‘‘ အာတီတာက အာဆင်နယ်ရဲ့ လမ်းပတ်ပါပဲ ” လို့ ဆိုင်မွန်ဂျော်ဒန်ကတော့ ဆိုလိုက်ပါတယ်။ သူဘာကိုဆိုလိုပါသလဲ။
၂ ရာသီလောက် ခက်ခဲတဲ့ရာထူးမှာနေထိုင်လုပ်ကိုင်ပြီးတဲ့နောက်မှာလည်း အာဆင်နယ်အတွက်တည်ငြိမ်မှုတစ်ခုကို အာတီတာက ကြိုးစားရှာဖွေနေရတုန်းဖြစ်ပါတယ်။ အမ်းမရိတ်ဟာ အရှုံးတွေနဲ့ရင်ဆိုင်နေရဆဲပါပဲ။ ဒီရာသီမှာ စိတ်ပျက်စရာကောင်းတဲ့အစတစ်ခုစခဲ့တယ်။ အဲ့ဒီနောက်တော့ ရှုံးပွဲမရှိဆက်တိုက်ချီတက်ပြန်တယ်။ ဇယားထိပ်ပိုင်းကိုပြန်ရောက်လာခဲ့တယ်။ ဒါပေမယ့် အသင်းကြီးတွေနဲ့လဲ ရင်ဆိုင်တွေ့ရချိန်ရောက်ရော အာဆင်နယ် အဆင့် ၇ ကိုပြန်ရောက်သွားတော့တာပါပဲ။ အာတီတာထွက်စေချင်တဲ့ သတင်းတွေလဲ နာရီပိုင်းအတွင်းတက်လာတော့တာပါပဲ။
အားလုံးကတော့ စမစ်ရိုး နဲ့ ဆာကာရဲ့ထူးခြားတဲ့ခြေစွမ်းတွေအကြောင်း ၊ အာတီတာရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ငန်းစဥ်အကြောင်းကို အမျိုးမျိုးဝေဖန်နေကြတာပါပဲ။ တကယ်တော့ လမ်းပတ်တစ်ယောက်ချဲလ်ဆီးမှာ ဒါမျိုးဖြစ်ပြီးသားပါ။ အပြောင်းအရွှေ့ပိတ်ခံရတယ်၊ အတွေ့အကြုံနဲတဲ့လူငယ်တသိုက်နဲ့ခရီးဆက်ရတယ်။ FA ဖလားဖိုင်နယ်တက်တယ်။ UCL ဝင်ခွင့်ရတယ်။ ဒီနေ့ အသင်းအတွက် မှီခိုရလောက်အောင် ကောင်းနေပြီဖြစ်တဲ့ လူငယ်တသိုက်ကို စင်တင်ပေးနိုင်ခဲ့တယ်။
မနှစ်တုန်းက လမ်းပတ်အထုတ်ခံရပြီးတဲ့အခါ တူချယ်ဝင်ရောက်လာခဲ့ပြီးနောက် အသင့်သုံးလူငယ်တသိုက်ကို possession-based philosophy စနစ်မှာသွတ်သွင်းပြီး အောင်ပွဲတွေရယူနိုင်ခဲ့တယ်။ ခရစ္စတယ်ပဲလေ့်စ်အသင်းရဲ့ အကြီးအကဲဟောင်း ဆိုင်မွန်ဂျော်ဒန်ကတော့ ဒီလိုအဖြစ်မျိုး အာဆင်နယ်မှာဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဟာ အရင်လိုအောင်မြင်မှုတွေပြန်ရနိုင်ဖို့အတွက် အာတီတာနဲ့အတူအသဲအသန်ကြိုးစားနေပါတယ်။
TalkSport ရဲ့ One-2-One Program မှာ ဂျော်ဒန်က သူတို့အသင်းထိပ်ဆုံး ၄ သင်းဝင်မှာလားမေးရင် ကျွန်တော်က No ပဲဖြေဖြစ်မှာပါ လို့ခပ်ပြတ်ပြတ်ပြောပါတယ်။
အာတီတာက အခြေတည်နေတာဖြစ်ပါတယ်။ တချိန်က လမ်းပတ်တစ်ယောက်ချဲလ်ဆီးမှာ ကြုံရတာမျိုးပေါ့။ တစ်စုံတစ်ယောက်က အစိတ်အပိုင်းတွေကို စုစည်းမယ်။ ပြီးရင်တော့ အခြားတစ်ယောက်က ဒီအရာတွေကို တည်ဆောက်ပြီး အကောင်အထည်ဖော်မယ်။ တူချယ်လိုပေါ့ဗျာ
သူကထပ်ပြောပါတယ်။
အာဆင်နယ်ဟာ အာဆင်နယ်ပြန်ဖြစ်ဖို့ ရုန်းကန်နေရပါတယ်။ အဖက်ဖက်ကပေါ့ … အာဆင်နယ်မှာ အချိန်အတော်ကြာပျောက်ဆုံးနေတဲ့အရာတွေကများလှပါပြီ။ ဒါတွေကြောင့် အာဆင်နယ်ဟာ ထိပ်ဆုံးလေးသင်းထဲမဝင်နိုင်သေးဘူလို့ ကျွန်တော်ပြောတာပါ။
အာတီတာဟာ ကာလရှည်မန်နေဂျာတစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် အာဆင်နယ်အသင်း သူ့အဆင့်သူပြန်ရောက်ဖို့ကတော့ ၁၀ နှစ် ၁၂ နှစ်လောက်ကြာဦးမှာပါ လို့ဆိုခဲ့ပါတယ်။
ဆိုင်မွန်ရဲ့အဆိုအရ အာတီတာအနေနဲ့အသင်းကိုအခြေတည်ရမှာဖြစ်ပြီး ၊ အချိန်တန်တဲ့အခါ သူ့ထက်ပိုပြီး အဆင့်မြင့်တဲ့ တစ်စုံတစ်ယောက်ဆီကို လက်လွှဲပေးရမယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင်ကြီး မာတင်ကီအွန်ကတော့ အခုလိုနှိုင်းယှဥ်တာကို သိပ်ကြိုက်ပုံမပေါ်။
ဒါက သိပ်တော့မမျှဘူးဗျ .. သူတို့နှစ်ယောက်ကိုတိုက်ရိုက်နှိုင်းယှဥ်လို့တော့မရပါဘူး၊ ကျွန်တော်တို့မေ့ထားလို့မရတဲ့အချက်က အာတီတာက သိပ်ရှုတ်ထွေးတဲ့ အဝတ်လဲခန်းတစ်ခန်းကို လက်ခံရယူခဲ့ပြီး ၊ အပြောင်းအလဲတွေအများကြီးလုပ်ခဲ့တာပါ လို့ကာကွယ်ခဲ့ပါတယ်။
နောက်ဆုံးရသတင်းတွေအရတော့ အာတီတာစိတ်ကြိုက်ခေါ်ယူတည်ဆောက်နေခဲ့တဲ့ လူငယ်ကစားသမားတွေကို အသင်းကြီးတွေက စတင်ချဥ်းကပ်နေကြပြီလို့ သိရပါတယ်။ မနိုင့်တနိုင်သွားနေရတဲ့ အာတီတာတစ်ယောက် မနိုင်ဝန်ထမ်းရဦးမယ့်သဘောပါပဲ။
Ref – Sean Obrien’s Exclusive Column (TalkSport)