အာဆင်နယ်နဲ့ နောက်ဆုံးသတင်းထွက်လာတဲ့ ကွင်းလယ်လူ ဆဗင်ဘာ့ချ်

နည်းစနစ် ဒါရိုက်တာ အီဒူးက ဘိုလော့နာရဲ့    မာတီးယပ်စ် ဆဗင်ဘာ့ချ် ကိုခေါ်ယူချင်နေတယ်လို့ Express UK   ကဖော်ပြလာပြန်ပါတယ်။ အမ်းမရိတ်ဆီကို ဘယ်ကစားသမားရောက်လာမလဲဆိုတဲ့ သတင်းခေါင်းစဥ်တွေဟာ  တစ်ယောက်ယောက်ရောက်မလာမခြင်း ပြီးမယ့်ဇာတ်လမ်းမဟုတ်။  တိုက်စစ်မှုးများစွာနဲ့ အသံထွက်ရာကနေ အခုတော့ ကွင်းလယ်လူတွေနဲ့ ခေါင်းကြီးပိုင်းကိုရောက်လာပြန်ပါတယ်။  သောမတ်စ် ပါတေး ၊ အယ်နီနီတို့ အာဖရိကဖလားပွဲသွားမယ့် ကိစ္စက ကွင်းလယ်ကစားသမားပေါင်းစုံနဲ့ အာဆင်နယ်ကို ဇာတ်လမ်းဆင်ဖို့အတွက် တွန်းအားပေးနေပါတယ်။

အာဆင်နယ်မှာ ရှာခါနဲ့ လိုကွန်ဂါ ကျန်နေခဲ့ပေမယ့် အရံအင်အားမရှိတာ သိသိသာသာကြီးမို့ ကွင်းလယ်လူလိုအပ်တာက မြင်သာလွန်းတဲ့ ပြသနာကြီးတစ်ခုပါပဲ။  မဖြစ်နေထုတ်ပြရမယ်ဆိုရင်  မိတ်လန်းနိုင်းစ် ရှိနေပေမယ့် ဒါက အလုံးစုံ အားကိုးလို့ရတဲ့အရာမဟုတ်သေးပါဘူး။  ဒီလိုနဲ့ ဆဗင်ဘာ့ချ် နဲ့အသံထွက်လာတော့တာပါပဲ။  အသက် ၂၂ ပဲရှိသေးပေမယ့် စီနီယာအဆင့်မှာ ပွဲပေါင်း ၁၅၀ ကျော်ခဲ့ပြီဖြစ်တဲ့ ဆွီဒင်သားဟာ  တိုမီယာစုနဲ့ အကျိုးပေးသွားတဲ့ ဘိုလော့နာ ဇာတ်လမ်းလိုမျိုးနောက်တစ်ခုအတွက် အီဒူးတို့မျက်စေ့ကျလာပြန်ပါတယ်။  ကစားသမားဟာ စာချုပ်သက်တမ်းကလဲ ၂၀၂၃ အထိပဲမို့  စျေးနှုန်းကတော့ ဂန်းနားတို့အကြိုက်ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဆဗင်ဘာ့ချ်ဆိုတာကလည်း ကစားသမားအသစ်တော့မဟုတ် ၊ ဂန်းနားတို့ စောင့်ကြည့်ခဲ့တဲ့ စာရင်းတွေထဲက ကစားသမားတစ်ယောက်သာဖြစ်ပါတယ်။

Advertisements

ဒီတော့ ရှာခါနဲ့  နောက်ဆုံးသတင်းထွက်လာတဲ့ ဆဗင်ဘာ့ချ်ကို ခပ်သွက်သွက် နှိုင်းယှဥ်ကြည့်တဲ့အခါ  Final Third Zone မှာတော့  ဆဗင်ဘာ့ချ်က သာလွန်ပြီး  ကျန်နေရာတွေမှာတော့ ဆွစ်ဇာလန်သားကပိုမိုသာလွန်နေပါတယ်။  တကယ်လို့  အာဆင်နယ်က ရှာခါကို  Deep Lying Role  အဖြစ်ထားပြီး ဆဗင်ဘာ့ချ်ကို   No 8 ထက်ပိုပြီး တိုက်စစ်ကိုအာရုံစိုက်စေမယ်ဆိုရင်တော့  အချိုးအစားမျှတာတဲ့ ကွင်းလယ်ဟန်ချက်ကိုဖြစ်ပေါ်စေမှာပါ။

ခံစစ်ကို အားသန်ခြင်းမျိုးမရှိတဲ့အချက်ကိုဖယ်လိုက်ရင်  ဒီဆွီဒင်လူငယ်ဟာ အာဆင်နယ်ကွင်းလယ်ကို ပိုမိုကောင်းမွန်စေမှာကတော့ သေချာပါတယ်။  အသက်အရွယ်အရလည်း  အာဆင်နယ်တို့သွားနေတဲ့လမ်းကြောင်းနဲ့ ကွက်တိဖြစ်နေတာကိုတွေ့ရပြန်ပါတယ်။

ပြောင်းရွှေ့ကြေးကလည်း အာဆင်နယ်တို့ ခေါ်ယူနေကျ ပမာဏပဲမို့  ဘိုလော့နာနဲ့ လန်ဒန်သားတို့ကြားနောက်ထပ် သဘောတူညီချက်တစ်ခုဖြစ်လာကြောင်းဖြစ်လာနိုင်ပါတယ်။  လောလောလတ်လတ်လဲ ဂျပန်သားကြီးနဲ့ အကျိုးပေးထားတာပဲမဟုတ်လား။ ဒါပေမယ့်လည်း  စက်တင်ဘာလလောက်က စပြီး ကစားသမားပေါင်းစုံနဲ့   နာမည်ထွက်နေတဲ့ အာဆင်နယ်တို့အဖို့ ဒီတစ်ယောက်ကရော တကယ်ခေါ်ယူဖြစ်ဖို့လား ၊ ဒါမှမဟုတ် တဖြေးဖြေးမှေးမှိန်သွားမယ့် သတင်းလားဆိုတာကပြောရခက်လွန်းလှပါတယ်။

ဒါပေမယ့် ဘိုလော့နာနဲ့အတူ လေးရာသီမြောက်ဖြတ်သန်းရင်း  ၉ ဂိုးသွင်းပေးထားတဲ့ကွင်းလယ်ကစားသမားလေးဟာ အာဆင်နယ်ကွင်းလယ်မှာ စိတ်ကူးနဲ့မှန်းကြည့်ဖို့အတွက် သိပ်ကောင်းနေပါတယ်။ လက်ရွေးစင်အသင်းကြီးနဲ့လည်း ၁၆ ကြိမ်ပွဲထွက်ထားတဲ့ ဆွီဒင်သားလေး တကယ်ရောက်လာဖို့အတွက်တော့ ပရိတ်သတ်တွေအနေနဲ့မျှော်လင့်သင့်တယ်လို့ ထင်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: