မာတင်နယ်လီရဲ့ အာဆင်နယ်အသင်းမှာ အရေးပါမှု
မာတင်နယ်လီဟာ လူငယ်မျိုးဆက်တော်လှန်ရေးရဲ့အောင်မြင်တဲ့အစိတ်အပိုင်းဖြစ်တယ်လို့ The Globe and Mail သတင်းစာက တင်ပြသွားပါတယ်။ အူဘာမီယန်ကစားတဲ့ ဘယ်ခြမ်းတိုက်စစ်မှုဝင်ရောက်ကစားပြီး တူညီတဲ့အခွင့်အရေးတွေကို မတူညီတဲ့အဆုံးသတ်အဖြစ် လူငယ်ကစားသမားလေးက ဖော်ဆောင်နေတာဖြစ်ပါတယ်။ အာတီတာကလည်း မာတင်နယ်လီနဲ့ပတ်သတ်လို့ အခုလိုပြောခဲ့ပါတယ်။
ကျွန်တော်တို့က သူ့ကိုပိုပြီးတိုးတက်လာစေဖို့အမြဲကြိုးစားနေခဲ့သလို သူဖက်ကလည်းစောင့်ဆိုင်းခဲ့ရပါတယ် လို့ ဆိုခဲ့ပါတယ်။ မာတင်နယ်လီဟာ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေထွက်ခဲ့ပြီးနောက် အာတီတာက အသင်းရဲ့ အနာဂတ်မှာ လိုအပ်ကြောင်းအတည်ပြုပေးခဲ့ပြီး ပွဲကစားခွင့်တွေရရှိခဲ့တာဖြစ်ပါတယ်။
မာတင်နယ်လီကို ဘရာဇီးဂန္တဝင်နဲ့ခိုင်းနှိုင်းချီးကျူးတဲ့ အူဘာ
တိုက်စစ်မှုး အူဘာမီယန်က သူ့ကစားတဲ့နေရာမှာ ဝင်ကစားပြီးခြေစွမ်းပြသွားတဲ့ မာတင်နယ်လီ ကို ဆိုရှယ်မီဒီယာကနေတဆင့် ချီးကျူးလိုက်ပါတယ်။ ဘရာဇီး ဂန္တဝင် ရိုနယ်ဒင်ဟို နဲ့ခိုင်းနှိုင်းပြီး Gabinho လို့ အမည်ပေးပြီး ၂ ပွဲမှာ ၃ ဂိုးသွင်းပေးတဲ့တိုက်စစ်မှုးလေးကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
တိုမီယာစုရဲ့ ဒဏ်ရာအကြောင်းကိုရှင်းပြတဲ့ အာတီတာ
ပွဲကစားချိန်အတွင်းမှာ တိုမီယာစုကို လူစားလဲခဲ့ရတာနဲ့ပတ်သတ်ပြီး အာတီတာက
သူ့ဒဏ်ရာက အပေါ့စား ကြွက်သားပြသနာပါပဲ။ သူက အသင်းကိုစရောက်လာကတည်းက တာဝန်ကြီးကြီးယူပြီးကစားပေးနေခဲ့တာပါ။ ကစားတဲ့ မိနစ်တိုင်းမှာ လည်း အာရုံစူးစိုက်မှုအပြည့်ထည့်ထားသူပါ။ သူအနေနဲ့ ရာနှုန်းပြည့်မကြံ့ခိုင်တဲ့အခါ လူစားလဲဖို့ပြင်ဆင်ခဲ့ရပါတယ် လို့ ဆိုခဲ့ပါတယ်။ နောက်တန်းပုံစံကောင်းနဲ့အတူ အသင်းလိုက်ကစားအားကောင်းစပြုနေပြီမို့ တိုမီယာစုရဲ့ ဒဏ်ရာအပေါ် အထိုင်ပျက်သွားမှာကို ပရိတ်သတ်တွေက စိုးရိမ်ခဲ့ကြရပါတယ်။
Covid 19 Positive ဖြစ်နေတဲ့ ကစားသမား ၂ ယောက်ကိုအတည်ပြုပေးခဲ့
အာဆင်နယ်ကစားသမားတွေဖြစ်ကြတဲ့ လိုကွန်ဂါနဲ့ မာရီတို့ဟာ Covid 19 စစ်ဆေးမှုမှာ Positive ထွက်ခဲ့တာကြောင့် အသင်းကနေ ချန်လှပ်ထားခဲ့ရတာဖြစ်တယ်လို့ အာတီတာက အတည်ပြုပြောကြားခဲ့ပါတယ်။ ယမန်နေ့ညက ပွဲအတော်များများ ရပ်နားခဲ့ရပြီး အာဆင်နယ်အသင်းရဲ့ပွဲစဥ်မှာလည်း လူစုလူဝေးမဖြစ်ပေါ်အောင် ကွင်းကိုစောဖွင့်ပေးခဲ့ရပါတယ်။
သန်း ၅၀ လောက်နဲ့ကမ်းလှမ်းလာရင်တော့ အခြေအနေတွေက ပြောင်းသွားနိုင်ပါတယ် လို့ဆို
အာဆင်နယ် ကစားသမားဟောင်းကြီး ကင်းဘဲက တာဗာရက်စ်ရဲ့ အပြောင်းအရွှေ့ကောလာဟာလတွေနဲ့ပတ်သတ်ပြီး Football Insider နဲ့တွေ့ဆုံရာမှာ အခုလိုပဲပြောကြားခဲ့ပါတယ်။ တာဗာရက်စ် ဟာ အာတီတာအတွက် အကောင်းဆုံးသော အရံလူဖြစ်ပါတယ်။ အသင်းအတွက်လိုသလိုအသုံးပြနိုင်သလို ၊ ပိုမိုတိုးတက်လာဖို့အတွက်လည်း လိုအပ်တဲ့ကစားသမားမျိုးဖြစ်လို့ မရောင်းချသင့်ပါဘူး ။ ဒါပေမယ့် တစ်နေ့နေ့မှာ မန်စီးတီးတို့က ပေါင်သန်း ၅၀ လောက်နဲ့ကမ်းလှမ်းလာရင်တော့ အခြေအနေက သိပ်ကိုစိတ်ဝင်စားစရာကောင်းသွားခဲ့ပါပြီ လို့ခန့်မှန်းပြောဆိုသွားတာပါ။