No Auba, No Problem တဲ့လား

လွန်ခဲ့တဲ့ ရက်ပေါင်း  ၅၁၆ ရက် ၊ ၂၀၂၀ခုနှစ် သြဂုတ်လ ၁ ရက်နေ့  တုန်းက  အာဆင်နယ်အသင်းဟာ  FA ဖလားကို ၁၄  ကြိမ်မြောက်အဖြစ်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ခြေစွမ်းပြ ဂိုးတွေသွင်းပေးခဲ့တဲ့  အသင်းခေါင်းဆောင် အူဘာမီယန်ဟာ အခုအချိန်မှာတော့ အားလုံးစိတ်ထဲမှာ ပထမဦးစားပေး မဟုတ်တော့တဲ့အနေအထားကိုရောက်သွားခဲ့ပါပြီ။ ဒီထက်ပိုတဲ့လက်ဆောင်အဖြစ်   No Auba, No Problem ဆိုတဲ့ ခေါင်းစဥ်နဲ့စာတွေ ဝိုင်းရေးခံရတဲ့အခြေအနေပါပဲ။

ဒါဟာ လက်တွေ့ကျတဲ့ ဒီနေ့ခေတ် အနေအထားဖြစ်ပါတယ်။ ဘယ်လိုပဲစကားတွေနဲ့လှအောင်တန်ဆာဆင်ကြပေမယ့် ပရိတ်တွေဟာ သူတို့ရဲ့ဖြစ်ချင်မှုတွေနဲ့ပဲ အားလုံးကိုတိုင်းတာကြသလို အသင်းတွေအတွက်လည်း အမြတ်အစွန်းသာ အဓိက ကျတာဖြစ်ပါတယ်။ လောကဓံတရားဟာ အူဘာမီယန် ကို  ဒီဇင်ဘာလ ၁၄  ရက်နေ့က စလို့ နှုတ်ဆက် လိုက်ပါပြီ။

ဂရန်းနစ်ရှာခါရဲ့ ဆိုးရွားတဲ့အပြုအမူအလွန်မှာ အမ်မရီနဲ့ အသင်းသားတွေဟာ Voting စနစ်နဲ့အသင်းခေါင်းဆောင်ကိုရွေးချယ်ခဲ့ကြတယ်။ အဲ့ဒီနောက်တော့ အူဘာဟာ အသင်းခေါင်းဆောင် ဖြစ်လာခဲ့တယ်။ မဲပေးစနစ်နဲ့ရွေးခဲ့တာက ပြသနာမဟုတ်ပေမယ့်  ဆန်ကာတင် အသင်းခေါင်း‌ဆောင် စာရင်းမှာ သူပါနေခဲ့တာပြသနာပါ။ အကြောင်းကတော့ အူဘာ ဟာ သူ့ရဲ့သဘောသဘာဝအရကို အသင်းခေါင်းဆောင်မဆန်ပါဘူး။ ပျော်ပျော်နေတတ်တယ်။ အားလုံးနဲ့ခင်တယ်။ ချစ်ခင်မှုကိုရတယ်။ ဆာကာ ကို ငရုတ်သီးလေးဆိုတဲ့နာမည်ကလဲ သူပေးခဲ့တာပါ။ ဒါပေမယ့် အခုတော့ အားလုံးရဲ့ဝေးရာကို စတင်ထွက်ခွာ နေရပါပြီ။   

သူမပါနိုင်ပေမယ့် ရလဒ်ကောင်းတွေရအောင် ကျွန်တော်တို့ကစားနိုင်နေကြပါတယ်။  သူ့အတွက် စိတ်မကောင်းစရာအခိုက်အတန့်ဖြစ်နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးခေါင်းမဖော်နိုင်အောင်ပဲ အပြင်းအထန်ကြိုးစားနေကြတာပါ။  အူဘာက သိပ်သဘောကောင်းတဲ့သူပါ။ ကျွန်တော်တို့အားလုံးသူ့ကို သတိရနေကြပါတယ်။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ကိစ္စကတော့ သီးသန့်ဖြစ်ရပ်တစ်ခုပါ   လို့ နောက်ခံလူဘန်ဝှိုက် ပြောခဲ့ပါတယ်။

ဘန်ဝှိုက်ပြောခဲ့တာအရှိတရားပါပဲ။ အဖွဲ့အစည်းတစ်ခု ၊ အသင်းတစ်သင်းဟာ သူ့အစီအစဥ်နဲ့ သူလည်ပတ်နေရမှာပါပဲ။  အူဘာလူကောင်းဆိုတာအကုန်လုံးသိပါတယ်။ ရမ်းစ်ဒေးလ် လဲ တစ်ခါက ပြောဖူးပါတယ်။ အူဘာ ၊ ပေပေ ၊ လာကာဇက် တို့က တစ်ယောက်နဲ့တစ်ယောက် တွန်းလိုက် ထိုးလိုက် စလိုက် နောက်လိုက်နဲ့ အသင်းသားတွေကိုပျော်အောင်လုပ်ပေးနိုင်ကြတယ်လို့ ဆိုခဲ့တာပါ။ ဒါပေမယ့်  ကွင်းထဲမှာ ကစားတဲ့အခါ ဒီလိုအကျင့်စရိုက်တွေထက် ပိုပြီးလေးနက်တဲ့စွမ်းဆောင်ရည်တွေကို လိုအပ်လာ ပါတယ်။ အထူးသဖြင့် အသင်းခေါင်းဆောင်တစ်ယောက်ဆီကပါ။

အခုတော့ အူဘာမီယန်မပါဝင်ပဲ ပုံစံကောင်းရလာတယ်။ မာတင်နယ်လီကလည်း ဂိုးတွေသွင်းပြနေတယ်။ လာကာဇက်ကလည်းအသင်းခေါင်းဆောင်ပီသစွာ အလုပ်လုပ်နေတယ်။ အူဘာအတွက်တော့ သူမပါနိုင်တော့မှပဲ အသင်းကပုံစံကောင်းတွေဆက်တိုက်ရလာနေပါတယ်။ အခုဆိုရင် အဆင့် ၄ အတွင်း တောင်ဝင်နေခဲ့ပါပြီ။

ဝင်ကစားခွင့်မရတဲ့အချိန်မှာ  အသင်းက နိုင်ပွဲတွေဆက်နေတဲ့အပေါ် အူဘာမီယန် ဘယ်လိုခံစားနေရ နိုင်သလဲဆိုတာ   မေးမြန်းတဲ့အခါ အီယန်ရိုက် က အခုလိုပဲဖြေခဲ့ပါတယ်။   

ကျွန်တော်တို့သိထားတာက ဖြစ်စဥ်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ အစအဆုံးမသိတဲ့အခါ ပြောရခက်ပါတယ်။  ခင်ဗျားက မေးလို့ဖြေရရင်တော့ တိုက်စစ်မှုးတစ်ယောက်အနေနဲ့ သူမပါပဲနိုင်နေတဲ့အပေါ် ကသိကအောက်တော့ဖြစ်နိုင်ပါတယ်။ ကိုယ်မကစားချိန်မှာ ဂိုးတွေရနေ တာကတော့ သိပ်ပျော်စရာမဟုတ်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ နိုင်ပွဲတွေရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် သူလဲ ပါဝင်ချင်နေမှာဖြစ်လို့ပါပဲ    ဆိုပြီးဖြေသွားခဲ့ပါတယ်။

အူဘာမီယန်ကို စာချုပ်သစ်ချုပ်ဆိုလိုက်တုန်းကရိုက်နဲ့ အူဘာတို့ အတူတူပျော်ပျော်ရွင်ရွင်ရှိနေခဲ့တဲ့ပုံရိပ်ကို မျက်လုံးထဲအခုထိမြင်ယောင်နေကြဆဲဖြစ်မှာပါ။ အခုတော့ ရိုက်လဲ  မျက်နှာမသာမယာနဲ့ပါ။

Advertisements

တကယ်‌တော့ အူဘာမီယန်နဲ့ အာဆင်နယ် ဆက်နွယ်မှုက အကြီးကြီးပါပဲ ။ စံချိန်တွေ အများကြီးကိုကျော်ဖြတ်ခဲ့ပြီးတဲ့အပြင် နောက်ထပ် ဂိုးပေါင်း ၃၀ လောက်ထပ်သွင်းလိုက်ရင်ပဲ ထာဝရ ဂိုးသွင်းအများဆုံးစာရင်းမှာ အူဘာက  နံပါတ်တစ်ခုချိတ်နေပြီးသားပါ။ လက်ရှိစာချုပ် သက်တမ်းနဲ့ သူ့ကိုအသင်းက အားကိုးတဲ့အနေအထားအရ ကြိုးစားအားထုတ်မှုအနဲငယ်ထည့်လိုက်ရင် ဒါက မဖြစ်စရာမရှိပါဘူး။

ဒါပေမယ့် အူဘာဟာ အာရုံစူးစိုက်မှုနဲပါးတယ် ၊ ပင်နယ်တီတွေလွဲတယ်၊  ဖိဖိစီးစီး မကစားတဲ့အပြင် အခြား သူသွင်းတဲ့ဂိုးတွေကိုပါ ဝင်ဖျက်မိရက်သားဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ ပြင်းအားတစ်ခုရှိမနေတာပါ။  အခုတော့ သူက အသင်းအတွက်နောက်ဆုံးပွဲကစားထားခဲ့ပြီလားဆိုတာတောင် သံသယရှိစရာ ကောင်းပါတယ်။ နောက်ပြီးစည်းကမ်းတွေဖောက်ခဲ့တယ်။ အူဘာအတွက်တော့ ဘယ်သူမပြု မိမိမှုပါပဲ။

အူဘာမီယန်နဲ့ ဒေါ့မွန်အသင်းမှာ   ၂ ရာသီကြာလက်တွဲခဲ့ ဖူးတဲ့  ချဲလ်ဆီးနည်းပြတူချယ်က  အူဘာမီယန်တစ်ယောက် အသင်းခေါင်းဆောင် အဖြစ်က ဖယ်ရှားခံရ တဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဆိုပါတယ်။    

ကျွန်တော် အူဘာကို ဖုန်းခေါ်ပြီးစကားပြောဦးမှာပါ။ ထိုနည်းတူစွာပဲ သူစိတ်အနှောင့်အယှက် ဖြစ်မှာလဲစိုးရိမ်မိပါတယ်။ သူက ကျွန်တော့်အတွက် ဒေါ့မွန်မှာ အရမ်းအရေးပါခဲ့တဲ့ ကစားသမားပါ။ နောက်ပြီး ကျွန်တော်တို့ တော်တော်ရင်းနှီးပါတယ်။ အူဘာမီယန်ဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်သလို လူကောင်းတစ်ယောက်လဲဖြစ်ပါတယ်။ အခုဖြစ်သွားတဲ့ကိစ္စအပေါ် စိတ်မကောင်းဖြစ်မိပါတယ်၊ ဒါပေမယ့် ကျွန်တော့်အနေနဲ့ သူရော သူ့အသင်းအပေါ်ရော လေးစားသောအားဖြင့် အမှန်အမှား မှတ်ချက်တွေတော့ ပေးမှာမဟုတ်ပါဘူး   လို့ ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်ရဲ့အဆိုဟာ  အူဘာဟာခင်မင်ဖွယ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို ထပ်ပြီး သက်သေခံပေးလိုက်ပါတယ်။  အသင်းရဲ့    ဖျော်ဖြေရေး အစီအစဥ်တွေမှာ ပျော်ပျော်ရွင်ရွင်နဲ့ အမြဲ ပါဝင်တတ်တဲ့ အူဘာရဲ့ အရိပ်တွေဟာ ဘယ်လိုမှ ဖျောက်ဖျက်မရတော့ပါဘူး။ ဒါပေမယ့် အူဘာရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ ဘယ်သူမှမသိနိုင်သေးပါဘူး။

တကယ်လို့ရွေးချယ်လို့ရမယ်ဆိုရင်တော့   အူဘာတစ်ယောက်အမြင်မှန်ရရှိကာ ရှာခါလိုမျိုး  ပရိတ်သတ်ရင်ထဲ တကျော့ပြန်ဝင်ရောက်လာပြီး  အသင်းရဲ့ ထာဝရဂိုးသွင်းစာရင်းထဲ ဝင်နိုင်ဖို့  လိုအပ်တဲ့ဂိုး တွေကို  အာဆင်နယ်ဂျာစီနဲ့တူသွင်းယူနေတာကိုပဲမြင်ချင်မိပါတယ်။

Advertisements

Leave a Reply

%d bloggers like this: