ပိုကောင်းလာပြီဆိုတာထက် အရှိန်ရလာတယ်ဆိုရင် ပိုမှန်မယ့် အာဆင်နယ်ခြေစွမ်း (ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ်တို့ကတော့ နောက်ထပ်ဂိုးပြတ်နိုင်ပွဲတစ်ပွဲနဲ့ အတူ ဖလားတစ်လုံးရရှိရေးအတွက်ခြေတစ်လှမ်းထပ်နီးသွားခဲ့ပြန်ပါပြီ။ ဒါဟာ လွယ်ကူတဲ့ပြိုင်ဖက်ကိုကျော်ဖြတ်ခြင်းလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် အာတီတာအတွက် အမြတ်ထွက်ခဲ့တာက‌တော့  အရံကစားသမားတွေရဲ့ ခြေစွမ်း ၊ လူငယ်တွေရဲ့ နောက်ထပ်အလားအလာသစ်နဲ့  သူသိပ်ကြိုက်နေတဲ့ တိုက်စစ်မှုးရဲ့ ဟက်ထရစ်ကို မြင်လိုက်ရတာပဲဖြစ်ပါတယ်။  ဟေးလ်အန်းသား နေရာမှာ ဟေးလ် အန်းသားက လူစားဝင်ပြီး ဂိုးသွင်း ၊ အဲ့ဒီနောက် ဟေးလ်အန်းသားတစ်ယောက်ရဲ့ ပထမဆုံး စီနီယာအဆင့် ဟက်ထရစ်ကို မြင်ရ .. အားလုံးကတော့ အာတီတာအကြိုက်တွေချည်းပါပဲ။

တဖက်မှာလည်း ဆန်းဒါးလန်းလိုအသင်းနဲ့ ရင်ဆိုင်ရစဥ်မှာ  ၊ ပထမအသင်းက ကစားသမားတွေလည်းပါနေရက်နဲ့  အဖိခံရတဲ့အခိုက်အတန့်တွေက စိုးရိမ်စရာဖြစ်ပါတယ်။ ကိန်းဂဏန်းတွေအရဆိုရင်  အန္တရာယ်ရှိတဲ့တိုက်စစ်ဆင်မှုမှာ အာဆင်နယ်က   ၅၁ ကြိမ် ၊ ဆန်ဒါးလန်းတို့က အကြိမ် ၄၀ ဖြစ်ပါတယ်။ ဒါက ပွဲကိုထိမ်းချုပ်ရာမှာအားနဲချက်ရှိခဲ့တယ်ဆိုတဲ့သက်သေပါပဲ။ ဒီတော့ ဆန်းဒါးလန်းနဲ့ပွဲကနေ အာတီတာ သတိထားရမယ့် အချက်တွေရယ် ၊ အားတက်စရာအချက်တွေရယ်ကို ထုတ်နုတ်ကြည့်ရအောင်ပါ။

(ဒီနေရာမှာ  အနေနဲ့ကြိုတင်ဝန်ခံထားလိုတာက  ပွဲအကြောင်းထုတ်နှုတ်ချက်တွေကို မရေးခင် ပြည်တွင်းဆောင်းပါးတွေရော  ၊ ပြည်ပ‌ဆောင်းပါးတွေကနေပါ ဖတ်ရတာ မြင်ရတာ တစ်နေကုန်များထားတာမို့ အချက်အလက်တွေ တူတာ ထပ်တာရှိနိုင်ပါလိမ့်မယ်။ အားလုံးက ဒီပွဲကိုပဲကြည့်ပြီးပြောကြတာဖြစ်လို့ပါ)

အန်ကတ်တီယာ ဟာ   One Chance – One Goal တိုက်စစ်မှုးတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့အသံတွေများစွာထွက်လာပါတယ်။ ဒါပေမယ့် သတိထားရမှာက  သူ့အနေနဲ့  ချန်ပီယံရှစ်အဆင့်မှာ ဟိုအရင်ထဲက သက်သေများစွာပြထားပြီးသားဆိုတာပါပဲ။ ဒီနေ့တွေ့ရတဲ့သူ့ခြေစွမ်းက ကောင်းတယ်ဆိုပေမယ့်  သူ့အနေနဲ့ ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုကို တက်ရောက်ခြေစွမ်းပြတာမျိုးမဟုတ်ပဲ ၊ ပရီးမီးယားမှာ ပွဲကြီးတွေနွှဲထားဖူးသူတစ်ယောက်ရဲ့  အမြင်နဲ့ အတွေ့အကြုံတွေကို ချန်ပီယံရှစ်အသင်းနဲ့ ပေါက်ကွဲပြခဲ့တယ်ဆိုတာကို သတိပြုရပါမယ်။ သူ့ရဲ့အဆုံးသတ်တွေကောင်းမွန်တာဟာ အငြင်းပွားစရာမရှိပေမယ့် သူ့ကိုထိန်းတဲ့နောက်ခံလူတွေက ပရီးမီးယားလိဂ် အဆင့်မဟုတ်သေးပါဘူး။ ဒါကလွဲရင်တော့  အန်ကတ်တီယာ ဟာ အလားအလာများစွာနဲ့ဖြစ်ပါတယ်။

ထိုနည်းတူစွာ ပေပေကလည်းခြေစွမ်းပြနိုင်တဲ့အခါ ချီးကျူးသံတွေဝေနေပြန်ပါတယ်။ ဒီတော့ နဲနဲလေး နက်နက်ရှိုင်းရှိုင်းတွေးကြည့်ရအောင်။ ပေပေခြေစွမ်းကောင်းတာ အားလုံးသိပြီးသားပါ။ ပေပေရဲ့ပြသနာက ဘောလုံးအပျက်များတာ ၊ မလိုအပ်တဲ့အလိမ်အခေါက်တွေများတာ ၊ ကစားကွက်နဲ့ အံမဝင်တာတို့ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဖြစ်နေကျအားနဲချက်တွေကို ရာနှုန်းပြည့် မပြင်နိုင်သေးသရွှေ့ ပေပေ တိုးတက်လာပြီလို့ ဆိုဖို့စောလွန်းပါတယ်။ ပေပေရဲ့  ခန္တာကိုယ်အရွေ့တွေကို အဆင့်မြင့်တန်း‌နောက်ခံလူတွေဟာ ခန့်မှန်းနိုင်ကြပါတယ်။ သူ့ရဲ့ဘောလုံးပေးပို့မှုတွေကို တားဆီးနိုင်ကြပါတယ်။ ဒီနေ့ညမှာ ချန်ပီယံရှစ်ကလပ်နဲ့တွေ့စဥ်မှာတောင် ပေပေ ဟာ ဘောလုံးပျက်ဆဲပါ။ အာဆင်နယ်ပရိတ်သတ်အနေနဲ့  ပေပေ ခြေစွမ်းပြတာကို ကျွန်တော်သိပ်မြင်ချင်မိပါတယ်။ ဒါပေမယ့် ဆန်ဒါးလန်းနဲ့ပွဲမှာ‌တောင် အကောင်းအဆိုးရောထွေးနေဆဲဖြစ်လို့   သူပြန်လာပြီပြောဖို့ စောသေးတယ်လို့ ဆိုချင်ပါတယ်။

Advertisements

ပါတီနိုကတော့ ၁၀မိနစ်ထဲနဲ့ ဂိုးတစ်ဂိုးသွင်းပြီးမနေ့နိုင်စရာ ပွဲဦးထွက်ကိုပိုင်ဆိုင်သွားခဲ့ပါပြီ။ ဘယ်နေရာကြည့်ကြည့် ပါတီနိုအကြောင်း တွေချည်းပါပဲ။ ဒီလူငယ်လေးကို ခပ်စိပ်စိပ်မြင်ရမလား ၊ လူငယ်တစ်ယောက်ကို လူငယ်တစ်ယောက်လိုပဲ ဆက်ပြီးတော့ လူငယ်တန်းမှာပဲ ပွင့်လန်းစေမလားကတော့ အာတီတာရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။

နောက်တစ်ချက်က ဘာလိုဂန် နဲ့ ပတ်သတ်တဲ့မျှော်လင့်ချက်တွေပါ။ နတ်ရေကန်ထဲချသလို တိုးတက်လာတဲ့ အာဆင်နယ်အသင်းရဲ့လူငယ်တွေထဲမှာ သူ့ကိုထည့်ဖို့စောသေးတယ်လို့ ယူဆပါတယ်  (နောက်မှ မှားတော့လဲ ပြန်တောင်းပန်တာပေါ့ဗျာ)။ သူဟာ အလားအလာတွေကောင်းပေမယ့်  စီနီယာအသင်းပွဲနဲ့ လူငယ်ပွဲတွေဆိုတာ ကွာခြားလှပါ‌သေးတယ်။  လွယ်ကူတဲ့ပြိုင်ဖက်ကို  စီနီယာတွေဝန်းရံမှုနဲ့ကစားရတာတောင် သူ့မှာလိုအပ်တာတွေများလှပါသေးတယ်။

နောက်ပြီး ဒီနေ့ အာတီတာရဲ့ လူထုတ်ပုံက အလေးအနက်ရှိလှပါတယ်။ ဖလားတစ်လုံးရရှိဖို့အတွက် ဘယ်နည်းနဲ့မှ အာရုံလွင့်မသွားပုံမရပါဘူး၊ အလွဲအချော်အဖြစ်မခံတဲ့ ၊  စီနီယာနဲ့ ဂျူနီယာ မျှတထားတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့သလို နောက်ပိုင်းမှာ အစားထိုးဝင်ရောက်မှုတွေကလည်း  သူ့ရဲ့ သတိကြီးမှုကိုပြသနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ပွဲဆက်ခဲ့ပြီမို့ အာဆင်နယ် အသင်းရဲ့ အရှိန်ကောင်းတစ်ခုကလဲဆက်ရနေဆဲပါပဲ။ ဆန်းဒါးလန်းနည်းပြလဲ  နာမည်ကြီးခြင်းနဲ့ ပွဲဆူခြင်း  ၊ Viral vs Noise  ရဲ့ကွဲပြားမှုကို  ကောင်းကောင်းနားလည်သွားပြီလို့ ယူဆရကြောင်းပါ။

ပြန်ချုပ်ရရင်တော့ ဂိုးပြတ်နိုင်ပွဲက အသင်းလိုက်ကစားအားနဲ့ စိတ်ဓါတ်ကိုအပေါင်းလက္ခဏာဆောင်စေပေမယ့်  အရမ်းကြီးအားရစရာတွေရှိနေတာမျိုးတော့မဟုတ်ဘူးလို့ ဆိုပါရစေ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: