ပုံစံကောင်းတွေပြန်ရနေတယ်ဆိုပေမယ့် ရာသီကုန်ရင် လာကာဇက်တစ်ယောက် အာဆင်နယ်က ထွက်ခွာသွားဖို့ပဲ ရွေးချယ်မယ်ထင်ရပါတယ်။ နွေရာသီမှာ ရေမြေသစ်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နဲ့ထွက်ခွာဖို့ကို ပြင်သစ်သားက ပိုအားသန်နေသလိုပါပဲ။ နောက်ဆုံးသတင်းအချို့အရ အာဆင်နယ်ရဲ့ ၁ နှစ်သက်တမ်းရှိစာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အန်ကတ်တီယာနဲ့ကလဲ ကမ်းလှမ်းလိုက် ၊ အငြင်းခံရလိုက်နဲ့ သံသရာလည်နေတဲ့အတွက် သူလည်းပဲ ထွက်ခွာသွားဖို့သာ အခွင့်အလမ်းများနေတာကြောင့် အာဆင်နယ်အသင်းအတွက် လစ်လပ်သွားတဲ့ တိုက်စစ်ကွက်လပ်ကို မဖြစ်မနေဖြည့်ရတော့မှာပါ။
Sky Sport ရဲ့ဖော်ပြချက်အရတော့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှုး မာရှယ်ဟာလည်း အသင်းကနေ ထွက်ခွာသွားဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် စပိန်ဖက်က ဆီဗီးလားရဲ့ မာရှယ် ရနေတဲ့ လစာတစ်ချို့တစ်ဝက်ကို ကျခံပြီး အငှားခေါ်ယူဖို့ ကြိုးပမ်းမှုကိုလည်း ယူနိက်တက်ဖက်က ပယ်ချလိုက်တယ် လို့ သိရပါတယ်။
ကစားသမားဟောင်းလဲဖြစ် ဘောလုံး သုံးသပ်သူလည်းဖြစ်တဲ့ နိုဝယ်ဝီလန်ကတော့ အသက် ၂၆ နှစ်အရွယ် မာရှယ်အနေနဲ့ အိုးထရက်ဖို့ဒ်ကနေ စွန့်ခွာဖြစ်တဲ့အခါ အမ်းမရိတ်ဆီသွားပြီး အာတီတာရဲ့ လူငယ်တွေနဲ့ပူးပေါင်းတာက နှစ်ဦးနှစ်ဖက် အကျိုးများနိုင်မယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။
‘’ သူ့မှာ ပရီးမီးယားလိဂ်မှာကစားဖို့ အရည်အသွေးတွေရှိနေတယ်လို့ ကျွန်တော်ထင်တယ်ဗျ “ လို့ Football Insider နဲ့တွေ့ဆုံစဥ်မှာ သူ့အမြင်ကို ပြောလာတာပါ။
ဆက်လက်ပြီး ဝီလန်ကပဲ
“ ကစားသမားတစ်ယောက်ကို အကဲဖြတ်တဲ့အခါ ခြေစွမ်းတွေ ၊ အရည်အသွေးတွေထက် သူတို့ရဲ့ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကို အရင်ဆုံးလေ့လာဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးလုပ်ရမယ့်အရာပါ။ မာရှယ်နဲ့ပတ်သတ်ပြီးတော့ ကိုယ့်ကိုယ်ကိုမေးရမယ့်မေးခွန်းကတော့ သူက အသင်းသစ် အပေါ် စိတ်သစ်လူသစ်နဲ့ အပြုသဘောဆောင်တဲ့စိတ်ထားမျိုး ထားနိုင်မလားဆိုတဲ့အချက်ပါပဲ “
“ ကျွန်တော်တို့ဟာ ဘောလုံးကစားချင်ရက်နဲ့ ကစားခွင့်မရတဲ့ ထိပ်တန်း ကစားသမားတစ်ယောက်ကို ပြီးခဲ့တဲ့ဘောလုံးရာသီတစ်လျှောက်မှာမြင်နေခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက်လည်း တော်တော်လေးကို မုန်တိုင်းထန်တဲ့အချိန်တစ်ခုကို ကြုံနေခဲ့ရတာပါ။ သူကလည်း အဲ့လိုအချိန်နဲ့ကွက်တိကြုံနေရတာကိုး … ကျွန်တော့်အထင်ကတော့ မာရှယ်လိုအပ်နေတာက သူပြန်လည်တောက်ပလာနိုင်မယ့်နေရာသစ်တစ်ခုပါပဲ .. သူက အခုထိငယ်ရွယ်သေးတယ်ဆိုတာ မမေ့ပါနဲ့ “
“ သူ့လိုကစားသမားမျိုးကိုခေါ်ယူစာချုပ်လိုက်တယ် ဆိုတာမျိုးက တကယ်ကို ပရီးမီးယားလိဂ်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်လာမှာသေချာပါတယ်။ အာဆင်နယ်ဟာ မာရှယ်ဆီကနေ အကျိုးအမြတ်တွေ ရနိုင်ပါတယ်။ ကျွန်တော့်အဖို့ကတော့ သူကစားတဲ့ပုံစံက လာကာဇက် နဲ့ ဆင်တူပါတယ် “ လို့ ထောက်ခံပြောကြားသွားခဲ့တာပါ။
မာရှယ်ဟာ ယူနိုက်တက်တို့အတွက် ၅ ရာသီမြောက်ကိုဖြတ်သန်းနေတာဖြစ်ပြီး ကစားသမား ဘဝတစ်လျှောက် ၅၆ ဂိုးသွင်းပေးထားနိုင်ပေမယ့် တစ်ရာသီပြီးတစ်ရာသီ ကစားခွင့်တွေနဲပါးလာနေပါပြီ။ အခြေအနေအားလုံးက သူ့အတွက်ရေသစ်မြေသစ်တစ်ခုကိုသွားဖို့ တိုက်တွန်းနေသလိုပါပဲ။
အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး သူ့ရဲ့ ကစားသမားဘဝကို ပြန်လည်တောက်ပလာအောင်လုပ်ဆောင်ဖို့ မာရှယ်အတွက်လိုအပ်နေသလို ၊ အာတီတာအနေနဲ့လဲ သူ့ရဲ့လူငယ်အသင်းထဲကို ပရီးမီးယားလိဂ်အတွေ့ အကြုံကောင်း တွေထပ်ဖြည့်ဖို့လိုအပ်နေပါတယ်။
တကယ်လို့ မာရှယ်ကို ၆ လလောက်အငှားခေါ်ပြီး အာဆင်နယ်အသင်းကစားပုံနဲ့ ကိုက်မကိုက်စမ်းကြည့်ပြီးမှ ၊ နွေရာသီမှာအပြီးသတ်ခေါ်ယူလိုက်မယ်ဆိုရင်ရော ခင်ဗျားတို့ဘယ်လို မြင်ကြလဲ။
Ref : Would Anthony Martial be the perfect Lacazette replacement?