ပြီးခဲ့တဲ့ရက်က ဝက်ဖို့ဒ်ကစားသမား ဒန်းနစ်စ် က အာဆင်နယ်ကိုအားပေးသူဖြစ်ကြောင်း ၊ ဒါပေမယ့်အခုအချိန်မှာတော့ အားမပေးဖြစ်တော့ကြောင်းပြောလာခဲ့တယ်။ ဒီသတင်းထွက်ပြီးနာရီပိုင်းမှာပဲ အာဆင်နယ် နဲ မန်ယူက ဒင်းနစ်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းဌာနတစ်ခုက စပြီးတင်လာပါတယ်။ ရင်းမြစ်ကိုကြည့်လိုက်တော့ ဒန်းနစ်စ်ရဲ့ ကိုယ်ရံတော်အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပါတယ်။
ဒီကြားထဲမှာ Gunners’ Side စာဖတ်သူတွေအတွက် မရေးပေးဖြစ်ပဲ ချန်ထားခဲ့တဲ့ သတင်းအချို့ရှိပါတယ်။ ဥပမာ ရစ်ချာလီဆန်ကို အာဆင်နယ်က စောင့်ကြည့်နေတယ်ဆိုတာမျိုး။ သတင်းဌာနကြီးတွေက တက်လာတာဆိုပေမယ့် အားလုံးကိုအတည်ယူလို့မရ။ သူတို့ကလည်း ကိုးကားချက်ပါတယ်ဆိုပေမယ့် လိုရာကိုမရောက်ရောက်အောင်ဆွဲရေးကြတာတွေရှိတယ်။ ညနေတုန်းက Football London ရဲ့ဆောင်းပါးဆိုရင် Goal Contribution ဆိုတဲ့အချက်တစ်ချက်လေးကို ထောက်ပြပြီး ဟယ်ရီကိန်းထက် မာတင်နယ်လီက သာတယ်ဆိုတာမျိုးခေါင်းစဥ်တပ်လိုက်တာ။ ဒီလိုပြောလို့ သတင်းဌာနတွေကို မယုံရဘူးလို့ လဲဆိုမရပြန်။ သူတို့ပြောချင်တာကို ရောက်အောင်ဖတ်ရတာက ကိုယ့်တာဝန်။ ကျွန်တော့်လိုမျိုး တဆင့်ခံပြန်ရေးသားသူဆိုရင်တော့ ရင်းမြစ်အစုံကိုလိုက်ထောက်ပြီး မှန်လောက်ပြီဆိုရင် တင်ပါတယ်။
(ဖြည့်စွက် ၁ – ဒီရက်ပိုင်း စပိန်ဖက်က တိုက်စစ်မှုးတစ်ယောက်ကိုချိန်နေတယ်ဆိုတဲ့သတင်းကို Gunners’ Side မှာဖော်တောင်မဖော်ပြခဲ့ပါဘူး)
ဒီရက်ပိုင်းမှာ အက်သလက်တီကိုရဲ့ လူငယ်လေး ယာအိုဖိလစ်ကို အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်အသင်း ၄ သင်းက ခေါ်ယူချင်နေတယ်လို့ နာမည်ကျော်သတင်းတွေကဖော်ပြလာပြန်ပါတယ်။ အာဆင်နယ်အသင်းအတွက် မီဒီယာတွေဖော်ပြတဲ့ တိုက်စစ်မှုးအရေအတွက်ဟာ တော်တော်လေးများနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားအကုန်လုံးကို အာဆင်နယ်ချိတ်ဆက်နေမှာမဟုတ်ပါဘူး။ ပရိတ်သတ်တွေရဲ့ သတင်းဆာလောင်မှု ၊ တိုက်စစ်မှုးသစ်လိုချင်နေတဲ့အသင်းပရိတ်သတ်တွေရဲ့ခံစားမှု အတက်အကျကို မီဒီယာတို့အသုံးချခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီအထဲမှာ အာဆင်နယ်တကယ်ချဥ်းကပ်နေတာတွေလဲ ပါဝင်ပါလိမ့်မယ်။ ဒီတော့အပြောင်းအရွှေ့သတင်းများထွက်လာရင် အသင်းရဲ့မူဝါဒနဲ့ ပြန်လည်ချိန်ကိုက်ပြီးမှ အကြောင်းအရာရဲ့အလားအလာကို ပြန်တင်ပြဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုသတင်းတွေကို တင်သင့်သလဲဆိုရင် ကျွန်တော့်ရဲ့ စိစစ်ပုံလေးကို နဲနဲမျှဝေပါ့မယ်။ ပထမဆုံး သတင်းဌာနကိုကြည့်ပါတယ်။ ပြီးရင် သူတို့ရဲ့ ကိုးကားချက် ၊ ခေါင်းစဥ်နဲ့ စာကိုယ် ကိုက်မကိုက်ကြည့်ပါတယ်။ နောက်ပြီး အခြားဘယ် ဌာနတွေကရော တင်နေသေးလဲဆိုတာစစ်ပါတယ်။ အဲ့ဒီအချက်တွေမှာ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ရဲ့ Gunners’ Side မှာ တင်ထားဖူးတဲ့ ဘယ်သတင်းနဲ့ ဆင်နေသလဲဆိုတာစစ်ပါတယ်။ သတင်းအရမ်းထပ်ရင်လဲ ချန်ထားဖြစ်ခဲ့ပါတယ်။ ဥပမာ ဇာကာရီယာ ဆိုရင် နေ့တိုင်းသူ့အကြောင်းပါဝင်ပေမယ့် ကျွန်တော်ချန်ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ စာဖတ်သူတွေဆီမှာလည်း အင်တာနက်ဖိုး ကုန်ကျစားရိတ်ရှိပါတယ်။ အချိန်ရင်းနှီးမှုရှိပါတယ်။ ဒီအတွက် ကျွန်တော့်ဖက်က လေးစားမှုအပြည့်ထားပါတယ်။
(ဖြည့်စွက် ၂ – ဒီကိစ္စကိုလဲ တော်တော်လေးတိုင်ပင်ဖြစ်ပါတယ်။ ဘေကုန်သက်သာပြီး အာဆင်နယ်သတင်းကို အမြဲသိချင်နေသူတွေအတွက် ကြိုးစားနေတာတွေရှိပါတယ်..စမ်းသပ်လို့အဆင်ပြေရင်ပြောပါ့မယ်)
အာဆင်နယ်ပရိတ်သတ်တွေက သူတို့အသင်းက ကစားသမားတွေကို စိတ်ပဲဝင်စားနေတာပဲ ၊ ခေါ်လဲမခေါ်ဘူးလို့ ပြောတတ်ကြပါတယ်။ ဒီနေရာမှာ အာဆင်နယ်လဲ အပြစ်မကင်းတာမှန်ပါတယ်။ သူတို့ကလည်းအေးဂျင့်တွေနဲ့အပြိုင် အရမ်းကစားတာကိုး။ တဖက်မှာလည်း အသင်းရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး မီဒီယာတွေဖက်က ကိုးကားချက်တွေ (သူတို့သိပ်ကျွမ်းပါတယ်) အပြည့်နဲ့ သတင်းဖြစ်အောင်ဆောင်းပါးရေးချလိုက်တာတွေသိပ်များပါတယ်။ ဒါကြောင့် အာဆင်နယ်ရဲ့ ပစ်မှတ်စာရင်းက လိုတာထက်ပိုဖောင်းပွနေခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တုန်းက ဝင်းဂါးကြီးရဲ့ ပစ်မှတ်တွေက နောင်တစ်ချိန် အောင်မြင်လာတာဆိုတဲ့အစဥ်အလာတွေကလည်းအသင်းကို ဟာသလုပ်စရာဖြစ်နေတာကလည်း အကြောင်းတစ်ခုပေါ့လေ။
ဒါကြောင့် Editorial ကိုခပ်တိုတိုပဲအနှစ်ချုပ်ရရင် သတင်းထွက်တဲ့တိုက်စစ်မှုးတိုင်း (တစ်နည်းအားဖြင့် ကစားသမားတိုင်း) က တကယ်ချိန်ရွယ်နေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်ရဲ့သဘောကိုက ပစ်မှတ်များတတ်တာကြောင့် ဟုတ်တာရော ၊ မဟုတ်တာရောနဲ့ စာရင်းတွေများလာတာဖြစ်ကြောင်း မျှဝေတာပါ။
စာဖတ်သူတွေအနေနဲ့ တစ်နေရာရာမှာ တစ်ယောက်ယောက်နဲ့ငြင်းခုံကြရင်း မင်းတို့အသင်းက ချိန်ပဲချိန်နေတာပဲလို့ ဆိုလာရင် ၊ မီဒီယာတွေက သတင်းဖြစ်အောင်ရေးနေတာကိုး လို့သာ ပြန်ပြောလိုက်ပါ။ အပြည့်အဝမမှန်တောင် အတိုင်းအတာတော်တော်များများမှန်ပါတယ်။