အာဆင်နယ်နဲ့ ပုံစံစုံပတ်သတ်ခဲ့ဖူးတဲ့ ဖရက်ဒီ ရဲ့အကြောင်း

ကြိုက်တဲ့ ပြည်တွင်းပြည်ပသတင်းကိုကြည့် ..  လူငယ်ကစားသမားတွေအကြောင်းနဲ့ အာဆင်နယ်ရဲ့ပြန်လာမှုတွေဆိုတာ အခုလပိုင်းတွေမှာ သတင်းဌာနတွေရဲ့ သဲခြေကြိုက်ဆောင်းပါးခေါင်းစဥ်ဖြစ်နေတော့တာပါပဲ။ ဒါပေမယ့် ဒီအသင်းကလူငယ်လေးတွေမှာလည်း ဇာတ်လမ်းကိုယ်စီနဲ့ပါ။   အကယ်ဒမီကို‌ရောက်လာ  ၊ အဆင့်ဆင့်ခြေစွမ်းပြ .. ပြီးရင်အသင်းကြီးကခေါ်မယ်  အဲ့ဒီလိုဇာတ်လမ်းမျိုး  ရိုးရိုးရှင်းရှင်းတော့မဟုတ်ပါဘူး။ သူတို့မှာလည်း ဖြစ်လာမှာမလား  .. မဖြစ်တော့ဘူးလား။  သူက ဒီလောက်ပဲလား  စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဒရာမာအသေးလေးတွေများစွာကို ဖြတ်သန်းပြီးမှ ဒီနေ့အဆင့်ရောက်ခဲ့တာပါပဲ။ ထားပါ .. ဒါက စကားဦးသမ်းတာ။  လူငယ်လို့ပြောလိုက်ရင် လက်ရှိ အတွေးထဲရောက်လာသူ ၂ ဦးရှိပါတယ်။ တစ်ဦးက   ကြက်ဖကြီး ယွန်းဘတ်  နဲ့   နောက်တစ်ဦးက မာတီဆက်ကာ  (အမှတ်မှားပြီးဖြစ်ဖြစ်  မေ့နေတာဖြစ်ဖြစ် ကျွန်တော်မသိထားတာဖြစ်လို့  မာတီဆက်ကာမှာ နာမည်ပြောင်ရှိရင် ပြောပြပါဦး) ..  ။ အဲ့ဒီနှစ်ယောက်ထဲက တစ်ယောက်ကတော့အသင်းမှာမရှိတော့ဘူး။

Gunners’ Side အတွက်   ကစားသမားဟောင်း  ကော်လံမှာ ဒီနေ့ထပ်တိုးမယ့်အကြောင်းကတော့ ကြက်ဖကြီးယွန်းဘတ်ပဲဖြစ်ပါတယ်။ သူ့ရဲ့  ဘောလုံးသမားဘဝကို လက်လှမ်းမှီသလောက်စုဆောင်းပြီး တင်ပြပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း  ပီရက်စ်အကြောင်းဆိုတော့ ဖတ်ရတာ ပိုပြီးဆက်စပ်မယ်ထင်ပါတယ်။  မာတီဆက်ကာ ကတော့နောက်အပတ်ပေါ့။

သူ့နာမည်က ကားလ် ဖရက်ဒရစ်  ယွန်းဘတ်။ ပီရက်စ်ထက်တော့ ၄ နှစ်ငယ်တယ်။ အခုဆောင်းပါးရေးနေတဲ့ အချိန်မှာသူက ၄၄ နှစ်ရှိပါပြီ။  ကစားသမားဘဝမှာ အသင်းပေါင်း ၈ သင်းမှာကစားခဲ့တယ်။ အာဆင်နယ်က ဒုတိယကလပ်။ ပြီးတော့အကြာဆုံးကစားခဲ့တဲ့ကလပ်လည်းဖြစ်တယ်။  အာဆင်နယ်နဲ့ သူနဲ့ကြားမှာ ဆက်နွယ်မှုအတော်ကြီးတယ်။ ကစားသမားဘဝ ၊ Ambassador ၊ လူငယ်အသင်းနည်းပြ ၊ အစားထိုးနည်းပြ စတဲ့ ရှေ့ထွက် .. နောက်တန်း နေရာအစုံမှာ လက်တွဲဖူးတယ်။ ဒီအကြောင်းလေးတွေကို ပြန်သွားကြည့်ကြပါစို့။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဖခင်နဲ့  အစိုးရဝန်ထမ်းမိခင်တို့ကနေ မွေးဖွားလာတဲ့ ယွန်းဘတ် အကြောင်းမှာတော့ ဘောလုံးသမားအများစုမှာလို ခက်ခဲပြီးရုန်းကန်ရတဲ့ဇာတ်လမ်းမျိုးမရှိခဲ့ပါဘူး။  ပညာရေးမှာလည်းအတိုင်းအတာတစ်ခုထိထူးချွန်တဲ့ ယွန်းဘတ်ဟာ အသက် ၁၈ နှစ်အရွယ်ထိ တက္ကသိုလ်ကျောင်းသားဘဝနဲ့ ဘောလုံးသမားဘဝကြားမှာ ဗျာများခဲ့ပြီး နောက်ပိုင်းမှာတော့ ဘောလုံးသမားဘဝကိုရွေးချယ်လိုက်ပါတယ်။ သူ့ရဲ့ ပညာရေးဘဝကတော့  နည်းပညာ နဲ့ စီးပွားရေးဘာသာရပ်တွေကို လေ့လာတဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

Advertisements

အာဆင်နယ်ကို ၁၉၉၈ ခုနှစ်မှာ ပေါင်  ၃ သန်းနဲ့ရောက်လာတယ်။ မရောက်ခင်တုန်းက  ဟန်းစတက်အသင်းမှာကစားနေတဲ့ ယွန်းဘတ်ကို တစ်နှစ်ကျော်ကြာ ဝင်းဂါးတို့ကစောင့်ကြည့်ခဲ့တယ်လို့သိရတယ်။  ဟမ်းစတတ်မှာ  ၅ ရာသီကစားပြီး ၁၁ ဂိုးသွင်းပေးနိုင်ခဲ့တယ်။  အဲ့ဒီနောက်မှာတော့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်ဖို့ ခရီးကိုလျှောက်ခဲ့တယ်ပဲဆိုရမှာပါ။

လျှင်မြန်ပြီး ပါးနပ်တဲ့ ကစားဟန်ဟာ ယွန်းဘတ်ရဲ့မူပိုင်ပါ။  ခြေအနှုတ်အသိမ်းမြန်တယ်။   တစ်ချက်ထိအမြန်ပေးကစားကွက်မှာ အဓိက ကျတဲ့  ဝင်ရိုးတစ်ခုဖြစ်တယ်။  ကောင်းလားမေးရင် ကောင်းတယ်လို့ ပြောနိုင်ပေမယ့် ဘာကောင်းလဲဆိုရင်တော့ ရုတ်တရက်ပြောရချက်ပါတယ်။ ဒါပေမယ့် ဝင်းဂါး ဟာ ယွန်းဘတ်ရဲ့အမြင့်ဆုံးတန်ဖိုးတွေကိုရှာဖွေနိုင်ခဲ့တယ်။

ကြက်ဖကြီးက အာဆင်နယ်အသင်းအတွက် ၉ ရာသီကစားခဲ့တယ်။ ပွဲအရေအတွက်ကတော့  ၃၂၅ ပွဲ ၊ ဂိုးပေါင်း ၇၂ ဂိုးသွင်းပေးနိုင်ခဲ့တယ်။ ရှုံးပွဲမရှိချန်ပီယံ The Invincible   အသင်းရဲ့ ကစားသမားတစ်ဦးလဲဖြစ်ပါတယ်။ ဒါတွေက အထုပ္ပတ္တိဆောင်းပါး ဖြစ်လို့သာရေးနေရတာပါ။ စာဖတ်သူ အားလုံးသိပြီးသားအကြောင်းအရာတွေဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ ၉ နှစ်တာပြီးတဲ့နောက်မှာ ဝက်စ်ဟမ်းအသင်းဆီကိုပြောင်းပါတယ်။ အဲ့ဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ မေဂျာလိဂ်မှာ နှစ်အတန်ကြာကစားခဲ့ပါတယ်။ ၂၀၁၄ မှာတော့ အသင်းဖော်ဟောင်း ပီရက်စ်လိုပဲ  အိန္ဒိယမှာ သွားကစားခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၉၅၉ ပွဲကစားပြီး  ၁၀၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကစားသမာဘဝ မှာထူးခြားတဲ့ ကိစ္စတစ်ခုကတော့  နိုင်ငံအသင်းဖော်  မဲဘတ် နဲ့ မတည့်တဲ့ကိစ္စပဲဖြစ်ပါတယ်။လေ့ကျင့်ရေးကွင်းမှာ နပန်းထလုံးကြတဲ့အထိကို  ပြသနာရှိဖူးကြတာပါ။

Advertisements

၂၀၁၃ ခုနှစ်မှာ အာဆင်နယ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ Ambassador  ဖြစ်လာခဲ့တယ်။ အသင်းရဲ့ပုံရိပ်ကိုမြှင့်တင်ဖို့  ဂန္တဝင်ကစားသမားတစ်ယောက်အဖြစ် အာဆင်နယ် ကို ကိုယ်စားပြုခဲ့တယ်။  ၂၀၁၆ မှာတော့ U-15 လူငယ်  ရဲ့နည်းပြဖြစ်လာခဲ့တယ်။  ၂၀၁၈ မှာတော့ U-23 လူငယ်အသင်းနည်းပြဖြစ်လာခဲ့ပြီး  အူနိုင်းအမ်မရီထုတ်ပယ်ခံရချိန်မှာ  အစားထိုးနည်းပြချုပ်ဖြစ်လာခဲ့ပါတယ်။  ၁ ပွဲနိုင်  ၃ ပွဲသရေ  ၂ ပွဲရှုံးရလဒ်ကို စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အာတီတာ ရောက်လာတဲ့အခါမှာ အသင်းရဲ့လက်ထောက်နည်းပြအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့ အာတီတာရဲ့နည်းပြအဖွဲ့အပြောင်းအလဲတွေနဲ့အတူ ယွန်းဘတ်ဟာ အသင်းကြီးနည်းပြဖြစ်လာဖို့ခရီးဆက်လျှောက်လိုတာကြောင့် အာဆင်နယ်ကို စွန့်ခွာသွားခဲ့ပါတယ်။

အခုခြေစွမ်းပြနေတဲ့ ကစားသမားလေးတွေဟာ ယွန်းဘတ်နဲ့အကုန်ထိတွေ့ဖူးသူတွေချည်းပါပဲ။ ဒီတော့ အာဆင်နယ် ဂန္တဝင်တစ်ယောက်ဟာ တစ်နေရာရာကနေ  ကြည့်ပြီးကြည်နူးနေမှာအသေအချာပါပဲ။ အသီးအပွင့်တွေကိုမြင်ရချိန်မှာ ပျိုးထောင်သူကိုလဲမေ့ထားလို့မရပါဘူး။

နောက်ထပ် အကြောင်းအရာတစ်ခုကိုပြောရရင် ၂၀၁၄ ခုနှစ်တုန်းက ယွန်းဘတ် တစ်ယောက်မြန်မာပြည်ကို လာရောက်ခဲ့ဖူးပါတယ်။  နိုင်ငံတကာ Brand  တစ်ခုရဲ့   Promotion အစီအစဥ်နဲ့အတူဖြစ်ပါတယ်။  တိုးတက်ပြီး ကမ္ဘာကြီးနဲ့ချိတ်ဆက်ထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာတဲ့အချိန်မှာတော့ ဒီလိုပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ ထပ်ပြီးမြင်ရဖို့ရှိပါတယ်။ အခုလက်ရှိအနေအထားတွေနဲ့ကတော့ မျှော်လင့်ချက်တွေဟာ ဝေးလို့နေပါသေးတယ်။ ဒီအပိုဒ်ကြောင့် စိတ်ထဲအနဲငယ်မွန်းကျပ်သွားရင်တော့ စိတ်မရှိဖို့ပြောပါရစေ။   

ရုပ်ချောတဲ့ကြက်ဖကြီးဟာ ဘောလုံးသမားဘဝက နားတဲ့အခါ  ကမ္ဘာကျော်  Nike ၊  Calvin Klein  တို့လို   Brand တွေရဲ့  Ambassador  လည်းဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ပဲ ဒီစာလေးကို ရပ်လိုက်ပါရစေ။ သူ့ကို Man Manager Model လို့တောင် တင်စားရေးသားကြပါတယ်။

Advertisement

Leave a Reply

%d bloggers like this: