အာဆင်နယ်ကွင်းလယ်လူဟောင်းဖြစ်သူ ပယ်ရီဂရုဗ်စ်က အသင်းရဲ့ လူငယ်ကစားသမားတွေ အကောင်းဆုံးပုံစံတစ်ခု ပြသနေနိုင်တာဟာ လာကာဇက်ကြောင့် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ပြင်သစ်သားကြီးရဲ့ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားမှုတွေကနေ အကျိုးအမြတ်အများဆုံး ရခဲ့တဲ့ ကစားသမားကတော့ မာတင်အိုဒီဂတ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အော်ဘာမီယန်းရဲ့ ကပ္ပတိန်လက်ပတ်ကို လွှဲပြောင်းရယူခဲ့တဲ့ လာကာဇက်တီဟာ ဆာကာ၊ အိုဒီဂတ်၊ မာတင်နယ်လီတို့နဲ့အတူ တိုက်စစ်မှာ အကောင်းဆုံး တွဲဖက်ကစားပြီး အသင်းအတွက် ဆက်တိုက်ဆိုသလို နိုင်ပွဲတွေကို ရှာဖွေပေးထားနိုင်ခဲ့ပါတယ်။
လာကာဇက် ဟာ ကွင်းလယ်အထိ ဆင်းပြီး အသင်းရဲ့ကစားကွက်ဖော်နိုင်အောင် ချိတ်ဆက်ကစားပေးနေတာ တွေ့ရပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် ကြိုးစားနေတဲ့ ကပ္ပတိန်ကြောင့် အသင်းရဲ့ တိုက်စစ်ဟာ သွင်းဂိုးတွေမြူးနေခဲ့တာဖြစ်ပါတယ်။ ရာသီကုန်မှာတော့ လာကာဇက်ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းရဲ့ ဘုတ်အဖွဲ့ဟာ စာချုပ်အသစ်ကမ်းလှမ်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
“ အိုဒီဂတ်နဲ့ ပတ်သက်ပြီး အစပိုင်းမှာ ကျွန်တော် စိတ်ပူခဲ့ရပါသေးတယ်။သူက သိပ်တော်တဲ့ လူငယ်တစ်ယောက်ဆိုတာ ငြင်းစရာမရှိပေမယ့် အစောပိုင်းပွဲစဉ်တွေမှာ သူရဲ့ခြေစွမ်းကောင်းကို ထင်ထင်ရှားရှား မြင်တွေ့ခွင့် မရခဲ့ပါဘူး။”
“အိုဇေးလ်ကစားခဲ့တာကို ကျွန်တော်တို့ကြည့်ခဲ့ရပြီးနောက် သူ့ရဲ့ ခြေစွမ်းအပေါ် ကျွန်တော်တို့ မချင့်မရဲဖြစ်ခဲ့ရပါတယ်။ အိုဒီဂတ်ကတော့ No.10 role ကို သူ့နည်းသူဟန်နဲ့ ကြိုးစား ကစားပြနေတာ ကျွန်တော်တို့ စတွေ့နေရပါပြီ။ သူဟာ ဘောလုံးကို ကိုင်ထားပြီး ဖန်တီးမှုတွေ ပြုလုပ်ဖို့ ကြိုးစားပါတယ်။လာကာဇက်နဲ့ တွဲဖက်ကစားရတာ သူ့အတွက် တကယ်ကို ကောင်းမွန်ပြီး တောင်ပံနှစ်ဖက်က ဆာကာ၊ မာတင်နယ်လီတို့ နဲ့ တွဲဖက်ဖို့ အိုဒီဂတ်အတွက် နေရာလွတ်တွေကို လာကာဇက် က ဖန်တီးပေးနေတာဖြစ်ပါတယ်” လို့ ပယ်ရီဂရုဗ်စ်က ဆိုပါတယ်။
အာဆင်နယ်အနေနဲ့ နိုင်ပွဲတွေ ဆက်တိုက်ရရှိနေပေမယ့် ချန်ပီယံလိဂ်၀င်ခွင့် တစ်နေရာအတွက် မန်ချက်စတာယူနိုက်တက်ရဲ့ တောင့်တင်းတဲ့လူစာရင်းကို ယှဉ်ပြိုင်ဖို့ အတော်လေး ခက်ခဲမယ်လို့ လည်း သူက ဆိုပါတယ်။
“သူတို့ အကူအညီလိုပါတယ်။အာဆင်နယ် ကစားခဲ့တဲ့ ပွဲစဉ်တွေကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ပြိုင်ဘက်က ဖိအားပေးနေတဲ့ အချိန်မှာ အကောင်းဆုံးပြန်မတုံ့ပြန်နိုင်တာကို တွေ့နေရပါသေးတယ်။သူတို့ ဒါကို ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့လိုပါတယ်”
“ဂိုးမပေးရသေးတဲ့ အချိန်မှာ ပြိုင်ဘက်က ပြင်းပြင်းထန်ထန် ဖိအားပေးတာကို ရင်ဆိုင်ရချိန်ဟာ ၁၀မိနစ်၊၁၅မိနစ်လောက် ကြာနိုင်ပါတယ်။ ဒီလို ဖိအားပေးခံရပြီဆို အသင်းက ပေးဂိုးတွေကို ခွင့်ပြုလိုက်ရတာကို မြင့်တွေ့နေရပါတယ်။”
“ဇန်နဝါရီအတွက် အသင်းဟာ အများကြီး အလုပ်လုပ်နေတာကို တွေ့ရပါတယ်။အာတီတာက သူရဲ့အသင်းအကြောင်းကို သူကောင်းကောင်းသိပါတယ်”လို့ အာဆင်နယ် ကစားသမားဟောင်းကြီးက ဆိုပါတယ်။