ထိပ်ဆုံးကအသင်းကြီးတွေကို အကောင်းဆုံးယှဥ်ပြိုင်သွားဖို့ ရည်ရွယ်ထားပါတယ် – တီယာနေ

နောဝစ်ချ်ကို  ၅ ဂိုးပြတ်နိုင်တဲ့ပွဲမှာ  ကိုယ်တိုင်လည်းခြေစွမ်းပြဂိုးသွင်းခဲ့တဲ့ တီယာနေက အာဆင်နယ်အသင်းအနိုင်ရခဲ့တဲ့အကြောင်းနဲ့ ဘာကြောင့် ထိပ်ဆုံးက အသင်းကြီးတွေကိုခြောက်လှန့်နိုင်တော့မယ်လို့ ယုံကြည်ချက်တွေရှိနေတယ်ဆိုတာကို ပြောပြသွားခဲ့ပါတယ်။  ဂန်းနားတို့ဟာ နည်းပြအာတီတာရဲ့   ၂ နှစ်တာခရီးပြည့်မြောက်ချိန်  အဝေးကွင်းမှာ  ၅-၀ နဲ့အပြတ်အနိုင်ယူပြီး  အောင်ပွဲခံခဲ့ကြပါတယ်။

ပြိုင်ပွဲစုံမှာနိုင်ပွဲတွေဆက်နေတဲ့အာဆင်နယ်အသင်းဟာ လောလောဆယ်မှာတော့ ပွဲပိုတွေကစားထားပြီးအဆင့် ၄ နေရာမှာရောက်ရှိနေပါတယ်။ တနဂ်နွေ နိုင်ပွဲအပြီးမှာ တီယာနေက 

“ ထိပ်ဆုံးကအသင်းကြီးတွေကို အကောင်းဆုံးယှဥ်ပြိုင်သွားဖို့ ရည်ရွယ်ထားပါတယ်။ နေ့တိုင်းနေ့တိုင်းမှာ အကောင်းစုံပုံစံနဲ့ရှိနေချင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့တည်ဆောက်နေပါတယ်။  ပရိတ်သတ်တွေဟာ  ကျွန်တော်တို့ လွန်ခဲ့တဲ့လတွေကထက် ပိုကောင်းလာတယ်ဆိုတာကို သတိထားမိကြမယ် ထင်ပါတယ် “

“ ကျွန်တော်တို့က ပိုပြီးတည်ငြိမ်လာပါတယ်။  ဂိုးတွေလဲပိုသွင်းလာနိုင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကိုတော့ ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။  ကျွန်တော်တို့ဟာ အတူတကွချီတက်နေကြပါတယ်။  အသင်းသားအားလုံးဟာ ပျော်ပျော်ရွင်ရွင်နဲ့ဖြတ်သန်းနေကြတဲ့ အခြေအနေတစ်ခုမှာ တူတူရှိနေကြပါတယ် “

Advertisements

“ နော်ဝစ်ချ်နဲ့ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်။  ဂိုးသွင်းနိုင်တဲ့အချိန်တိုင်းမှာ ကျွန်တော်အရမ်းပျော်ပါတယ်။ ပထမပိုင်းမပြီးခင် ဒုတိယဂိုးထပ်သွင်းလိုက်နိုင်ဖို့ကလဲ အရေးကြီးပါတယ်။  ဒီဂိုးအတွက် ကျွန်တော်အပြင်းအထန်ကြိုးစားခဲ့တာပါ “ လို့ပြောခဲ့ပါတယ်။

တီယာနေဟာ ရာသီအစပွဲအချို့ကစားအပြီးမှာ ဒဏ်ရာရသွားခဲ့ပြီးနောက် ၊ သူ့နေရာဝင်ကစားတဲ့ တာဗာရက်စ်ရဲ့ခြေစွမ်းပြမှုတွေကြောင့်အရံခုံထိုင်ရပြီလားလို့တောင် ထင်ခဲ့ရသူပါ။   ဒါပေမယ့် အာတီတာ ပြန်အလှည့်ပေးတဲ့အချိန်မှာ အဖက်ဖက်က ကောင်းမွန်တဲ့ပုံစံနဲ့အတူ သူ့ရဲ့နေရာကိုခိုင်ခိုင်မာမာပြန်ယူနိုင်ခဲ့ပါတယ်။  တီယာနေဟာ ပရိတ်သတ်တွေက ကပ္ပတိန်လက်ပတ်နဲ့အတူမြင်ချင်တဲ့ ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။

အာတီတာရဲ့ပွဲပြီးပြောစကားတွေမှာလည်း  တီယာနေရဲ့ ဘယ်ဖက်ခြမ်းစွမ်းဆောင်ရည်ကိုကျေနပ်နေမှု ကပေါ်လွင်နေပါတယ်။

“ ကျွန်တော်တို့အသင်းက တစ်ကွင်းလုံးကို ဖိဖိစီးစီးကစားနေခဲ့တာပါ။  ဒါကတကယ့် ဥပမာကောင်းတစ်ခုပါပဲ။ ဒီနိုင်ပွဲက သိပ်ကိုကြီးကျယ်ခဲ့ပါတယ်။  အသင်းကလဲ ပုံစံကောင်းမှာရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတစ်ပွဲရဖို့က မလွယ်ပါဘူး “ လို့ဆိုခဲ့ပါတယ်။ အသင်းရဲ့ ကစားအားကို ချီးကျုးခြင်းမှာ တီယာနေရဲ့ အခန်းကဏ္ဏကို ထင်ဟပ်စေပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာကစားကြမယ့် ဝုဗာဟက်တမ် နဲ့ပွဲက ရွှေ့ဆိုင်းလိုက်ရတာကြောင့်   အနီးဆုံးပွဲဟာ ချန်ပီယံ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရဖို့ ဖြစ်သွားခဲ့ပါပြီ။ ရာသီအစပိုင်းတုန်းက  ၅ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့အသင်းကို ပြန်ရင်ဆိုင်တဲ့အခါမှာ  အာဆင်နယ်တို့ဘယ်လောက်ထိခြားနားတဲ့အသင်းသွားပြီလဲဆိုတာ မျက်ဝါးထင်ထင်မြင်ရတော့မှာဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: