာချုပ်နဲ့ ကစားပြီးတဲ့ အခါမှာတော့ မီဒန်မာ နဲ့ပြန်ဆုံဖို့အကြောင်းဖန်လာပြီး အာဆင်နယ်ကိုရောက်ရှိလာ ခဲ့ပါတယ်။
အီဝါဘူချီဟာ ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းမဟုတ်ပေမယ့် နေရာတစ်ခုတော့ ရယူထား နိုင်သူဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း အမျိုးသမီးအားကစားသမားတစ်ယောက်အနေနဲ့ လူငယ်တွေရဲ့ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရိစ္ဆာန်တွေချစ်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ Poodle အမျိုးအစားခွေးလေးနှစ်ကောင်ဟာ ဂျပန်နိုင်ငံက သူ့မိဘတွေနဲ့အတူ နေထိုင်လျှက်ရှိပါတယ်။
အာဆင်နယ်က ဒီဂျပန်တိုက်စစ်မှုးကို အာရှစျေးကွက်အတွက်ခေါ်ထားတာလား၊ တကယ်လိုအပ်လို့ ခေါ်ထားတာလားမပြောတတ်ပေမယ့် ပြုံးချိုတဲ့မျက်နှာနဲ့ အီဝါဘူချီဟာ ပရိတ်သတ်တွေရဲ့ မေတ္တာကို သိမ်းဆည်း ထားတာတော့အမှန်ပါပဲ။