ပြီးခဲ့တဲ့နှစ် ယခုအချိန်လောက်မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အိုဇေးလ်ကိုအသင်းကနေထွက်ခွာသွားဖို့အတွက် နည်းလမ်းမျိုးစုံသုံးနေခဲ့ရပါတယ်။ အသက် ၃၀ အရွယ်ကစားသမားကို လစာအများကြီးနဲ့ စာချုပ်ချုပ်မိတဲ့အတွက် ဖြစ်သွားခဲ့တဲ့အကျိုးဆက်တွေပါပဲ။ ပြန်ရောင်းဖို့ကျတော့လဲ အခက်အခဲပေါင်းစုံ။ ဘယ်သူကမှ လစာအများကြီးမပေးချင်ကြတော့ပါဘူး။
FA ဖလားဖိုင်နယ်ပွဲကို တက်ရောက်ခွင့်မပေးတာ ၊ လူစာရင်းမှာချန်ခဲ့တာ ၊ လစာအဖြတ်မခံတာ ၊ တရုတ်ပြည်က အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သတ်ပြီး လုပ်မှုကိစ္စမှာ မရပ်တည်ပေးတာ စသည်ဖြင့် အာဆင်နယ်အသင်းနဲ့ အိုဇေးလ်ကြားမှာပြသနာပေါင်းစုံတက်ခဲ့ပြီးနောက် ဘယ်သူဖက်ကစအလျော့ပေးမလဲဆိုတဲ့ဇာတ်လမ်းရှည်ကိုရေးခဲ့ကြပါတယ်။ တစ်နှစ်အကြာမှာတော့ အာဆင်နယ်တို့ဟာ နောက်ထပ် အသက် ၃၀ အရွယ်နဲ့ များပြားလှတဲ့လစာရရှိနေတဲ့ ကစားသမားဇာတ်လမ်းသစ်ထပ်ဖြစ်ခဲ့ပြန်ပါတယ်။
ဖြစ်ခဲ့တဲ့ကိစ္စကိုပြန်ကြည့်ရင်တော့ အသင်းခေါင်းဆောင်ဖက်က စည်းကမ်းတွေဖောက်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိ။ ဒီအတွက်သူက တာဝန်ယူရမှာအသေအချာပါပဲ။ တဖက်မှာလည်း အာဆင်နယ်အသင်းဖက်က ဖြစ်ခဲ့တဲ့ပြသနာတွေကို ထုတ်ပြောသွားခဲ့တဲ့အပြင် ၊ အရေးယူမှုတွေလဲဆက်တိုက်လုပ်နေပြန်ပါတယ်။ ကျွန်တော် (စာရေးသူ ပတ် ) ကတော့ ဒါတွေအားလုံးဟာ ကုန်ကျစရိတ်လျှော့ချင်လို့လုပ်နေတဲ့ အကြောင်းပြချက်လှလှတွေသာဖြစ်ပါတယ် လို့ယုံကြည်ပါတယ်။ ပေပေကို အရံခုံပို့ထားတာတွေ ၊ လာကာဇက်ကို အလွတ်နဲ့ထွက်ခွာခွင့်ပေးထားတာတွေဟာ အသင်းကိုအသစ်လုပ်ချင်နေကြတဲ့ ရည်ရွယ်ချက်နဲ့ဆက်နွယ်တဲ့လုပ်ဆောင်ချက်တွေပါပဲ။
ကျေးဇူပြ၍ … ဘောလုံးနဲ့ပတ်သတ်တဲ့အကြောင်းပြချက်တွေကို လာမပြောပါနဲ့ ။ ကျွန်တော်မယုံပါဘူး။
အခုဆိုရင် အီယန်ရိုက်နဲ့ ကီအွန်တို့လို ဂန္တဝင်တွေကလည်း အူဘာကိုအပြစ်ပေးတဲ့ကာလရှည်ကြာမှုအပေါ် အာတီတာအမှားလုပ်ခဲ့ပြီလို့ ဝေဖန်နေကြပါပြီ။ တကယ်လို့သာ အာတီတာဆီမှာ သင့်တော်တဲ့ အကြောင်းပြချက်ရှိမယ်ဆိုရင် အခုထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိခွင့်ရရမှာပေါ့။ တကယ် ရိုးရှင်းတဲ့ ဘောလုံးနဲ့ပတ်သတ်တဲ့အရေးယူမှုဆိုရင် ကစားသမားနဲပါးနေချိန်မှာ ရှိတဲ့သူတစ်ယောက်ကို အကြာကြီးအရံခုံပို့ထားတဲ့အပေါ် သေချာပေါက်အဝေဖန်ခံရမှာပါ။ သူ့မှာ ရိုးသားတဲ့ ဖိအားတွေရှိရမှာပါ။ ကြည့်ရတာ အားလုံးက ပြသနာရှိမနေပုံပါပဲ။ နည်းပြတစ်ယောက်ဟာ သူ့မှာရှိတဲ့ အရည်အသွေးနဲ့ ကစားသမားတွေဆီက အကောင်းဆုံးတွေထုတ်ယူရမှာဖြစ်ပါတယ်။
အာတီတာအနေနဲ့ သူ့အမှားတွေကို ဖုံးအုပ်ဖို့ လုပ်ထားတဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ကြပါစို့။
ရှုံးပွဲတွေဆက်လာပြီးတဲ့နောက်မှာ အူဘာမီယန် ချန်လှပ်ခံခဲ့ရတာကို သတိရကြပါ။ ကျွန်တော်ကတော့ အိုဇေးကို ချန်ထားခဲ့တာလဲ သူ့ရဲ့ ကိုယ်ပိုင် စနက်ကြောင့်လို့ပဲယုံကြည်ထားပါတယ်။ အခုအူဘာကလည်း ဒီလိုပါပဲ။

အာတီတာကိုယ်တိုင်ကလည်းအာဆင်နယ်နည်းပြတစ်ယောက်မှာရှိရမယ့်အရည်အသွေးတွေရှိမနေဘူးဆိုတာရလဒ်တွေက သက်သေပြနေပါတယ်။ ကျွန်တော်ကတော့သူ့ဆီက တီထွင်ဖန်တီးနိုင်စွမ်းတွေကို စောင့်နေတုန်းပါပဲ။ ဝက်စ်ဟမ်းနဲ့ စိန့်တို့ကိုအနိုင်ရထားပြီး အမှားတွေကိုကျော်လွန်ပြီလို့ ယူဆနေရင် ရေရှည်မှာအဖြေပေါ်လာပါလိမ့်မယ်။ အဆင့် ၄ ရနေတယ်ဆိုတာကလဲ ပွဲပိုတွေကြောင့်ပါ။ အသင်းတွေအားလုံး ပွဲတူကစားပြီးတဲ့အခါမှာ အသင်းကအဆင့်ကျလာမှာပါ။
ကျွန်တော်ကတော့ ပျော်ပျော်ရွင်ရွင်နေတတ်တဲ့ ယုံကြည်မှုအပြည့်နဲ့ အူဘာမီယန် ကိုလိုချင်နေတုန်းပါပဲ။ မဟုတ်ရင်လဲ အပြောင်းအရွှေ့မှာ တစ်ခုခုလုပ်ကြပေါ့။ နည်းပြကိုလည်း ရှိတဲ့ကစားသမားနဲ့ အကောင်းဆုံးအရည်အချင်းတွေကို ညှစ်ထုတ်ပြီး အသုံးချလာဖို့ မျှော်လင့်ပါတယ်။ အဆင်မပြေတဲ့ ကစားသမားကို လက်လွှတ်လိုက်တာ လက်ခံစရာမဟုတ်ပါဘူး။
ဒါမှမဟုတ် အာတီတာအနေနဲ့ အလျှော့ပေးလို့မရတဲ့စည်းကမ်းတွေအကြောင်းသိပ်ပြောချင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လုပ်ပြလို့ပဲ ပြောချင်ပါတယ်။
Just Arsenal – Arteta mustn’t let Aubameyang turn into another Ozil Farce