မာတင်နယ်လီကို ဒဏ်ရာပြန်ရမှာစိုးရိမ်နေတဲ့ ဂန္တဝင်
မာတင်နယ်လီရဲ့လက်ရှိခြေစွမ်းကိုအားရပေမယ့် စိုးရိမ်ရတဲ့အချက်ရှိကြောင်းကို ပေါလ်မာဆင်က အခုလိုပဲပြောသွားပြပါတယ်။
မာတင်နယ်လီက သိပ်ကောင်းပါတယ်။ ကျွန်တော်လဲသဘောကျပါတယ်။ ဒါပေမယ့်စိုးရိမ်တာက သူအခုကြံ့ခိုင်မှုကို ဘယ်လောက်ကြာကြာထိန်းထားနိုင်မှာလဲဆိုတာကို စိုးရိမ်မိပါတယ်။ တကယ်သာအခုအတိုင်း ထိန်းထားနိုင်ရင်တော့ အာဆင်နယ်အသင်းဟာ သန်း ၅၀ တန်ကစားသမားကိုခေါ်ယူလိုက်တာပါပဲ လို့ Sky Sport ရဲ့အစီအစဥ်မှာပြောသွားခဲ့ပါတယ်။
ကိုလာဆီနက်ကို ခေါ်ချင်တဲ့ ရာနီရေနီ
Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ ဝက်ဖို့ဒ်နည်းပြ ရာနီရေနီ ဟာ အာဆင်နယ်နောက်ခံလူ ကိုလာစီနက်ကိုခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်မယ့်ကစားသမားကို ဇန်နဝါရီလမှာထဲကခေါ်ယူလိုနေတယ်လို့ဖော်ပြထားပြီး ကမ်းလှမ်းမှုသာဖြစ်လာပါက အာဆင်နယ်အနေနဲ့ မဆိုင်းမတွလက်ခံမှာဖြစ်တယ်လို့ အဆိုပါသတင်းကဖော်ပြထားပါတယ်။
လူကာဂျိုဗစ်အတွက် ပိုပြီးအလေးအနက်ရှိလာတဲ့ အာဆင်နယ်
Express ရဲ့ဖော်ပြချက်အရ အာဆင်နယ်ဒါရိုက်တာ အီဒူးဟာ လူကာဂျိုဗစ်ကို အရှိန်မြှင့်ကြိုးပမ်းလာဖွယ်ရှိတယ်လို့ ဆိုလာပါတယ်။ ယခင်ကတည်းက လာကာဗက်နေရာအတွက် ရီးရဲတိုက်စစ်မှုးကို ချဥ်းကပ်နေခဲ့တာဖြစ်ပြီး အခု အူဘာမီယန်ကိစ္စအပြီးမှာတော့ ပိုမိုတွန်းတွန်းတိုက်တိုက်ကြိုးစားလာတာဖြစ်တယ်လို့ ဆိုပါတယ်။
အန်ကတ်တီယာ ပိုကစားခွင့်ရမှာပါလို့ အာတီတာပြော
ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ ဆန်းဒါးလန်းအသင်းကို ဟက်ထရစ်သွင်းပေးခဲ့တဲ့ တိုက်စစ်မှုးအန်ကတ်တီယာနဲ့ပတ်သတ်ပြီး အာတီတာကအခုလိုပဲပြောပြပါတယ်။
“ သူအရင်ကထက်ပွဲကစားချိန်တွေပိုရလာပါလိမ့်မယ်။ ကျွန်တော်တို့သူ့ကိုလိုအပ်ပါတယ်။ ဒါကို နေ့တိုင်းကျွန်တော်ပြောနေခဲ့တာပါ။ လေ့ကျင့်ရေးမှာ သူဘယ်လိုကစားတယ်၊ အသင်းလိုအပ်ချိန်မှာ သူဘာလုပ်ပေးတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ် လို့ ဆိုခဲ့တာပါ။ ဒါပေမယ့် အန်ကတ်တီယာ ဟာ အခုအချိန်ထိ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ဆဲဖြစ်ပါတယ်။
ပါတီနိုအတွက်အချိန်ယူရမယ်လို့ အာတီတာပြော
ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားလေး ပါတီနိုအတွက် အာတီတာက အခုလိုပဲမှတ်ချက်ချပါတယ်။ “ သူက အကယ်ဒမီကလာတဲ့ အလားအလာသိပ်ကောင်းတဲ့ ထူးခြားတဲ့ကစားသမားတစ်ယောက်ပါ။ ဒီလူငယ်လေးအတွက် သိပ်ဝမ်းသာပါတယ်။ ကျွန်တော်တို့အားလုံးလဲအရမ်းသဘောကျတဲ့ကောင်လေးပါ။ အတူတူလေ့ကျင့်ရေးတွေဆင်းခဲ့ကြပြီး အခုတော့ ပရိတ်သတ်တွေရှေ့မှာ ဂိုးသွင်းယူပြီး အကောင်းဆုံးအချိန်တစ်ခုကိုစတင်ရရှိခဲ့ပါပြီ။ သူ့ ကိုဖြေးဖြေးချင်းပျိုးထောင်သွားရမှာပါ။ ဒီနေ့ကတော့ အစပြုခဲ့ပြီပေါ့ လို့ပြောခဲ့ပါတယ်။