ဂါဗင်ဟို
သူကအကောင်းဆုံးဥပမာတစ်ခုပါပဲ။ အိုင်ဗရီကို့စ်တိုက်စစ်မှုးဟာ အာဆင်နယ်ကို ၂၀၁၁ ခုနှစ်မှာ ပြောင်းလာခဲ့ပြီး နည်းပြကြီး ဝင်းဂါးရဲ့မျှော်လင့်ချက်တွေကို ထမ်းပိုးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် နာဆရီနေရာကိုလူစားထိုးဖို့ရည်ရွယ်ခဲ့တဲ့ ဂါဗင်ဟို ဟာ မှားယွင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ပွဲပေါင်း ၄၆ ပွဲကစားပေးခဲ့ပြီး ၉ ဂိုးသွင်းပေးခဲ့တယ်ဆိုတာ မျှော်လင့်ထားတာတွေနဲ့တော့ လွဲချော်ခဲ့တဲ့ သက်သေပါပဲ။ ဒီလိုနဲ့ ဂါဗင်ဟိုတစ်ယောက် ပေါင် ၁၀.၈ သန်းနဲ့အသင်းကိုရောက်လာခဲ့ပြီး ၂ နှစ်အကြာမှာ ရိုးမားအသင်းဆီကိုပြောင်းသွားခဲ့ပါတယ်။
ဖရန်စစ်ဂျက်ဖား
၂၀၀၁ ခုနှစ်မှာ အပြာရောင်အသင်းကို စွန့်ခွာပြီး လန်ဒန်သားတစ်ယောက်ဖြစ်လာတဲ့ ဂျက်ဖားဟာ ဝင်းဂါးရဲ့ လျှိ့ဝှက်လက်နက်လို့တင်စားခံခဲ့ရသူပါ။ သူဟာလည်းပဲ မျှော်လင့်ချက်တွေနဲ့လွဲခဲ့သူတစ်ယောက်ပါပဲ။ Fox In The Box ဆိုတဲ့ နာမည်ကလဲ ဟိုက်ဘာရီမှာသိပ်မကြားလိုက်ရပါဘူး။ ဂျက်ဖားဟာ အာဆင်နယ်ကစားသမားဘဝတစ်လျှောက်မှာ ၈ ဂိုးပဲသွင်းပေးနိုင်ခဲ့ပြီးတဲ့နောက် ချာတန် ကိုရောင်းချခံခဲ့ရပါတယ်။
အဲလ်ဘတ်တို မန်ဒက်စ်
၁၉၉၇ ခုနှစ်မှာ ပီတစ် ၊ အနဲကာ ၊ အိုဗာမားစ် နဲ့ မန်ဒက်စ်တို့ အာဆင်နယ်ကိုရောက်လာကြပါတယ်။ နာမည် ၄ ခုအနက် ၃ ခုကတော့ အာဆင်နယ်ပရိတ်သတ်တွေရဲ့ရင်ထဲကို ထာဝရရောက်ရှိသွားခဲ့ကြပါတယ်။ ဒါပေမယ် မန်ဒက်စ်တစ်ယောက်ကတော့ မတူညီတဲ့လမ်းကြောင်းဆီရောက်သွားခဲ့ရပါတယ်။ ၁၁ ပွဲသာကစားခဲ့ရပြီး ၁ ဂိုးသွင်းပေးခဲ့တာ အာဆင်နယ်နဲ့ သူ့ကြားက ပတ်သတ်မှုပါပဲ။

လူးကပ်ပီရက်စ်
အာဆင်နယ်မလာခင် ဒီပို့တီပိုနဲ့နောက်ဆုံးကစားစဥ်မှာ တစ်ရာသီလုံးမှာ ၁၇ ဂိုးသွင်းပေးနိုင်ခဲ့ပြီး တန်းဆင်းဇုန်က လွတ်အောင်ရုန်းသွားနိုင်ခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်တွေက အာဆင်နယ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထင်သလိုတော့ဆက်ဖြစ်မလာခဲ့ပါဘူး။ ပီရက်စ်ဟာ ၁၁ ပွဲကစား ၁ ဂိုးသွင်းပြီးတဲ့နောက်မှာ ဒီပို့တီပို ကိုပဲ ပြန်အငှားချခဲ့ရပြီး ၊ နောက်ပိုင်းမှာ ဝက်စ်ဟမ်းကို ရောင်းလိုက်ရပါတော့တယ်။
အိုဇေးလ်
ဒီစာရင်းကိုပြုစုဖို့အတွက် အိုဇေးကို ချန်ခဲ့ဖို့တော့မဖြစ်နိုင်ပါဘူး။ မက်ဒရစ်မှာ အောင်မြင်တဲ့ ၃ ရာသီအပြီးမှာ အိုဇေးဟာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ လန်ဒန်ဆီရောက်လာခဲ့ပါတယ်။ အပြောင်းအရွှေ့ပိတ်ခါနီး နာရီပိုင်းအလိုမှာပေါ့။ အိုဇေးဟာ အခြားကစားသမားတွေလို ချက်ချင်းကျဆုံးသူတော့မဟုတ်ပါဘူး၊၊ ဂျာမန်သားဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုအကြာကြီးပြသနိုင်ခဲ့သလို စာချုပ်သစ်တောင်တိုးခဲ့ပါသေးတယ်။ ဒါပေမယ့် စာချုပ်အလွန်မှာတော့အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ရာသီမှာဆိုရင် လူစာရင်းကနေတောင် ချန်လှပ်ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် အသင်းကတော့ သူ့ရဲ့လစာငွေဖြစ်တဲ့ တစ်ပတ် ပေါင် ၃၅၀၀၀၀ ကို တောက်လျှောက်ပေးချေခဲ့ရတာပါ။
ဒီစာရင်းမှာ ပတ်ချူယောင် ၊ မစ်ခီတာရီယန် နဲ့ အင်ဒရီ ဆန်းတို့စ်တို့ကို ပါထပ်ထည့်ချင်ရင် ထည့်လို့ရသေးတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် အခုကစားသမားတွေနဲ့တင် အာဆင်နယ်တို့ ကြုံခဲ့ရတဲ့အမှားတွေကိုပြောပြဖို့လုံလောက်ပြီလို့ ယူဆရမှာပါပဲ။