ကူလူဆက်စကီကို ခေါ်ယူဖို့ အာဆင်နယ်အလားအလာအကောင်းဆုံးဖြစ်နေ
အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်ကစားသမား ကူလူဆက်စကီကိုခေါ်ယူရေးအတွက် အနီးဆုံးပြိုင်ဖက်အသင်းကို အသာစီးရယူထားနိုင်တယ်လို့ အီတလီကသတင်းတွေကို ကိုးကားပြီး Football 365 ကဖော်ပြလာပါတယ်။ ဒီရာသီ အယ်လီဂရီရဲ့လက်ထက်မှာ ၄ ကြိမ်သာ ကစားခွင့်ရရှိထားတဲ့ ဆွီဒင်သားဟာ အသင်းပြောင်းဖို့သေချာသလောက်ရှိနေပြီဖြစ်ပြီး အာဆင်နယ်တို့နဲ့ ဆွေးနွေးမှုတွေရှိနေပြီလို့ အခိုင်အမာဖော်ပြထားကြပါတယ်။ ဂျူဗင်တပ်တို့ဟာ ဖီအိုရင်တီးနားရဲ့ ဗလာဟိုဗစ်ကို ခေါ်ယူရေးမှာ ကူလူဆက်စကီကိုထည့်သွင်းကမ်းလှမ်းခဲ့ပေမယ့် ဖလောရင့်စ်တို့ဖက်က စိတ်မဝင်စားခဲ့ဘူးလို့ သိရပါတယ်။ Gazzetta dello Sport ရဲ့ဖော်ပြချက်အရ အာဆင်နယ်တို့ဟာ ကူလူဆက်စကီကို စောင့်ကြည့်နေခဲ့တာ ၃ ရာသီလောက်ရှိပြီလို့ ဆိုပါတယ်။
အာဆင်နယ် ခေါ်ယူဖို့ လျာထားတဲ့ ထိပ်တန်းတိုက်စစ်မှုးများ
The Athletic အပါအဝင် သတင်းဌာနတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်တို့ဟာ ဗလာဟိုဗစ် အပြင်ကာလရှည်စောင့်ကြည့်လာတဲ့ ဆိုစိဒက်ရဲ့ အီဆက်ခ် နဲ့ လိုင်လီရဲ့ ဂျိုနသန်ဒေးဗစ် တို့ကိုလည်း ခေါ်ယူဖို့အလားအလာရှိတယ်လို့ သိရပါတယ်။ တိုက်စစ်မှုးတစ်ဦးမဖြစ်မနေဝယ်ယူဖို့အနေအထားရှိနေတဲ့ အာဆင်နယ်တို့ဟာ ပစ်မှတ်တစ်ခုအဆင်မပြေရင်နောက်တစ်ခုနဲ့အဆင်ပြေအောင် ပြင်ဆင်ထားတာဖြစ်တယ်လို့ Express UK က သုံးသပ်ထားပါတယ်။
မာတီနက်စ်ရဲ့ပြောင်းလဲမှုကို ဆီးမန်း အံ့သြနေ
ဂန္တဝင်ကြီးဒေးဗစ်ဆီးမန်းက အာဆင်နယ်နဲ့ပတ်သတ်ပြီးအမြဲလိုလို အဆိုးမြင်နေတဲ့ မာတီနက်စ်နဲ့ပတ်သတ်ပြီးအခုလိုပဲ သူ့အမြင်ကိုပြောခဲ့ပါတယ်။
ကျွန်တော်သူနဲ့ဆုံဖူးပါတယ်ဗျာ .. အသင်းကိုသူရောက်လာတော့ ၁၆ နှစ်ပဲရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ အဲ့ဒီအချိန်တုန်းက တကယ့် အကြမ်းထည်ကစားသမားလေးပေါ့။ တဖြေးဖြေးနဲ့သူတိုးတက်လာတယ်။ အငှားတွေကစားတယ်။ ယုံကြည်မှုတွေရလာတယ်။ နောက်တော့ စာချုပ်သစ်ကမ်းလှမ်းခံရတယ်။ ဒါပေမယ့် သူမနေဖြစ်ခဲ့ဘူး။ သူကအမြဲတန်း ခပ်အေးအေးနဲ့ရိုးသားတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့်ဗျာ .. ဘာလို့ အခုနောက်ပိုင်းအသင်းကို အဆိုးပဲမြင်နေရလဲတော့ ကျွန်တော်နားမလည်ပါဘူး .. ဒါတွေကြောင့်ပဲ ပရိတ်သတ်တွေက သူ့ကိုလှောင်ပြီး သီချင်းဆိုတာတွေ ပြန်ဖြစ်လာတာပါ လို့ ထောက်ပြဝေဖန်သွားခဲ့ပါတယ်။
အာတီတာကို လူဖြည့်ဖို့တိုက်တွန်းရင်း ဒီဂျောင်ကို ခေါ်ဖို့အကြံပြုခဲ့တဲ့ ဂန္တဝင်
အာဆင်နယ်တိုက်စစ်မှုးဟောင်း ကီဗင်ကင်းဘဲလ်က နည်းပြအာတီတာကို အသင်းအတွက်မဖြစ်မနေခေါ်ယူရမယ့် ၂ နေရာကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ တိုက်စစ်မှုးနေရာနဲ့ ဗဟိုကွင်းလယ်လူနေရာကို ဖြည့်ရမယ်ဆိုတာ သံသယဖြစ်စရာကိုမရှိပါဘူးဗျာ .. ဒီ ၂ နေရာက အာဆင်နယ်တို့ အားနဲနေတဲ့ နေရာတွေပါ။ အူဘာမီယန်ရဲ့အခြေအနေရော ၊ ပါတေးတစ်ယောက် နိုင်ငံပွဲကစားမယ့်အခြေအနေတွေအတွက်ပါ မကြာခင်မှာပြသနာတက်လာနိုင်တဲ့နေရာတွေပါပဲ လို့ ထောက်ပြရင်း အာတီတာကို သင့်တော်တဲ့ကစားသမားတွေအတွက်ငွေသုံးဖို့ Football Insider ရဲ့ အစီအစဥ်ကနေ တိုက်တွန်းသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဂန္တဝင်ကြီးက ဘာစီလိုနာအသင်းရဲ့ နယ်သာလန်ကစားသမား ဒီဂျောင်ကို ခေါ်ယူဖို့လဲ အကြံပြုသွားခဲ့ပါတယ်။
ကတ်ဆီကို စပါးကလဲချိန်ရွယ်နေ
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပစ်မှတ်ဖြစ်တဲ့ အေစီကွင်းလယ်လူ ဖရန့်ကတ်ဆီကို ပြိုင်ဖက်စပါးအသင်းကလည်း ကြိုးပမ်းလာနေတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။ ကတ်ဆီဟာ စာချုပ်သက်တမ်းအရ ရာသီကုန်မှာ အလွတ်နဲ့ရရှိနိုင်မယ့်ထိပ်တန်းကစားသမားလဲဖြစ်ပါတယ်။ ကစားသမားအနေနဲ့ စီးရီးအေပြင်ပအသင်းတွေနဲ့ အကြိုစာချုပ်ချုပ်ဆိုလိုပါက ဇန်နဝါရီမှာ ချုပ်ဆိုထားနိုင်တဲ့အနေအထားလဲဖြစ်ပါတယ်။