အာဆင်နယ်အသင်းဟာသူတို့ရဲ့ ကင်းထောက်အဖွဲ့ကို ပိုမိုအင်အားတောင့်တင်းဖို့အတွက် ဖလိုရီယန် ဘလူချယ်ကို ခေါ်ယူအားဖြည့်ခန့်ထားလိုက်ပြီ။ အာဆင်နယ်အသင်းနဲ့ပတ်သတ်တဲ့သတင်းများစုဟာ လူငယ်စီမံကိန်းတွေ ၊ အနာဂတ်အတွက်ပြင်ဆင်တာတွေနဲ့ ပဲပြည့်နေတာကြောင့် အသင်းရဲ့သွားမယ့်လမ်းကြောင်းကတော့ပိုမိုပေါ်လွင်လာတယ်လို့ ဆိုရပါမယ်။ ဘလူချယ်ကိုခန့်ထားလိုက်တဲ့နောက် အာဆင်နယ်တို့ ဘာတွေတိုးတက်လာမလဲ ၊ ဘာတွေပြောင်းလဲလာမလဲ ဆိုတာကို ဖတ်ရတဲ့သတင်းတွေထဲကအချက်အလက်တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
ဘလူချယ်က ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကင်းထောက်ချုပ်ဟောင်းတစ်ယောက်ပါပဲ။ သူက နည်းလမ်းဟောင်းရော ၊ နည်းလမ်းသစ်ရောအသုံးပြုပြီး ကစားသမားသစ်တွေကို စုစည်းရှာဖွေတတ်တယ်လို့ဆိုပါတယ်။ ဆိုလိုတာက အချက်အလက်အခြေပြုရော ၊ ကွင်းဆင်းလေ့လာရေးရော အစုံသုံးတဲ့သူဆိုပါတော့။
ဂျာမန်ဘီလူးကြီးဆီမှာ ၁၀ နှစ်တာကာလ တာဝန်ထမ်းဆောင်ပြီးရာထူးအဆင့်ဆင့်တက်ခဲ့သူလဲဖြစ်ပါတယ်။ သူအဓိက ကျွမ်းကျင်တဲ့ ကစားသမားစျေးကွက်တွေက စပိန် ၊ အီတလီ ၊ ပိုလန် ၊ ချက် ၊ ဂျာမနီ နဲ့ မြောက်အမေရိက ဒေသတွေဖြစ်ပါတယ်။ လက်တင်တစ်ကြောမှာ သူ့ခြေရာတွေအပြည့်လို့ပဲဆိုရမလိုပါပဲ။ အခုမှ အသက် ၃၇ နှစ်ပဲရှိသေးတဲ့ ဘလူချယ်ဟာ သူ့လိုပဲ လူငယ်တွေဖြစ်ကြတဲ့ အီဒူး ၊ အာတီတာတို့နဲ့ပူးပေါင်းပြီး အသင်းအတွက်အလုပ်လုပ်ကြတော့မှာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ကွင်းတွင်းရော ၊ စီမံခန့်ခွဲမှုအပိုင်းမှာပါ လူငယ်တွေနဲ့ချီတက်နေကြပါပြီ။
တကယ်တော့ ဘလူချယ်က အာဆင်နယ်အသင်းရဲ့ ကင်းထောက်ဟောင်း မစ်လင်တက် အသင်းကထွက်ခွာပြီး ၃နှစ်အကြာမှာ အစားထိုးရောက်လာသူဖြစ်ပါတယ်။ မစ်လင်တတ်ဟာ အသင်းရဲ့ပုံရိပ်ကစားသမားတော်တော်များများကို ခေါ်ယူပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အီဒူးနဲ့ပြသနာအချို့ရှိခဲ့တယ်လို့ သိရပြီး နောက်ပိုင်းမှာတော့အသင်းက ထွက်ခွာသွားခဲ့ပါတယ်။ မစ်လင်တက် ရဲ့လက်ရာတွေကတော့ အူဘာမီယန် ၊ မာဗရိုပါနို့စ် ၊ မစ်ခီတာရီယန် ၊ လီနို ၊ ဆိုကရာတစ် ၊ တော်ရဲရား ၊ ဂွမ်ဒူဇီနဲ့ လစ်ချ်စတိုင်နာ တို့ပဲဖြစ်ပါတယ်။ လက်ရှိအသင်းမှာတော့ သူ့ရဲ့ အငွေ့အသက်တွေအတော်လေးကုန်ဆုံးနေပြီဆိုရပါမယ်။ ဘလူချယ်ကလည်း ဂျာမနီစျေးကွက်ကို အဓိကထားပြီး အလုပ်လုပ်သွားမယ်လို့လဲသိရပါတယ်။
ဘလူချယ်က အာဆင်နယ်မှာ သူတာဝန်ယူရမယ့်အပိုင်းနဲ့ပတ်သတ်ပြီး ပထမအသင်းရဲ့ နိုင်ငံတကာကစားသမားအပိုင်းကို အဓိကထားလုပ်ဆောင်မယ်လို့ပြောကြားခဲ့ပါတယ်။ အာဆင်နယ်မှာ အနောက်ဥရောပ ကစားသမားတွေကိုမြင်တွေ့ရတော့မလားဆိုတာ စောင့်ကြည့်ရမယ့်သဘောပါပဲ။ ဘိုင်ယန်မြုးနစ်မှာတုန်းကတော့ သူက ကစားသမားရှာဖွေရေးမှာတင်မကပဲ နောက်ဆုံးအဆင့်ဆုံးဖြတ်ချက်ချတဲ့နေရာမှာပါ ပါဝင်ပတ်သတ်သူဖြစ်တယ်လို့ သိရပါတယ်။ အသင်းကြီးအတွက်ရော ၊ အကယ်ဒမီအသင်းအတွက်ရော ပါဝင်လုပ်ကိုင်တယ်လို့လဲ ဆိုပါတယ်။
ရလဒ်တွေကတော့ တက်လိုက်ကျလိုက်ဖြစ်နေချိန်မှာ အာဆင်နယ်ကတော့ အသင်းရဲ့အစိတ်အပိုင်းအတော်များများကို အစားထိုးခြင်း ၊ ပြန်လည်တည်ဆောက်ခြင်းတွေပြုလုပ်နေပါတယ်။ ဒါကလည်း အာတီတာရဲ့ Process တွေထဲက အဆင့်တစ်ခုဖြစ်နိုင်ပါတယ်။