ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ အာဆင်နယ်အနိုင်ရမယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲပါးခဲ့ပါတယ်။ ဒါ့ထက်ပိုပြီး အနိုင်ရရင်တောင်မနေ့က ပုံစံမျိုးနဲ့အနိုင်ရမယ်ဆိုတဲ့ ခန့်မှန်းချက်က ပိုပြီးနဲပါးခဲ့ပါလိမ့်မယ်။ အခုတော့ ဂိုးပြတ် ၊ ခြေအသာနဲ့ အာဆင်နယ်တို့ နိုင်ခဲ့ပါတယ်။ အာဆင်နယ် ဘာတွေကောင်းခဲ့သလဲ ၊ ဘာတွေလုပ်ပြနိုင်ခဲ့တာလဲ ၊ ဘာကြောင့်အနိုင်ရခဲ့တာလဲဆိုတာကို အသေးစိတ်တစ်ချက်ခြင်းကြည့်ကြရအောင်ပါ။
ဘိုဝင် ၊ အန်တိုနီယို ၊ ရိုက်စ် ၊ လန်ဇီနီ စတဲ့ကစားသမားအကုန်လုံးဟာ Intensive Play မှာကောင်းမွန်ကြပြီး ပြိုင်ဖက်ကို Pressing ကောင်းကောင်းလုပ်နိုင်ကြပါတယ်။ ခံစစ် ကနေ တိုက်စစ်ပြောင်းတဲ့ Transition တိုင်းမှာလျှင်မြန်ကြပြီး အန်တိုနီယိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး တိုက်စစ်မှုးတစ်ယောက်ဖြစ်သလို ၊ ရိုက်စ်ကလည်း တိုက်စစ်ရော ခံစစ်ရော Box to Box ကစားနိုင်တဲ့ Pivotal Player တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကစားအားတွေနဲ့ ထိပ်သီးအသင်းတွေကို အနိုင်ယူခဲ့တာ ဒီရာသီဝက်စ်ဟမ်းတို့ရဲ့ ပြုယုဂ်ကောင်းတစ်ခုဖြစ်လာပါတယ်။ ကျစ်လစ်တဲ့ Zonal Defence ကို Pivot Men တွေနဲ့ ချိန်ညှိကာ လျှင်မြန်တဲ့ တိုက်စစ်သမားတွေနဲ့ ဂိုးတွေရယူတဲ့ ဝက်စ်ဟမ်းတို့ဟာ မနေ့တုန်းက တော့ထင်တိုင်းမပေါက်ခဲ့ပါဘူး။ အထူးသဖြင့် ကျစ်လစ်တဲ့ခံစစ်ကိုမြင်ခဲ့ရပေမယ့် Pivot Player တွေဟာ ဘယ်နည်းနဲ့မှ တိုက်စစ်ဆီကို Transition မလုပ်နိုင်ခဲ့ပါဘူး။ ဒါက ဘာကြောင့်ဖြစ်မလဲ။ အာဆင်နယ်ဖက်သွားကြည့်ရအောင်။
အာဆင်နယ်တို့ဟာ လာကာဇက်ရဲ့ နောက်တန်းတွေကို Attract လုပ်ပြီး ပြေးလမ်းကြောင်းရှာတဲ့ လုပ်ဆောင်ချက်ရယ်၊ Overlap လုပ်လာတဲ့နောက်တန်းတွေနဲ့ ဆာကာ ကချိတ်ပြီး အိုဒီဂတ်ကနေ Linking Play ကိုဖော်ဆောင်တဲ့တိုက်စစ်ပုံစံရယ် နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ခံစစ်ကို ဖြိုဖျက်ဖို့ပြင်လာခဲ့ပါတယ်။ တဖက်က ဝက်စ်ဟမ်းရဲ့ လျှင်မြန်မာကျောတဲ့ တုန့်ပြန်မှုကိုလည်း ပါတေး ၊ ရှာခါ နဲ့ ဘန်ဝှိုက်တို့ရဲ့ Balance လုပ်ထားတဲ့ ခံစစ် + ကွင်းလယ် ကစားအားနဲ့ တားဆီးဖို့ပြင်ဆင်ပါတယ်။ အာဆင်နယ်တို့ဟာ သူတို့ရဲ့လုပ်ဆောင်ချက်အားလုံးကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲဟာ တဖတ်သတ်ဆန်ဆန်ဖြစ်နေခဲ့ပြီး အံ့သြစရာကောင်းလောက်အောင်ကို အာဆင်နယ်တို့ ဖိကစားနိုင်ခဲ့ပါတယ်။

တိုမီယာစုရဲ့ တိုက်စစ်ကိုလိုက်ပါမှု ၊ ဆာကာ ရဲ့ တဖက်နောက်ခံလူတွေကို Pull Out လုပ်နိုင်မှု ၊ အိုဒီဂတ်ရဲ့ အလိုက်သင့်ကစားပုံ ၊ လာကာဇက်ရဲ့ Space ရှာဖွေနိုင်မှု ၊ မာတင်နယ်လီရဲ့ အမြန်နှုန်း အားလုံးဟာ မနေ့ကပွဲမှာတော့ Top Form ဖြစ်နေခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်မျိုးကို ပွဲတိုင်းရနိုင်မလားကတော့ စောင့်ကြည့်ရမှာဆိုပေမယ့် မနေ့ကပွဲစဥ်မှာတော့ ရည်ရွယ်သမျှကို လက်တွေ့စွမ်းနိုင်ခဲ့တာပါပဲ။
ဒါကြောင့်လဲ ပထမပိုင်းမှာ အာဆင်နယ်က ကန်ခွင့် ၉ ကြိမ် မှာ ၃ ကြိမ်ဂိုးပေါက်တည့်ခဲ့ပြီး အန္တရာယ်ရှိတဲ့ ထိုးဖောက်မှုက ၃၆ ကြိမ်တောင်ရှိခဲ့တာပါ။ ဝက်စ်ဟမ်းကတော့ ထိုးဖောက်မှု ၁၈ ကြိမ်သာရှိခဲ့ပြီး တစ်ကြိမ်မှ ဂိုးပေါက်တည့်အောင်စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဝက်စ်ဟမ်းတို့ဟာ အာဆင်နယ် နောက်တန်းနဲ့ကွင်းလယ်ရဲ့ အဖျက်ကစားပုံအောက်မှာ Balance တစ်ခုကိုတည်ဆောက်နိုင်ခြင်းမရှိခဲ့တာ ပထမပိုင်းတစ်ပိုင်းလုံးဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်တို့က ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးတော့မရခဲ့ပါဘူး။ ညာခြမ်းတွဲလုံးတွေနဲ့ထိုးဖောက်နေရင်း တီယာနေကန်ခွင့်ရတဲ့ တစ်လုံးတိုင်ထိတာရယ် ၊ ဧရိယာထဲမှာ မာတင်နယ်လီအပိုင် Tap In လုပ်ရတဲ့ ကန်ချက်ရယ်က အာဆင်နယ်အတွက်အလွန်နစ်နာရတဲ့ အခွင့်အရေးတွေပဲဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ဟာ ဒါငါတို့အသင်းပဲ လို့ မော်ကြွားရမယ့် ဂိုး ၂ ဂိုးကိုရရှိခဲ့ပါတော့တယ်။ လာကာဇက်ရဲ့ ဝက်စ်ဟမ်းခံစစ်နဲ့ ကွင်းလယ်ကြားမှာနေရာယူရင်း ခင်းပေးတော့ဘောလုံးကို မာတင်နယ်လီဆွဲပြေးသွားပြီး တည်တည်ငြိမ်ငြိမ်ကန်သွင်းရာကနေ ပထမဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ ကစားကွက်အရရော ၊ မာတင်နယ်လီရဲ့ အဆုံးသတ်အရည်အသွေးအရပါ အာဆင်နယ်တို့အတွက်ကျေနပ်စရာဖြစ်ခဲ့တာပါ။

စမစ်ရိုး ရဲ့ ဒုတိယဂိုးကလည်း တိုမီယာစုရဲ့ Tackle Won ကနေ အစပြုခဲ့ပြီး ညာခြမ်းတစ်လျှောက် ဆာကာ နဲ့ စမစ်ရိုး တို့ရဲ့လျှင်မြန်မှု ၊ နားလည်မှုတွေနဲ့သွင်းယူသွားခဲ့နိုင်တာပဲဖြစ်ပါတယ်။ ဒီဂိုးဟာ သွင်းယူသူ ၊ ဖန်တီးသူအပြင် Pre Assist ဖြစ်စေတဲ့ တိုမီယာစုရဲ့ ကစားအားကိုပါအသိအမှတ်ပြုရမှာဖြစ်ပါတယ်။
ခြေစွမ်းပြနိုင်ခဲ့တဲ့လာကာဇက်ကတော့ ပယ်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ဖေဘီယန်စကီး ကာကွယ်သွားနိုင်လို့ အာဆင်နယ်ကစားသမားဘဝတစ်လျှောက်ပထမဆုံးပယ်နယ်တီလွဲခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါကလွဲရင် လာကာဇက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတဲ့ပွဲကတော့ သူ့အတွက် ပြီးပြည့်စုံခဲ့ပါတယ်။
ရမ်းစ်ဒေးကလည်း ဘိုဝင်တို့တသိုက်ရဲ့ ကန်ချက်တွေကို ကာကွယ်ရင်း နောက်ထပ် Clean Sheet တစ်ပွဲကို ရယူနိုင်ခဲ့ပြန်ပါတယ်။ ဝက်စ်ဟမ်းတို့ဟာ တိုက်စစ်ဆင်ချိန်မှာ အာဆင်နယ်ကွင်းလယ်နဲ့ ခံစစ်ကြားမှာ ဟန်ချက်ပျက်နေခဲ့သလို ၊ ခံစစ်ကစားရာမှာလည်း ပုံစံရနေတဲ့ အာဆင်နယ်လူငယ်တွေကို မထိန်းနိုင်ခဲ့ကြပါဘူး။
တစ်ပွဲလုံးကို ခြုံကြည့်ရင်တော့ အာဆင်နယ်တို့ဟာ စိတ်ဓါတ်ပိုင်းရော ၊ ကစားအားမှာပါတော်တော်လေးတက်လာခဲ့ပြီဖြစ်ပြီး ရာသီစဂိုးပြတ်ရှုံးပွဲတွေကြောင်း အနုတ်ပြနေတဲ့ အသားတင်ဂိုးတွက်ချက်မှု မှာလည်း ပြန်များလာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ရွှေ့ဆိုင်းပွဲတွေရှိနေချိန်မှာ အနီးကပ်ပြိုင်ဖက်ကို အနိုင်ယူပြီး အဆင့် ၄ နေရာကို ပွဲပိုကစားပြီး ယူထားနိုင်တာဟာ အသင်းအတွက်ကောင်းတဲ့အလားအလာပဲဖြစ်ပါတယ်။
လိုအပ်တဲ့နေရာတွေကို ဖြည့်တင်းရင်း အခု အစုအဖွဲ့ကို ထိန်းသိမ်းထားဖို့ကတော့ အာတီတာအတွက် စိန်ခေါ်မှုဖြစ်သလို အာဆင်နယ် နောက်တစ်ဆင့်မြင့်မယ့် အဓိကအချက်လို့ပဲဆိုရမှာဖြစ်ပါတယ်။