ဆယ်ပွဲဆက်တိုက်အရှုံးမရှိကာလတစ်ခုပြီးတဲ့နောက်မှာတော့ အစစအရာရာအဆင်ပြေနေတဲ့ အာဆင်နယ်နဲ့အာတီတာတို့အတွက် အရာရာကိုစိုးရိမ်နေရတဲ့ အခြေအနေတစ်ခုကိုနောက်တစ်ကြိမ်ရောက်သွားခဲ့ပြန်ပါပြီ။ သူတို့အနေနဲ့ တိုက်စစ်အတွက်ခေါင်းခဲနေရတယ်ဆိုတာ ပညာရှင်တွေလာထောက်ပြစရာမလိုလောက်အောင် ထင်ရှားနေပြီဖြစ်ပါတယ်။ အသင်းအနေနဲ့လတ်တလောအနိုင်ပွဲတွေရရှိအောင် စွမ်းဆောင်ရမှာဖြစ်သလို စိုးရိမ်စရာအခြေအနေကိုလဲ ရှင်းထုတ်ရမှာဖြစ်ပါတယ်။
အခုအချိန်အထိ အာဆင်နယ်တို့ဟာ ၁၅ ပွဲပြိုင်အပြီးမှာ ၇ ပွဲနိုင်ထားပြီး ၊ အဲ့ဒီထဲကမှ ၅ ပွဲကတော့ ၂ ဂိုးထက်ပိုသွင်းဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါက ဇယားရဲ့ အောက်ပိုင်းအသင်းတွေနဲ့မှာလည်း ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေပါ။ အသင်းမရွေး ၊ ကွင်းမရွေးတဲ့ အာဆင်နယ်ဆိုပါတော့။
အာဆင်နယ်အသင်း ဂိုးပေါက်လုံးဝမတွေ့တဲ့ ပွဲကလည်း ၅ ပွဲရှိနေပြန်ပါတယ်။ စာရေးသူအနေနဲ့ ဒီအခြေအနေကနေ အာဆင်နယ်တို့ ရုန်းမထွက်နိုင်တော့မှာကို စိုးရိမ်မိပါတယ်။ Sky Sport ကနေဖော်ပြလာတဲ့ ကိန်းဂဏန်းတွေအရ အာဆင်နယ်တို့ဟာ တိုက်စစ်ပြသနာ သိသိသာသာကြီးကိုတက်နေပါပြီ။ ဂန်နားတို့ဟာ အခွင့်ကောင်းဖန်တီးနိုင်မှုဇယားမှာ အဆင့် ၁၉ ရောက်နေပြီ။ ဥရောပအဆင့်ကို ပြန်လည် တက်လှမ်းဖို့ကြိုးစားနေတဲ့ အသင်းတစ်သင်းအနေနဲ့ ဒီအခြေအနေဟာ သူတို့မျှော်လင့်တာတွေကို ပြန်လည်ရရှိမယ်လို့ ယုံချင်စရာအခြေအနေမှာ ရှိမနေပါဘူး။ ထိုနည်းတူစွာ အာတီတာနဲ့ အီဒူးတို့အတွက် အမြန်ဆုံးပြင်ဆင်ရမယ့်အချက်ကို ပြင်ဆင်ရုံကလွဲရင် အခြားနည်းလမ်းမရှိပါဘူး။
လာကာဇက် ၊ အန်ကတ်တီယာတို့ နဲ့ ညှိုနှိုင်းမှုတွေ အဆင်မပြေတာကလဲ ဖုံးကွယ်ထားစရာလျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပဲ ကစားသမားတွေက အသင်းနဲ့ဝေးရာဆီကို ခြေလှမ်းပြင်နေကြပါပြီ။ လူငယ်တိုက်စစ်မှုးလေး ဘာလိုဂန်ကလဲ ဝိရောဓိ တွေနဲ့ပါ။ ကစားသမားကို ဆက်ရှိစေမှာလား ၊ အငှားချမှာလား .. ရေရေရာရာမရှိလှသေး။
အရေးအကြီးဆုံးအချက်တစ်ခုက အသင်းခေါင်းဆောင် အူဘာမီယန်တစ်ယောက် ပုံမှန်ခြေစွမ်းအောက်ကို ဆိုးဆိုးရွားရွားရောက်နေတဲ့အချက်ပါ။ သူက ဒီရာသီမှာ ၁၄ ပွဲကစား ၄ ဂိုးသွင်းထားနိုင်ပေမယ့် သူဂိုးမသွင်းတဲ့ပွဲတွေဆိုရင် ဝင်ကစားနေမှန်းတောင်မသိရတဲ့အခြေအနေဖြစ်နေပါပြီ။ အားမနာစတမ်းထပ်ပြောရရင် တိုက်စစ်မှာတင်ပြသနာတက်နေတာမဟုတ်ပဲ ၊ ကွင်းလယ်ကလည်း ခြေစွမ်းမတည်ငြိမ်မှု ၊ တစ်ဦးခြင်းစီမှာ ပြသနာနဲနဲစီရှိနေမှုတို့က အခုနောက်ဆုံးပွဲတွေမှာ ပိုသိသာလာပြန်ပါတယ်။
အဓိကကွင်းလယ်ကစားသမား ရှာခါရဲ့ဒဏ်ရာကြောင့် အာတီတာဟာ လူငယ်ကစားသမား ဆမ်ဘီလိုကွန်ဂါကို အားကိုးခဲ့ရပြီး သူအနေနဲ့ ပွဲထွက်ခွင့်ပိုများလာသလို ၊ တချိန်ထဲမှာပဲ အတွေ့အကြုံနဲပါးမှုကလဲ သိသိသာသာပေါ်လွင်နေခဲ့ပြီး ဂိုးပေးရလောက်တဲ့အမှားတွေလဲ ကျူးလွန်နေခဲ့ပါတယ်။ ပါတေးက လဲ သူ့ကိုယ်သူအားမရကြောင်းဝန်ခံခဲ့ပြီး ပုံစံကောင်းရအောင်ပြန်ကြိုးစားမယ်လို့ ဆိုလာပါတယ်။ ပါတေးက သူ့ကိုယ်သူအတော်နှိမ့်ချထားတာဖြစ်နိုင်ပေမယ့် ပုံစံပျက်နေတယ်ဆိုတာလဲ တကယ်မြင်နေရတဲ့အရာပါ။
ဒီရာသီကစားခဲ့သမျှပွဲတွေမှာ ကွင်းလယ်ကသွင်းတဲ့ဂိုးက ၄ ဂိုးပဲရှိပြီး ဖန်တီးမှုကလဲ ၃ ကြိမ်သာရှိပါတယ်။ အဲ့ဒီအထဲက ၂ ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ်က အိုဒီဂတ်ဆီကလာတာပါ။ ဒါဟာ ထိပ်ဆုံး ၄ သင်းဝင်မယ့်အသင်းတစ်သင်းရဲ့အနေအထားမဟုတ်တာကိုရှင်းရှင်းလင်းလင်းမြင်နေရတာပါပဲ။
ဒီလိုအဖြစ်တွေများနေ ၊ ဒီလိုစာတွေရေးနေရသရွှေ့ အာဆင်နယ်ရဲ့ ရည်မှန်းချက်တွေဟာ ကြာလေဝေးလေဖြစ်နေမှာပါ၊ အီဒူးအနေနဲ့ အာတီတာကို လိုအပ်နေတဲ့ ကွင်းလယ်နဲ့တိုက်စစ်နေရာကိုဖြည့်တင်းပေးနိုင်ဖို့မသေချာပေမယ့် ဒီနေရာတွေဟာ ပြသနာအကြီးကြီးရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရပါပြီ။
Ref – Football London – Christ Davison