ရှုံးပွဲမရှိအသင်းရဲ့  ကျောနံပါတ် ၇

ခြေစွမ်းပြနေတဲ့လူငယ်လေး စမစ်ရိုးကို ပီရက်စ်နဲ့ကစားဟန်ဆင်တယ် ၊ ပီရက်စ်လက်သစ်လို့ ညွန်းဆိုကြတယ်။ ဒီတော့ Gunners’ Side ရဲ့ကစားသမားဟောင်း ကော်လံအတွက် ဘယ်သူ့အကြောင်းရေးရမလဲတွေးနေတဲ့ ကျွန်တော့်အတွက် ရောဘတ်ပီရက်စ်အကြောင်းရေးဖို့ဖြစ်လာပါတယ်။  အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိအသင်းသား  တစ်ယောက်ဖြစ်တဲ့ပီရက်စ်အကြောင်းကိုပြန်ပြီး သွားကြရအောင်။

ရောဘတ်အီမန်နူယယ် ပီရက်စ်ဘောလုံးကစားချိန်မှာ စာဖတ်သူအများစုက မူလတန်းတက်ဖို့ပြင်ဆင်ကြတုန်းအရွယ် ၊ ဒါမှမဟုတ် အဲ့ဒီပတ်ချာလည်ပါပဲ။  ပြင်သစ်ကလပ် မိန့်ဇ်နဲ့အတူဘဝကို စတင်ခဲ့တယ်။ သူ့ရဲ့ပထမဆုံးပွဲက  အင်အားကြီးကလပ်လိုင်ယွန်အသင်းနဲ့ပွဲ။ ၁၉၉၃ ခုနှစ်ကစပြီး  ၁၉၉၈ ခုနှစ်အထိ ၆ နှစ်တာကာလမှာ  ပွဲပေါင်း ၁၉၅  ပွဲကစားပြီး ၄၇ ဂိုးသွင်းပေးနိုင်ခဲ့တယ်။ အဲ့ဒီနောက်ပေါင် ၅ သန်းနဲ့ မာဆေးအသင်းကိုပြောင်းတယ်။  ၂ ရာသီကြာခဲ့တယ်။ မာဆေးအသင်းကနေ နည်းပြကြီးဝင်းဂါးရဲ့ခေါ်ယူမှုနဲ့  အာဆင်နယ်ကိုရောက်တယ်။ ကျွန်တော်တို့အားလုံးသိတဲ့ ပီရက်စ်ရဲ့ ကစားသမားဘဝအချိန်တွေကိုရောက်ရှိခဲ့တာပါ။

ဘယ်တောင်ပံမှာကစားတယ်၊ သွင်းဂိုးတွေရော ပံ့ပိုးမှုတွေရောလုပ်နိုင်တဲ့ကစားသမားဆိုတော့ အလိမ်အလှဲ့တွေ ၊ ကန်ချက်ပြင်းတွေရှိမယ်လို့ ယျေဘူယျတွက်ဆနိုင်ပါတယ်။ ဒါပေမယ့် ပီရက်စ် ရဲ့ကစားပုံက ရိုးရှင်းပါတယ်။ တစ်ဦးခြင်းကျော်ဖြတ်မှုတွေရှိနေပေမယ့်  စွမ်းရည်ပြတာမျိုးတွေထက် လိုအပ်တဲ့ အယိမ်းအနွဲ့နဲ့  ကျော်ဖြတ်မှုတွေကိုပဲ လိုသလောက်ပြုလုပ်တတ်သူဖြစ်ပါတယ်။ ဘီးကုပ်အစပ်ကနေ ဂိုးတွေသွင်းယူတတ်တယ်။ တိုက်စစ်မှုးအွန်နရီနဲ့အတူ တွဲလုံးတွေပြုလုပ်ပြီးထိုးဖောက်တယ်။ ဒါကြောင့် ရိုးရိုးရှင်းရှင်းနဲ့ကောင်းနေတဲ့စမစ်ရိုး ကို သူနဲ့ ခိုင်းနှိုင်းတာဖြစ်ပါလိမ့်မယ်။

အာဆင်နယ်နဲ့ ၆ ရာသီကစားပြီး  ဂိုးပေါင်း ၈၇ ဂိုးသွင်းယူပေးနိုင်ခဲ့တယ်။ ပီရက်စ်ရဲ့ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးအချိန်တွေပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းကနေ  ဘာစီလိုနာကို ပေါင် ၂၅ သန်းနဲ့ထွက်ခွာသွားတဲ့ အိုဗားမားစ်ရဲ့နေရာကို ဝင်းဂါးက သူနဲ့အစားထိုးခဲ့တယ်။ အာဆင်နယ်က ပီရက်စ်ကိုခေါ်ယူချိန်မှာ  ဂျူဗင်တပ်စ် ၊ ရီးရဲတို့နဲ့အပြိုင်လုခဲ့ရတာပါ။  အာဆင်နယ်ရောက်ရောက်ခြင်းတော့ သူအဆင်မပြေခဲ့ပါဘူး။ ဝေဖန်မှုပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ရပြီး ၊  ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့လိုတဲ့ ပရီးမီးယားလိဂ်မှာ သူမအောင်မြင်နိုင်ဘူးလို့ ဆိုခဲ့ကြတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ အံဝင်လာခဲ့ပြီးနောက် ပွဲဦးထွက်ရာသီမှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့တယ်။  အဲ့ဒီကစလို့ နောက်ဆုံးကစားခဲ့တဲ့    ၂၀၀၅-၂၀၀၆ ရာသီအထိ တစ်ရာသီကို ၁၀ ဂိုးနဲ့   ဂိုး ၂၀ ကြားပုံမှန်သွင်းပေးနိုင်ခဲ့ပြီး အသင်းရဲ့ သမိုင်းဝင်အခိုက်အတန့်တွေမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်။

Advertisements

အာဆင်နယ်အသင်းနဲ့လမ်းခွဲပြီးတဲ့နောက် ဗီလာရီးရဲ ၊ အက်စတန်ဗီလာနဲ့  အိမ်နီးချင်း အိန္ဒိယနိုင်ငံအထိ လာရောက်ကစားခဲ့ပါတယ်။ ဗီလာရီးရဲအသင်းနဲ့ကစားစဥ်မှာ အာဆင်နယ်နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါသေးတယ်။ နောက်ပြီး အခုလက်ရှိ အာဆင်နယ်မှာ ကြံ့ခိုင်မှုအတွက် ဂျက်ဝီရှိုင်းယား လာရောက်လေ့ကျင့်သလိုပဲ  အက်စတန်ဗီလာအသင်းကိုမပြောင်းခင် ကိုနေးကွင်းမှာ အသင်းနဲ့အတူတူလာကစားခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့  ပြင်သစ်နည်းပြ ဟူလီယေးရဲ့ခေါ်ယူမှုနဲ့အတူ ဗီလာအသင်းကိုရောက်သွားခဲ့ပါတယ်။ ဗီလာမှာ သူ့အရွယ် သူ့အတိုင်းအတာနဲ့ လုပ်နိုင်သလောက်လုပ်ပြပြီးနောက် ကာလတစ်ခုထိဆက်နေချင်ခဲ့ပေမယ့် ပီရက်စ် ကံမကောင်းခဲ့ပါဘူး။ စာချုပ်သစ်ဖြစ်မလာခဲ့။

အဲ့ဒီနောက်မှာ အမှတ်တရပွဲလေးတွေ ဟိုဟိုဒီဒီကစားတာကလွဲလို့ အခြားပရိုအဆင့်ကစားတာမျိုးတော့မရှိတော့ပါဘူး။ ၂၀၁၄ ခုနှစ်မှာ အိန္ဒိယလိဂ် မှာသွားကစားပေးခဲ့တယ်။ အဲ့ဒီအချိန်က အိန္ဒိယမှာ  လိဂ်ပြိုင်ပွဲစတင်တဲ့အချိန် .. အသင်းတောင် ရှစ်သင်းပဲရှိသေးတယ်။ ပီရက်စ်က  ဂိုအာအသင်းအတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။

ကျွန်တော့်မှာ အမေရိကန်နဲ့ ကာတာက ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် စီမံကိန်းအသစ်တစ်ခုရဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်ရတာ သိပ်ကောင်းပါတယ်။ အရေးကြီးတဲ့ လုပ်ငန်းစဥ်တစ်ခုလို့လဲ ယုံကြည်ပါတယ်။  အိန္ဒိယက အသစ်တစ်ခုစတင်တယ်။ ဒီအတွက် ကျွန်တော်ပင်ပင်ပန်းပန်းပြင်ဆင်ရတယ်။ အာဆင်နယ်နဲ့အတူလဲ လေ့ကျင့်ရေးဆင်းခဲ့တယ်။ ဝင်းဂါးက ကျွန်တော့်ကို  “ မင်းစိတ်အားထက်သန်နေရင် လုပ်သာလုပ် “ ဆိုပြီးပြောခဲ့ပါတယ်။ အိန္ဒိယမှာ ကြိုဆိုကြတာက အံ့သြစရာကြီးပါဗျာ ..    အဲ့ဒီလိုကြိုဆိုကြတဲ့အတွက်ရော ၊   အစားအသောက်ကောင်းကောင်းတွေအတွက်ပါကျေးဇူးတင်ပါတယ်   လို့ သူက ဆိုခဲ့ပါတယ်။

၁၉၉၃ ခုနှစ်ကနေ စတင်ခဲ့တဲ့ ပီရက်စ်ရဲ့ ခရီးရှည်ဟာ  ၂၀၁၄ ခုနှစ်မှာတော့ ဆုံးခန်းတိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့ လည်း  ကမ္ဘာ့ဖလား ၊ ဥရောပဖလားတွေရယူထားနိုင်တဲ့ ပီရက်စ်ရဲ့ ကစားသမားဘဝက ခန်းနားမှုအပြည့်နဲ့ပါ။  ပွဲပေါင်း ၇၉၉ ပွဲကစားပြီး   ၁၇၉ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကလဲ ကိန်းဂဏန်းအရတင်မကဘူး .. အနှစ်သာရအားဖြင့်ပါပြည့်ဝလှပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: