ကျွန်တော့်အမြင်ပြောင်းရပါတော့မယ်။ သူကတကယ်ကိုတိုးတက်လာနေပါတယ် လို့ BBC ရဲ့ Match Of the Day အစီအစဥ်မှာ မာတင်ကီအွန်က အိုဒီဂတ်နဲ့ပတ်သတ်လို့ပြောဆိုသွားခဲ့ပါတယ်။
တကယ်တော့ အိုဒီဂတ်တစ်ယောက် အာဆင်နယ်ရောက်တဲ့ ၅ လနီးပါးမှာ ကြုံရတာတွေကတော့ နဲနဲဟာသဆန်တယ်လို့ပြောရမလား ၊ ဒါမှမဟုတ် ဒါဟာ ကမ္ဘာ့အဆင့်ပြိုင်ပွဲဆီကဖိအားလို့ပဲပြောရမလား မသိပါဘူး။ အသင်းကိုရောက်လာချိန်မှာ “ဘာဖြစ်လို့ခေါ်တာလဲ .. ငါတို့လိုချင်တာ ဒီအဆင့်မဟုတ်ဘူးကွ “ ဆိုပြီး ပရိတ်သတ်တွေက မနှစ်သက်ကြောင်းပြကြပါတယ်။ နောက်တော့ လှပတဲ့ ဖရီးကစ်တစ်ဂိုးသွင်းပြီး ပွဲဆက်နိုင်လာချိန်မှာတော့ အနာဂတ်ရဲ့အသင်းခေါင်းဆောင်ဆိုပြီး ချီးကျူးကြပါတယ်။ နောက်တော့ အာတီတာရဲ့ ကစားကွက်အပြောင်းအလဲမှာ အရံခုံရောက်တော့ အိုဒီဂတ်ဟာ ဘယ်အသင်းမှာမဆိုအစပိုင်းပဲ အဆင်ပြေပြီးနောက်ပိုင်းမှာ ကျရှုံးသူဖြစ်တယ် ဆိုပြီး သမိုင်းပြန်လှန်ရေးသားကြပါတယ်။ နောက်တော့လဲ ဂိုးတွေဆက်တိုက်သွင်းပြီးတဲ့နောက်မှာ ကမ္ဘာ့အဆင့်ဆိုပြီး ပြောလာပြန်ပါတယ်။ အင်တာဗျူးဖြေဆိုမှုတွေအရ ရင့်ကျက်ပုံရှိတဲ့ အိုဒီဂတ်ကတော့ ဒါတွေကိုရင်ဆိုင်နိုင်မယ်လို့ ယူဆရတာပါပဲ။
ဘောလုံးကိုလက်ခံရရှိတဲ့အခါတိုင်းမှာ သူဘယ်လောက်ကောင်းတယ်ဆိုတာ မြင်ရမှာပါ။ သူက အာဆင်နယ်ကွင်းလယ်ရဲ့ ထိပ်တန်းကစားသမားဖြစ်ပါတယ်။ သူက ပုံမှန်အတိုင်းတိုးတက်နေပါတယ်။ ယုံကြည်မှုလည်းရှိပါတယ်။ မန်နေဂျာကလည်း သူ့ကိုသဘောကျတယ်။ အခြေအနေအားလုံးကတော့ သူ့အတွက် အကောင်းတွေချည်းပါပဲ လို့ အရင်ကဝေဖန်ဖူးတဲ့ ကီအွန်ကတော့ ချီးကျူးသွားခဲ့ပါတယ်။
လောလောဆယ်မှာတော့ အဆင့် ၄ အတွက်ပြိုင်ဖက်တွေအားလုံးက ပွဲမကစားကြတဲ့အခါ အာဆင်နယ်အသင်းက ထိပ်ဆုံး ၄သင်းထဲဝင်နေပါတယ်။ ခုထိတိုးတက်လာနေတယ်လို့ပြောလို့ရတဲ့ ခရီးမှာ အာဆင်နယ်အတွက် အိုဒီဂတ်က အရေးပါတဲ့နေရာကပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ပွဲအချို့မှာ စမစ်ရိုးနဲ့တွဲကစားလို့ အဆင်မပြေဘူးဆိုတဲ့ ဝေဖန်မှုတွေရှိနေခဲ့ပေမယ့် လိဒ်စ်နဲ့ပွဲမှာတော့ စမစ်ရိုးရဲ့ပြေးလမ်းကြောင်းထဲကိုဘောလုံးချပေးပြီး သူတို့နှစ်ယောက်ကြားက ဆက်သွယ်မှုကစားနိုင်စွမ်းကိုပြသခဲ့ပါတယ်။ ဒါဟာ အာတီတာအတွက်နောက်ထပ် Playing Option တစ်ခုကိုရရှိစေမှာပါ။
တကယ်တော့ အိုဒီဂတ်ဆီကနေ ရုန်းအားနဲ့ ခေါင်းဆောင်မှုကိုမြင်ရတာ အခုမှမဟုတ်ပါဘူး။ မနှစ်တုန်းကလဲ ဂိုးပြတ်အရှုံးကနေ ပြန်လာခဲ့တဲ့ပွဲအပါအဝင် အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တွေကို သူလုပ်ပြခဲ့ပြီးသားပါ။ ဒါပေမယ့် လှန်ချသလိုပြောင်းလဲပေးနိုင်မယ့် ကစားသမားအဖြစ်တော့ ပရိတ်သတ်တွေက သူ့ကိုမမြင်ခဲ့ကြပါဘူး။ ဒါကြောင့်ရလဒ်ကောင်းတွေကို အပူတပြင်းလိုအပ်နေတဲ့ အာဆင်နယ်ပရိတ်သတ်တွေအတွက် အိုဒီဂတ်က ဖေးဘရိတ်တော့မဟုတ်ခဲ့ပါဘူး။
ခုလက်ရှိအာဆင်နယ်အသင်းရဲ့အနေအထားကတော့ နတ်ရေကန်ထဲချသလိုပြောင်းလဲသွားတာမျိုးထက် တဆင့်ခြင်းတိုးတက်လာပြီး ရလဒ်တွေကောင်းလာခဲ့တာဖြစ်ပါတယ်။ အခုတော့ အိုဒီဂတ်ကို ပရိတ်သတ်တွေကြိုက်နေကြပြန်ပါပြီ။ ဒါပေမယ့် ကစားသမားတစ်ယောက်ရောက်လာ ၊ လှန်ချသလိုပြောင်းလဲသွား ၊ အကောင်းစားဂိုးတွေသွင်းဆိုတဲ့ ဇာတ်လမ်းတစ်ခုနဲ့တော့မဟုတ်ခဲ့ပါဘူး။
မှတ်တမ်းအရဆိုရင်တော့ မနှစ်က လာကစားတဲ့ အငှားကာလအပါအဝင် အာဆင်နယ်အတွက် ၃၇ ပွဲကစားပြီး ၆ ကြိမ်ဂိုးသွင်းထားနိုင်ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံးအတွက်ကတော့ ၂၆၉ ပွဲမှာ ၄၃ ဂိုးရှိခဲ့ပါပြီ။ အသက်၂၃ နှစ်အရွယ်ကစားသမားတစ်ယောက်အတွက် မှတ်တမ်းကောင်းတစ်ခုကိုတော့ ပိုင်ဆိုင်ထားနှင့်ပြီဆိုရပါမယ်။
အိုဒီဂတ်ဟာ အရည်အသွေးရှိသူတစ်ယောက်ဆိုတာတော့ ယုံမှားသံသယရှိစရာမလိုပါဘူး။ သြဇာကြီးမားတဲ့နည်းပြကြီးတွေကိုယ်တိုင်က လူငယ်ဘဝတုန်းက သူ့ရဲ့အရည်အသွေးတွေကို ပြန်ပြောင်းပြောနေကြတာဖြစ်လို့ပါ။ ဒါပေမယ့် အောင်ပွဲကို အလိုရှိနေကြပြီး အသင်းကို အဆင့်မြင့်မြင့်နေရာတစ်နေရာမှာမြင်ချင်နေကြပြီဖြစ်တဲ့ ပရိတ်သတ်တွေရဲ့ ခံစားချက်ပါတဲ့အားပေးမှုကနေတော့ သူလွတ်ကင်းဦးမှာမဟုတ်ပါဘူး။ ခြေမတွေ့တဲ့နေ့မှာ သူဖိအားတဖန်ပြန်များလာဦးမှာပါပဲ။