ဂိုးရလဒ်အရ ရှုံးနိမ့်သွားခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့လေးစားမှုကိုရော ၊ ကွင်းတွင်းကစားပုံအသာရမှုကိုရော အာဆင်နယ်တို့ သိမ်းပိုက်နိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ ပွဲမစခင်ကတည်းက Pundit တွေရဲ့ ခန့်မှန်းချက်အားလုံးဟာ မန်စီးတီးအပေါ်ကိုအလေးသာခဲ့ပေမယ့်၊ ပွဲတွင်းစွမ်းဆောင်ရည်အရ အိမ်ရှင်အသင်းရဲ့ လူငယ်တွေဟာ မျက်နှာမငယ်ခဲ့ပါဘူး။
ပွဲမစခင်မှာ ကိုဗစ်ကြောင့်မပါနိုင်ဘူးလို့ သတင်းကြီးခဲ့တဲ့ တိုမီယာစုပါဝင်လာခဲ့ပြီး ၊ ပွဲထွက်နေကျ လူစာရင်းအတိုင်း အာဆင်နယ်တို့ဟာ လက်ရှိချန်ပီယံကိုရင်ဆိုင်ခဲ့ကြပါတယ်။
မန်စီးတီးတို့ဟာ ထုံးစံအတိုင်း ပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမယ့် လုပ်တိုင်းမအောင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲအစကတည်းက စီးတီးတို့ဟာ Link Up Play တွေနဲ့ ထိုးဖောက်ခဲ့ပါတယ်။ ၃ မိနစ်မှာ ဘန်ဝှိုက်ဘောလုံးထိမ်းတာ ခြေတစ်လှမ်းနောက်ကျနေခဲ့ပေမယ့် ဂါဘရီယယ်အချိန်မှီဝင်ထောက်နိုင်ခဲ့ပြီး ၊ စတာလင်ကို ကန်ခွင့်မပေးပဲ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီကတစ်ဆင့်ရတဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းချက်က တော့ တိုင်ဘေးကနေကပ်ထွက်သွားလို့ အာဆင်နယ် သက်သာရာ ရခဲ့ ပါတယ်။ Capacity ကောင်းကောင်းနဲ့ ဖိကစားနိုင်လို့ အခွင့်အရေးရသလိုရှိခဲ့ပေမယ့် မန်စီးတီးကို ပေးကစားပြီးပွဲကို အာဆင်နယ်က ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်တို့ဟာ စီးတီးကွင်းလယ်ကို Passing Lane အကုန်ပိတ်ထားခဲ့ သလို On-One-On Tackle တွေလဲ ကောင်းခဲ့တာကြောင့် မန်စီးတီးတို့ဟာ ဘောလုံးကိုင်ထားရုံကလွဲပြီး အခြားလုပ်ဆောင်ချက် သိပ်မလုပ်နိုင်ခဲ့တာကိုတွေ့ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ Transition အလွန်ကောင်းခဲ့တာကြောင့် စီးတီးတို့ဘောလုံးပျက်သွားတိုင်း ကြောက်စရာကောင်းတဲ့ ထိုးဖောက်မှုတွေကို လျှင်လျှင်မြန်မြန်ပြုလုပ်ခဲ့တာကြောင့် မိနစ် ၂၀ လောက်ကစပြီး မန်စီးတီးတို့ဟာ Attacking Play ဖော်ဆောင်ဖို့ တွန့်ဆုတ်လာခဲ့ပါတယ်။
မအောင်မြင်တဲ့ Link Up တွေကနေ တန်ပြန်တိုက်စစ်ဆင်မှာကို စိုးရိမ်ရလို့ အဝေးဘောတွေ ၊ Set Play တွေကနေ ထိုးဖောက်ဖို့ပဲ ကြိုးစားလာခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ပါတေး ရဲ့ကစားပုံ အလွန်သပ်ရပ်ခဲ့ပြီး သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် ဒီဘရိုင်းနား တို့လူစုဟာ Normal Pass တွေမှာသာအချိန်ကုန်ခဲ့ပါတယ်။ ဒါ့အပြင် ပါတေးရဲ့ Vision တွေဟာ ပွဲစပွဲဆုံးကောင်းမွန်ခဲ့ပြီး ၁၆ မိနစ်မှာ မာတင်နယ်လီ ဘယ်ခြမ်းက လွတ်ထွက်သွားပြီး ကန်ခွင့်ရခဲ့တာဟာ ပါတေးကြောင့် ဖြစ်ခဲ့ပါတယ်။
ပွဲကစားချိန် ၁၀ မိနစ်မှာ အာဆင်နယ်တို့ အတွက် အလွန်နစ်နာရတဲ့ အဖြစ်အပျက် ဖြစ်ခဲ့ပါတယ်။ အိုဒီဂတ်ကို အီဒါဆင် ဖျက်ထုတ်ရာမှာ ဘောလုံးထက်အရင် ခြေထောက်ကို ရှင်းလင်းစွာထိခဲ့ပေမယ့် ပယ်နယ်တီမရခဲ့ပါဘူး။ ဒါဟာ ကွင်းလယ်ဒိုင်ရဲ့ နားလည်ရခက်တဲ့ ဆုံးဖြတ်ချက်များစွာထဲက တစ်ခုသာဖြစ်ပါတယ်။ တစ်ပွဲလုံးစွမ်းဆောင်ရည်အရ ဒိုင်လူကြီးတစ်ယောက်အနေနဲ့ Qualify မဖြစ်ဘူးလို့ ပြောလို့ရတဲ့အနေအထားပါပဲ။ ကန်ဆယ်လို က ဂါဘရီယယ်ကို အနောက်ကနေ ဖိတဲ့ အနေအထားမှာလည်း ပစ်ဒဏ်ဘောမရခဲ့ပါဘူး။
အာဆင်နယ်အတွက် အဖွင့်ဂိုးကိုတော့ ဂိုးမြူးနေတဲ့ ဆာကာ က တီယာနေရဲ့ ပေးပို့မှုကနေတစ်ဆင့် Marking ပေးထားတဲ့နောက်ခံလူကို ကျောပေးထားရက်ကနေသွင်းယူသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးတို့ဟာ အသင်းကြီးတစ်သင်းပီသစွာ Out Of Best Performance ဖြစ်နေချိန်မှာ ထိန်းသိမ်းကစားနိုင်ခဲ့သလို ၊ အာဆင်နယ်တို့ဟာလည်း အကောင်းဆုံးတုန့်ပြန်ရင်း စီးတီးတို့ကို အကြံအိုက်သွားရလောက်တဲ့အထိ တည်ငြိမ်စွာခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ပွဲရဲ့ အနေအထားဟာ ပထမပိုင်းတုန်းကအတိုင်းဖြစ်ခဲ့ပြီး အာဆင်နယ်တို့ ဖက်ကိုထိုးဖောက်လိုက် ၊ နောက်တန်းကဖျက်ထုတ်လိုက်နဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲရဲ့အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ အခိုက်အတန့်ကတော့ရောက်ရှိလာခဲ့ပါတယ်။ ပုံမှန်ဆိုရင် ခြေအနှုတ်အသိမ်းနှေးကွေးတဲ့ရှာခါဟာ ဒီပြစ်ဒဏ်မှာဆိုရင် သူ့ရဲ့ ခြေထောက်ကို တဖက်ကစားသမားကို ထိစေနိုင်တဲ့အနေအထားကနေတောင် ပြန်ပြီးထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လဲကျသွားတဲ့ကစားသမားရဲ့ အကျီကိုမှ ကိုင်ရက်မိသားဖြစ်နေတာရယ် ၊ ဖြစ်စဥ်တစ်ခုလုံးကို မျက်ကွယ်ပြုချင်တာကို ပြုပြီး ၊ အရေးယူချင်တာကိုယူတဲ့ ဒိုင်ရဲ့ဆုံးဖြတ်ချက်မှာ အာဆင်နယ်တို့ ပင်နယ်တီပေးခဲ့ရပါတယ်။
ဒီပွဲမှာ အာဆင်နယ်ကို ချီးကျူးစရာကောင်းတာကတော့ တစ်ယောက်လျော့နေချိန်မှာတောင် မန်စီးတီးတို့ကို စိတ်ကြိုက်ချယ်လှယ်ခွင့်မရစေခဲ့တာဖြစ်ပြီး ၊ မာတင်နယ်လီသာ ခုထက်ပိုပြီး ဂိုးသွင်းတည်ငြိမ်ခဲ့ရင် ပွဲအဖြေပါ ပြောင်းမယ့်အနေအထားဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂါဘရီယယ်ဟာ အနီကတ်ထိပြီးထွက်ခဲ့ရပြန်ပါတယ်။ ကွင်းလယ်ဒိုင်ဟာ တစ်ပွဲလုံးမှာ နားလည်ရခက်တဲ့ ဆုံးဖြတ်ချက်တွေကို ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပြီး ပွဲရဲ့ရသကိုရော ၊ မျှတမှုကိုပါ ယူဆောင်သွားခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ စီးတီးတို့ရဲ့ ဧရိယာထဲထိရောက်တဲ့ တွဲလုံးတွေ အလွန်ကောင်းခဲ့ပြီး အာဆင်နယ်နောက်တန်းရဲ့ Capacity ဟာလည်း တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။ တစ်ယောက်အသာနဲ့ကစားရင်းဖိကစားရင်း ပွဲပြီးခါနီးမှာတော့ ပင်နယ်တီဧရိယာထဲ အထိထိုးဖောက်နိုင်ခဲ့ပြီး ရိုဒရီက အနိုင်ဂိုးသွင်းယူ သွားနိုင်ခဲ့ပါတယ်။
ရှုံးပွဲကြုံခဲ့ရပေမယ့် ကစားပုံ ၊ စိတ်ဓါတ် ၊ တုန့်ပြန်မှုအကုန်လုံးဟာ အာဆင်နယ်အတွက်အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်။ ရလဒ်ကလွဲရင် လန်ဒန်သားလူငယ်တွေဟာ သူတို့ရဲ့အရှိန်အဟုန်ကို ဆက်လက်သယ်ဆောင်နေဆဲလို့ ဆိုနိုင်ပါတယ်။ ပွဲတစ်ပွဲပြီးတိုင်း ပြောစရာများတဲ့ Big Match တွေထဲမှာမှ ဒီပွဲဟာ သာမန်ထက်ပိုပြီးဆူညံတဲ့အခြေအနေတွေကို ဖန်တီးသွားမယ်လို့ ယူဆရပါတယ်။