ပေပေအတွက် သက်သေပြခွင့်လား

အသက် ၂၆ နှစ်အရွယ်တောင်ပံလူအတွက် နောက်ဆုံး ၂ ပွဲဟာ လက်ခံရခက်တဲ့ ခံစားချက်အချို့တော့ဖြစ်ကောင်းဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။  အသင်းအတွက် လိုအပ်နေတဲ့အချိန်မှာတောင် သူကရွေးချယ်စရာဖြစ်မလာခဲ့။  စမစ်ရိုးနဲ့ ဆာကာတို့ အသီးသီး မကစားနိုင်ကြချိန်မှာလည်း သူ့အတွက်အခွင့်အရေးတစ်ခုရှိမနေခဲ့တာပါ။ ကြံဖန်ပြီးကောင်းကွက်ရှာရရင်တော့ သူဘာဆက်လုပ်သင့်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့သဘောပါပဲ။

အဲဗာတန်နဲ့ပွဲမှာလည်း  အာတီတာဟာ အန်ကတ်တီယာကိုသာ အရေးကြုံချိန်မှာ အားကိုးခဲ့ပြီးစံချိန်တင်ကြေးနဲ့ ကစားသမားကတော့ အရံခုန်မှာသာဆက်ရှိနေခဲ့ရပါတယ်။

ကိန်းဂဏန်းတွေကိုကြည့်ပြီးပြောရင်တော့ ပေပေ က ထိပ်တန်းမှာတောင်ရှိတယ်ဆိုရဦးမယ်။ ဒါပေမယ့် သူ့ရဲ့မတည်ငြိမ်တဲ့ခြေစွမ်းနဲ့ အစွမ်းပြချင်စိတ်တွေက သူ့ရဲ့တက်လမ်းကိုပါဖျက်ဆီးခဲ့တယ်ပြောရမယ်။

ပြီးခဲ့တဲ့ရာသီတုန်းကတော့ နေရာရလှတယ်မဟုတ်ပေမယ့် ယူရိုပါလိဂ်ပြုင်ပွဲအပါအဝင် ပြိုင်ပွဲစုံမှာ သူကစားခွင့်ရခဲ့သလို တစ်ခုခုလုပ်ပြနိုင်ခဲ့တဲ့အနေအထားမှာလဲရှိခဲ့ပါတယ်။  တဖက်မှာလည်း လိဒ်နဲ့ပွဲမှာ လက်ခံရခက်တဲ့အမှားကိုသူကျူးလွန်ခဲ့ပြန်ပါသေးတယ်။ ​ဒါဟာ အသင်းအတွက် အဓိက ကစားသမားဖြစ်လာမယ့်လမ်းကြောင်းကိုအတားအဆီးဖြစ်ခဲ့တယ်လို့ ပြောလို့ရကောင်းရနိုင်ပါတယ်။

ပြီးခဲ့တဲရာသီရဲ့နောက်ဆုံး ၂ လမှာ ပြိုင်ပွဲစုံ ၈ ဂိုးသွင်းပေးခဲ့ပြီးတဲ့နောက်  အာတီတာရဲ့အသင်းဟာ ဥရောပအဆင့်နဲ့ကပ်ပြီးလွဲခဲ့ရပါတယ်။ ဒါကြောင့် ပြင်ဆင်မှုအားကောင်းခဲ့တဲ့ ဒီနှစ်ရာသီမှာ ပေပေက အဓိက ကစားသမားဖြစ်လာမယ်လို့ ထင်ခဲ့ကြတယ်။  စမစ်ရိုးကို စာချုပ်သစ်တိုးတယ်၊ အိုဒီဂတ်ကိုခေါ်တယ်။ ၄-၂-၃-၁ ကိုအထိုင်ချတယ်။ အရာရာက ပေပေ အတွက် ဦးစားပေးကစားသမား ကစားသမားဖြစ်လာမယ့် ပုံပဲ။

Advertisements

မန်စီးတီးကို ဂိုးပြတ်ရှုံးတဲ့ပွဲမတိုင်ခင် အထိ  ကာရာဘောင်းဖလားပွဲစဥ်တစ်ပွဲကလွဲရင် ပေပေက ပွဲတိုင်းပါခဲ့ပါသေးတယ်။ ဒါပေမယ့် ဆာကာ ကို ညာတောင်ပံမှာထားကစားရင်း သဘောကျသွားတဲ့နောက်မှာတော့ ပေပေ ရဲ့   နှုတ်ဆက်ချိန်က ပိုပြီးနီးလာခဲ့ပုံပါပဲ။

ပေပေရဲ့အသက်အရွယ်ဟာ ပွဲထွက်ကစားသမားတစ်ယောက်ဖြစ်နေရမယ့် ကာလအပိုင်းအခြားတစ်ခုမှာဖြစ်နေပြီး ၊ လက်ရှိအချိန်မှာ အာဆင်နယ်အနေနဲ့ စာချုပ်သက်တမ်း ၂၄ လ ကျန်နေချိန်မှာ ရောင်းမလား .. စာချုပ်သစ်တိုးမလား တစ်ခုခုလုပ်ရပါလိမ့်မယ်။ ဒါကတော့ သဘောတရားအရပြောတာပါ။ နှစ်ခုထဲကတစ်ခုလုပ်ရမယ်ဆိုရင် သူတို့ရောင်းချပါလိမ့်မယ်။ ပေပေအတွက်တော့ သူ့ရဲ့နေရာကို ဆာကာ ထံဆုံးရှုံးလိုက်ရပြီးတဲ့နောက်  အရံနေရာကိုပါ  မာတင်နယ်လီထံကို ထပ်ဆုံးရှုံးလိုက်ရပြီးတဲ့အချိန်မှာ လုပ်စရာကတော့ သိပ်ရှိပုံမရတော့ပါဘူး။

စကားကိုထိန်းထိန်းသိမ်းသိမ်းပြောတတ်တဲ့ အာတီတာကတော့ ပေပေကိုရောင်းမှာမဟုတ်ဘူးဆိုပေမယ့် ဦးစားပေးကစားသမားမဟုတ်တာလဲသိပ်ထင်ရှားပါတယ်။

လတ်တလောအခြေအနေအရတော့ ပေပေအတွက် အခွင့်အရေးတစ်ချို့ရှိလာမယ့်အနေအထားပါ။ ခြေစွမ်းပြန်ပြခါစ မာတင်နယ်လီရဲ့ကြံခိုင်မှုအနေအထားကလဲ မေးခွန်းထုတ်စရာအချို့ရှိလာပြန်ပါတယ်။ အာတီတာအတွက်ကတော့ ဘေးကျပ်နံကျပ်ပါပဲ။  အခြေအနေတွေကတော့  အာတီတာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ကွင်းထဲမှာ နံပါတ် ၁၉ ကို ပြန်မြင်ရမယ့် အနေအထားရှိနေပါတယ်။

ပေပေအတွက်လည်း ခုချိန်မှာအသင်းပြောင်းရမယ်ဆိုရင် ခေါင်းမော့ရင်ကော့ပြီးသွားဖို့အခြေအနေမပေးတာကြောင့်ဖြစ်သမျှကိုပြောင်းပြန်လှန်ဖို့က ရလာတဲ့အခွင့်အရေးကို အသုံးချပြီးကွင်းထဲမှာ အစွမ်းပြဖို့ပါပဲ။ ဒါက အသင်းအတွက်ရော ၊ သူ့အတွက်ပါ ကောင်းပါလိမ့်မယ်။

Advertisements

Leave a Reply

%d bloggers like this: