ပါတီနိုကို ချီးကျူးလိုက်တဲ့ ဖာဒီနန်
BT Sports ရဲ့ တင်ဆက်သူ ရီယိုဖာဒီနန်က အာဆင်နယ်လူငယ်လေးပါတီနိုဟာ နောက်ထပ်ထွန်းတောက်လာမယ့် ကြယ်ပွင့်တစ်ပွင့်ဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဖာဒီနန်က
သူနဲ့ဆုံဖူးတဲ့လူတိုင်းနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဒီလူငယ်လေးဟာ တကယ်ကို အရည်အသွေးကောင်းမွန်တဲ့ကစားသမားလေးဖြစ်ပြီး အကောင်းဆုံးဖြစ်လာမယ့်အလားအလာတွေလဲအပြည့်နဲ့ပါ။ သူ့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာဟာလည်း သိမ်ငယ်ခြင်း ၊ မာနထောင်လွှားခြင်းတွေမရှိပဲ တည်ငြိမ်တဲ့ သူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ သူဟာ နောက်ထပ်လင်းလက်လာမယ့် ကြယ်ပွင့်တစ်ပွင့်လို့ ကျွန်တော်ခံစားနေရပါတယ်။ သူကစားတာသိပ်ကို ကောင်းမွန်လှပါတယ် လို့ဆိုခဲ့တာပါ။
အူဘာမီယန်ကို နယူးကာဆယ်က အံ့အားသင့်ဖွယ်ကြိုးစားလာ
အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်ကို နယူးကာဆယ်အသင်းက အငှားနဲ့ကြိုးပမ်းမယ်ဆိုပြီး အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်လာပါတယ်။ လက်ရှိအာဆင်နယ်လူငယ်တွေပြသနေတဲ့ ခြေစွမ်းတွေအရ အူဘာအနေနဲ့ အမ်းမရိတ်မှာ အနာဂတ်မရှိတော့ဘူးလို့ ပြောဆိုနေကြပြီး အီတလီဖက်ကအသင်းတွေနဲ့ဆက်တိုက်နာမည်ထွက်နေရာကနေ အခုလို နယူးကာဆယ်နဲ့သတင်းထွက်လာတာပါ။
ဝီရှိုင်းယား အသင်းသစ်ရပြီ
အာဆင်နယ်အသင်းနဲ့ အတူလာရောက်လေ့ကျင့်ခန်းဆင်းနေတဲ့ ဂျက်ဝီးရှိုင်းယားဟာ အသင်းသစ်တစ်သင်းကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ O Povo သတင်းဌာနကဖော်ပြသွားပါတယ်။ ဂျက်ဟာ ဘရာဇီးကလပ် ဖော်တယ်လီဇာ ရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပြီးနောက် နှစ်သစ်နဲ့အတူ ပြန်လည်စတင်မယ့် ဘရာဇီးလိဂ်မှာ ပါဝင်သွားမှာဖြစ်ပါတယ်။
မာတင်နယ်လီကို ချီးကျူးနေကြတဲ့ မန်စီးတီး ပရိတ်သတ်များ
မန်ချက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရပေမယ့် ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့် ချီးကျူးခံနေရတဲ့ အာဆင်နယ်လူငယ်လေးတွေဟာ ပြိုင်ဖက်ပရိတ်သတ်တွေရဲ့လေးစားမှုကိုလည်းရရှိခဲ့ကြောင်း HITC ကဖော်ပြလာပါတယ်။ တိုက်စစ်မှုး မာတင်နယ်လီရဲ့ စွမ်းဆောင်ရည်ကိုလည်း စီးတီးပရိတ်သတ်တွေက တခုတ်တရချီးကျူးနေကြပြီး ၊ ထင်ထားတာထက်ပိုကောင်းကြောင်း ၊ ကန်ဆယ်လို အနေနဲ့ မထိန်းနိုင်ခဲ့ကြောင်းကို ပြောဆိုနေကြတာဖြစ်ပါတယ်။
အန်ကတ်တီယာကို လီဗာကူဆင်ခေါ်ယူလို
လီဗာကူဆင်အသင်းဟာ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှုး အန်ကတ်တီယာကိုခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ် Sport Mole ကဖော်ပြလာပါတယ်။ အာဆင်နယ်ကနေထွက်ခွာဖို့သေချာသလောက်ဖြစ်နေတဲ့ တိုက်စစ်မှုးလေးကို ပြည်တွင်းအသင်းများစွာက စောင့်ကြည့်နေကြချိန်မှာ ဂျာမန်အသင်းဖက်ကနေ လိုချင်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အရှုံးကိုလက်ခံပြီးရှေ့ဆက်မယ့် ရမ်းစ်ဒေးလ်
အာဆင်နယ်အသင်းရဲ့ ဂိုးသမားရမ်းစ်ဒေးလ် က မန်စီးတီးနဲ့ပွဲက အရှုံးကိုလက်ခံဖို့ခက်ခဲပေမယ့် ရှေ့ဆက်ပြီးအကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ BT Sports နဲ့တွေ့ဆုံစဥ်မှာအခုလိုပြောကြားခဲ့ပါတယ်။
ဒီရလဒ်က လက်ခံရခက်ခဲပေမယ့် ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်ရင်ဆိုင်သွားရမှာပါ။ ပွဲချိန်အများစုမှာ စီးတီးတို့အပေါ်မှာ ကျွန်တော်တို့လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အနီကတ်ကတော့ ပွဲကိုပြောင်းလဲစေခဲ့ပါတယ်။ ကျွန်တော်တို့အနိုင်ရလုလုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ဓါတ်မကျပဲ ရှေ့ဆက်သွားမှာပါ။ မကြာခင်မှာ ဆီးမီးဖိုင်နယ် ပွဲကြီးပွဲကောင်းတစ်ပွဲရှိနေပါတယ် လို့ပြောခဲ့တာဖြစ်ပါတယ်။