လူငယ်ဆိုတဲ့ စကားလုံးနဲ့ အနာဂတ်ဆိုတဲ့အရာကအလိုအလျှောက်ချိတ်ဆက်နေပါတယ်။ ဆာကာ ၊ စမစ်ရိုးအပါအဝင်လူငယ်ကစားသမားလေးတွေနဲ့အတူ အနာဂတ်မျှော်လင့်ချက်တစ်ခုကို ပစ်မှတ်ထားပြီး အာတီတာရဲ့ Trust The Process ဆိုတဲ့ Master Plan က ကြိုးစားနေပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ပြောင်းပြီးပြောရမယ့် အခြေအနေရောက်သွားခဲ့ပါပြီ။ လူငယ်တွေက အာဆင်နယ်ရဲ့ အနာဂတ်မဟုတ်တော့ပါဘူး။ အခုကတည်းက စတင်ပြီး အသက်ဝင်နေခဲ့ပါပြီ။ သူတို့က အာဆင်နယ်ရဲ့ ပစ္စုပန်ဖြစ်နေခဲ့ပါပြီ။
လိဒ်စ်အသင်းနဲ့ပွဲစဥ်မှာလည်း လူငယ်တွေရဲ့အားနဲ့ အာဆင်နယ်တို့ဟာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြန်ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်တော့မဟုတ်ခဲ့ပါဘူး။ ဂန်းနားလူငယ်လေးတွေဟာ အသင်းကို ပုံစံသစ်တစ်ခုအဖြစ်တင်ဆက်လာခဲ့ ပြီး ထိုင်းမှိုင်းတဲ့အာဆင်နယ်အသင်းကို အသွင်ပြောင်းကာ ဇယားထိပ်ကို ဆွဲတင်လာခဲ့ကြပါတယ်။
စမစ်ရိုး ဟာရင့်ကျက်တဲ့ကွင်းလယ်ကစားသမားအသွင်ကိုဆောင်လာခဲ့ပါပြီ။ ကစားဖော်တွေကို ဖန်တီးပေးနိုင်တယ်။ ကိုယ်တိုင်သွင်းယူနိုင်တယ်။ ပြီးခဲ့တဲ့ရာသီကတည်းကပုံစံကောင်းတွေပြသနေခဲ့တဲ့ အီမီးလ် အတွက် ၂၀၂၀-၂၁ ရာသီဟာ သူဘာလဲပြသနိုင်ခြင်းမရှိဘူးဆိုရင်တောင် အခုရာသီမှာတော့ သူ့အဆင့်အတန်းကိုငြင်းစရာမလိုတော့ဘူးပြောနိုင်ပါပြီ။ လက်ရွေးစင်အသင်းအတွက် ဆောက်ဂိတ်ရဲ့ရွေးချယ်မှုဟာ သက်သေတစ်ခုပဲဆိုပါစို့။
ဟတ်ဒါစဖီးမှာအငှားသွားကစားပြီး ရာသီဝက်လောက်ခြေစွမ်းပြထားတဲ့ လူငယ်လေးကို ကျောနံပါတ် ၁၀ ပေးလိုက်တယ်ဆိုတာ အာတီတာအတွက်အရဲစွန့်ရတဲ့လုပ်ရပ်တစ်ခုပါ။ ဒါပေမယ့် အာတီတာမှန်ကန်ခဲ့ကြောင်း သိပ်မကြာခင်မှာပဲ စမစ်ရိုးက သက်သေပြပေးခဲ့ပါတယ်။ ၈ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးပေးထားတယ်ဆိုတဲ့ မှတ်တမ်းဟာ တိုက်စစ်မှုးတစ်ယောက်အလားပါပဲ။

စမစ်ရိုးရဲ့တိုးတက်လာမှုတွေအကြောင်းပြောနေရင် ၄ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးထားနိုင်တဲ့ ဆာကာကိုလဲချန်ထားလို့မရပြန်ပါဘူး။ ကိန်းဂဏန်းတွေကိုဘေးဖယ်လိုက်ရင်လဲ ဆာကာရဲ့ကစားကွက်မှာ ပါဝင်သက်ရောက်နိုင်စွမ်းက မြင်သာလွန်းနေခဲ့ပြီဖြစ်ပါတယ်။ လူငယ်ကစားသမားဆုပေးပွဲမှာ အဆင့် ၆ ပဲရခဲ့ပေမယ့် ဂန္တဝင်တွေရဲ့ အကောင်းဆုံးအဖြစ်မဲပေးရွေးချယ်ခံရမှုကလည်း ပထမဆုရှင်ရဲ့ ကျော်ကြားမှုနဲ့အတူ သတင်းတွေထက်မှာနေရာယူခဲ့ပါသေးတယ်။ ဆာကာဟာ စမစ်ရိုးထက်အရင် အာဆင်နယ်နဲ့အတူ ထင်ပေါ်လာခဲ့ပေမယ့် ဟေးလ်အန်းသားနှစ်ယောက်အတူတကွ အောင်ပွဲခံဖို့အတွက်တော့ အကယ်ဒမီကစားဖော်ကိုစောင့်ခဲ့ရပါတယ်။ အခုတော့ သူတိုလုပ်ချင်တာလုပ်ခွင့်ရခဲ့ပါပြီ။
လက်ရှိ အာဆင်နယ်အသင်းမှာ လူငယ်ဘယ်နှယောက်ပါလဲမေးဖို့ထက် လာကာဇက် ၊ ပါတေးနဲ့ရှာခါကိုဖယ်လိုက်ရင် ကျန်တာအကုန်လူငယ်လို့ပြောလိုက်တာပိုမြန်ပါလိမ့်မယ်။ ရာသီအစမှာ ဝေဖန်ခံပြီး ခေါ်ယူစာချုပ်ခဲ့တဲ့ ကစားသမားအကုန်လုံးက ပရိတ်သတ်အချစ်တော်ဖြစ်လာကြပြီး ၊ အသင်းကြီးတွေက ခေါ်ယူချင်တဲ့စာရင်းမှာတောင်ပါဝင်စပြုလာပြီဖြစ်ပါတယ်။ အသင်းလိုက်အနေနဲ့ ပြိုင်ပွဲရဲ့အသက်အငယ်ဆုံးအသင်းဖြစ်လာပြီး အသက်ငယ်တဲ့ဂိုးသွင်းယူသူတွေနဲ့ အတူမှတ်တန်းသစ်တွေတင်နိုင်ပြန်ပါပြီ။
အာဆင်နယ်လူငယ်တသိုက်ထဲမှာ နောက်ဆုံးပေါ်လူငယ်ကြယ်ပွင့်ကတော့ မာတင်နယ်လီပါပဲ။ သူကတော့ စိတ်ရှည်ရှည်နဲ့စောင့်စားခဲ့ပြီးမှလင်းလက်လာခဲ့သူပါ။ အာတီတာဟာ အသင်းရဲ့အနာဂတ်မှာ မာတင်နယ်လီ ပါဝင်ကြောင်း ကတိပေးပြီးနောက်မှာ ကစားခွင့်နဲနဲခြင်းစရလာခဲ့ပြီး ဂိုးတွေပါသွင်းယူလာနိုင်ခဲ့ပါတယ်။ အခုတော့လည်း ဘယ်သတင်းဖတ်ဖတ် မာတင်နယ်လီချီးမွမ်းခန်းတွေချည်းပါပဲ။

အသင်းက အရာရာအကောင်းချည်းရှိနေတာတော့မဟုတ်ပါဘူး။ လူငယ်အားလုံးကို ဦးဆောင်ပေးမယ့် ကစားသမားလိုအပ်နေတာကလည်းအသိအသာကြီးပါ။ ဒါပေမယ့် အဲ့ဒီလိုကစားသမားမျှော်ရင်းနဲ့ပဲလူငယ်တွေက ဦးဆောင်နိုင်တဲ့အဆင့်ကိုတဖြေးဖြေးရောက်လာခဲ့ကြပါတယ်။ သိပ်မကြာခင်မှာလည်း လူငယ်အသင်းခေါင်းဆောင်တစ်ယောက်ထပ်မံပေါ်ထွက်လာဦးမှာပါ။
အနာဂတ်အတွက်လို့ရည်ရွယ်ပြီးတည်ဆောက်ခဲ့တဲ့အသင်းက အာဆင်နယ်အတွက်လက်ရှိဖြစ်လာခဲ့ပါပြီ။ အခုအချိန် ကစားသမားသစ်ရောက်လာရင်တောင် ဒီလူငယ်တွေကို ကျော်ပြဖို့ရုန်းကန်ရမှာအသေအချာပါပဲ။ ဒါက အာတီတာရဲ့ Process ကိုရောက်နေပြီလား .. ဆောင်ရွက်ဆဲလားဆိုတာကတော့ သူပဲသိမှာဖြစ်ပေမယ့် လူငယ်တသိုက်ကတော့ အနာဂတ်အတွက်သိမ်းထားရမယ့်သူတွေမဟုတ်ကြတော့ပါဘူး။ သူတို့က လက်ရှိမှာကို ဦးဆောင်နေကြပါပြီ။