အာဆင်နယ်အမျိုးသမီးအသင်းရဲ့မျက်နှာစာ – မီဒမ်မာ

မီဒန်မာလို့ ဆိုလိုက်တာနဲ့ အာဆင်နယ်ဂျာစီ၀တ်ထားတဲ့ အပြုံးချိုချို အမျိုးသမီးလေးတစ်ယောက်ကိုမြင်ယောင်မိမှာ ဖြစ်ပါတယ်။ ဗီဗီယန်နီ မီဒန်မာ ဟာ ခေတ်သစ်အမျိုးသမီးဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး တိုက်စစ်မှူး‌‌တွေထဲက တစ်ဦးဖြစ်ပြီး ၂၀၂၁ခုနစ်အတွက် ဘီဘီစီကပေးအပ်ခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ပူပူနွေးနွေးရထားသူဖြစ်ပါတယ်။

ဒီ‌တော့ မီဒန်မာရဲ့အကြောင်းကို Gunners’ Side စာဖတ်သူတွေ ပိုပြီးပြည့်ပြည့်စုံစုံသိနိုင်အောင် ခုလိုပဲ ရေးသားတင်ဆက်လိုက်ရပါတယ်။

သူမရဲ့နာမည်အပြည့်အစုံက အန်နာမာဂရက်သာ မာရင်နာ အက်စ်ထရစ် ဗီဗီယန်နီ မီဒန်မာ ဖြစ်ပြီး မွေးနေ့ကတော့ ၁၅.၆.၁၉၉၆ခုနစ် ဖြစ်ပါတယ်။ နယ်သာလန်ဟာ သူမရဲ့ ဇာတိမြေဖြစ်ပြီး မီဒန်မာဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ဘောလုံးကစားပုံတွေကို ကြည့်ပြီး ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ အသက်ငါးနှစ်အရွယ်မှာပဲ ဘောလုံး စကစားခဲ့ပြီး အသက်ခြောက်နှစ်မှာ ဘောလုံးကန်ရင်း ရှေ့သွားနှစ်ချောင်းကျွတ်ခဲ့ရတာဟာလည်း သူမရဲ့ အစောပိုင်း ဘောလုံးသမားဘ၀ အမှတ်တရတစ်ခုပဲ ဖြစ်ပါတယ်။

မီဒန်မာဟာ ငယ်ငယ်လေးကတည်းက ဂိုးတွေ ခဏခဏ သွင်းယူတတ်သူဖြစ်ပြီး ယောကျာ်းလေး ဘောလုံးအသင်းတွေမှာလည်း ကစားတတ်သူဖြစ်ပါတယ်။ အဖေ၊အစ်ကိုတွေနဲ့အတူ ဖီယင်နော့ အသင်း ကစားတာကိုကြည့်ဖို မိုင်၁၂၀လောက် ခရီးနှင်ရတဲ့အခါလည်း မီဒန်မာလေးဟာ မပါမဖြစ်ပါပဲ။

ပရော်ဖက်ရှင်နယ် ဘဝ

သူမ အသက်၁၄နှစ်မှာ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို FC Heerenveen အသင်းနဲ့ချုပ်ဆိုခဲ့ပြီး ဒတ်ခ်ျအမျိုးသမီးလိဂ်ဖြစ်တဲ့ Eredivisie မှာ သူမထက် အသက်အများကြီးကြီးတဲ့သူတွေနဲ့ ကစားခဲ့ပါတယ်။ အသက်၁၅နှစ်အရွယ်မှာပဲ စီနီယာအသင်းမှာ ပါ၀င်ကစားခွင့်ရခဲ့ပြီး လိဂ်ရဲ့အငယ်ဆုံးအမျိုးသမီးကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့် သူမပထမဆုံးပါ၀င်ခဲ့တဲ့ ၂၀၁၁-၁၂ဘောလုံးရာသီမှာ ၁၇ပွဲကစား၊ ၁၀ဂိုးသွင်းယူပေးခဲ့ပြီး လိဂ်ရဲ့ ဒုတိယမြောက် ဂိုးအများဆုံးသွင်းယူသူ ဖြစ်ခဲ့ပါတယ်။

၂၀၁၂-၁၃ရာသီမှာ ၂၆ပွဲကစား၊၂၇ဂိုးသွင်းယူခဲ့ပြီး သူမရဲ့ တိုးတက်မှုကိုပြသနိုင်ခဲ့သလို ၂၀၁၃-၁၄ရာသီမှာတော့ ၂၆ပွဲကစားရာမှာ ၄၁ဂိုးအထိသွင်းယူခဲ့ပြီး အသက်၁၇နှစ်အရွယ်မှာပဲ လိဂ်ရဲ့ဂိုးသွင်းဘုရင်ဆုကို ရယူနိုင်ခဲ့ပါတယ်။

ဒီလိုစွမ်းဆောင်ရည်တွေကြောင့် ကလပ်အသင်းအများအပြားက မီဒန်မာကို ခေါ်ယူဖို စိတ်၀င်စားခဲ့ပြီး  ၂၀၁၄မှာ ဘိုင်ယန်မြူးနစ်အသင်းက သူမကိုခေါ်ယူခဲ့ကာ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။မီဒန်မာဟာ ဂျာမနီမြေကို စရောက်တဲ့နှစ်မှာပဲ ရှုံးပွဲမရှိ လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ပထမရာသီမှာ ၁၇ပွဲကစား၊၇ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယရာသီမှာတော့ ၂၂ပွဲကစား ၊၁၈ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အင်္ဂလိပ်နဲ့ ဂျာမနီစကား‌မပြောနိုင်တဲ့မီဒန်မာအတွက် ဂျာမန်မြေ ရောက်ခါစမှာရောက်ခါစမှာ အခက်အခဲတွေ့ ခဲ့ရပေပမယ့် နောက်ပိုင်းတော့ ဒီဘာသာစကားအခက်အခဲကို ကျော်လွှားနိုင်ခဲ့ပါတယ်။သူမဟာ ၂၀၁၆-၁၇ ဥရောပ အမျိုးသမီးချန်ပီယံလိဂ်မှာ ရှစ်ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်လည်းဖြစ်ခဲ့ပါတယ်။

၂၀၁၇မှာတော့ မီဒန်မာ ဟာအခြားသော ဥရောပအသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့အတွက်ဆွေးနွေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ဟာ သူမကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားခဲ့ချင်ပေမယ့် သူတိုရဲ့လစာပေးတဲ့ပုံစံကို ပြောင်းလဲလိုစိတ်မရှိခဲ့တာကြောင့် မီဒန်မာနဲ့ စာချုပ်သစ်ကိစ္စဟာမဖြစ်မြောက်ခဲ့ပါဘူး။

၂၀၁၇ မေလမှာ မီဒန်မာဟာ အင်္ဂလန်ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီး  အသင်းအတွက်ပထမဆုံးသွင်းဂိုးကို အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေ အမျိူသမီးစူပါလိဂ်ပွဲစဉ်မှာ သွင်းယူပေးခဲ့ပါတယ်။မီဒန်မာဟာ ၂၀၁၇-၁၈ဘောလုံးရာသီမှာ အာဆင်အတွက် ၁၁ပွဲကစား၊၄ဂိုးသွင်းယူပေးခဲ့ပါတယ်။အာဆင်နယ်ဟာ ရာသီအဆုံးမှာ အမှတ်ပေးဇယားအဆင့် ၃နေရာနဲ့ အဆုံးသတ်ခဲ့ပြီး မီဒန်မာရဲ့သွင်းဂိုးနဲ့အတူ မန်စီးတီးအသင်းကိုအနိုင်ယူကာ FA WSL ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၈-၁၉ရာသီမှာတော့ ရာသီအဖွင့်ပွဲမှာပဲ မီဒန်မာဟာ ဟက်ထရစ် သွင်းယူခဲ့ပြီး အာဆင်နယ်က လီဗာပူးလ်ကို ၅ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။ရာသီကုန်မှာ အာဆင်နယ်ဟာ လိဂ်ချန်ပီယံဖြစ်ခဲ့သလို ၂၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ မီဒန်မာကလည်း လိဂ်ရဲ့ ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့သလို PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၉ အောက်တိုဘာမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့စပါတာပရဂ်တိုရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ဦးတည်း လေးဂိုး‌သွင်းယူနိုင်ခဲ့ပါတယ်။ငါးရက်အကြာမှာတော့ မီဒန်မာဟာ ၂၀၁၉ခုနစ် အမျိုးသမီး Ballon d’Orဆု အတွက် ဆန်ကာတင်စာရင်းမှာ ပါ၀င်ခဲ့ပြီး အဆင့်ငါး ချိတ်ခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ဘောလုံးရာသီမှာတော့ မီဒန်မာဟာ ၁၄ပွဲကစား ၁၆ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အမျိုးသမီးဘောလုံးလိဂ်ပြိုင်ပွဲရဲ့ အကြီးမားဆုံး နိုင်ပွဲဖြစ်ခဲ့တဲ့ အာဆင်နယ်က ဘရစ္စတိုစီးတီးအသင်းကို ၁၁ဂိုး သွင်းယူခဲ့တဲ့ပွဲစဉ်မှာ သူမဟာ တစ်ဦးတည်းခြောက်ဂိုး သွင်းယူခဲ့တဲ့အပြင် ဂိုးဖန်တီးမှု လေးကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပါတယ်။ဒီရာသီမှာတော့ ကိုဗစ်‌ရောဂါကူးစက်မှုတွေကြောင့် FAဟာ ဘောလုံးရာသီကို စောစောစီးစီး ရပ်တန့်ခဲ့ပြီး အာဆင်နယ်အသင်းဟာ  ၁၅ပွဲကစားပြီးချိန်မှာ ၁၂ပွဲနိုင် ၃ပွဲရှုးရလဒ်နဲ့ အဆင့်သုံးနေရာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ FAအမျိုးသမီးလိဂ်ဖယားဗိုလ်ပုပွဲမှာတော့ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ရပါတယ်။

၂၀၁၉ အောက်တိုဘာမှာတော့ တော့တမ်ဟမ်ဟော့စပါးအသင်းကို ၆ဂိုး ၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီး အမျိုးသမီးဘောလုံးလိဂ်ပြိုင်ပွဲမှာ တစ်ရာသီတည်း လိဂ်ဂိုး၅၀သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ မတ်လမှာ မီဒန်မာဟာ မန်စီးတီးရှေ့တန်းကစားသမား အယ်လန်ဝှိက်ကို ကျော်ဖြတ်ပြီး သွင်းဂိုး၅၆ဂိုးနဲ့အတူ အမျိုးသမီးဘောလုံးလိဂ်ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ စက်တင်ဘာမှာတော့ မီဒန်မာဟာ အာဆင်နယ် အသင်းအတွက်   ပွဲပေါင်း ၁၁၀ ယှဉ်ပြိုင်ကစားပြီးချိန်မှာ သွင်းဂိုး ၁၀၀ပြည့်မြောက်ခဲ့ပါတယ်။ နို၀င်ဘာလမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ဂိုးသွင်းယူပြီးနောက် မီဒန်မာဟာ အမျိုးသမီး‌ ဘောလုံးလိဂ်ပြိုင်ပွဲသမိုင်းမှာ တွေ့ဆုံခဲ့တဲ့အသင်းတိုင်းကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

နိုင်ငံအသင်းကစားသမား ဘ၀

မီဒန်မာဟာ ၂၀၁၃ခုနစ်စက်တင်ဘာမှာ နိုင်ငံ့အသင်းအတွက် ပထမဆုံး ကိုယ်စားပြုကစားခွင့်ရခဲ့ပြီး စီနီယာကစားသမားဘ၀ ပထမဆုံး သွင်းဂိုးတွေအဖြစ် အောက်တိုဘာမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နယ်သာလန်က ပေါ်တူဂီကို ၇ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၁၆မိနစ်တည်းနဲ့ ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။ ခြေစစ်ပွဲအဆင့်မှာသွင်းဂိုး၁၆ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြန်ပါတယ်။

၂၀၁၉ ဇွန်လမှာတော့ ကင်မရွန်းအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပွဲစဉ်မှာ သူမရဲ့ နိုင်ငံအသင်း သွင်းဂိုး ၆၀ ပြည့်မြောက်ခဲ့ပြီး နိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့ပါတယ်။တိုကျိုမှာ ကျင်းပခဲ့တဲ့ ၂၀၂၀ အိုလံပစ်မှာလည်း ၄ပွဲကစား၊ဆယ်ဂိုး သွင်းယူကာ အိုလံပစ် စံချိန်တစ်ခု တင်နိုင်ခဲ့ပြန်ပါတယ်။

မီဒန်မာဟာ ဖီယင်နော့ အသင်းရဲ့ပရိသတ်အဖြစ် ကြီးပြင်းလာခဲ့ပြီး ဖီယင်နော့နဲ့ အာဆင်နယ်ကစားသမားဟောင်းဖြစ်သူ ရော်ဘင်ဗန်ပါစီကို လေးစားအတုယူခဲ့သူတစ်ဦးဖြစ်ပါတယ်။သူမဟာ ဂိုးသွင်းစွမ်းရည်အထူးကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပေမယ့် သူမကစားတဲ့ပုံက ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးနဲ့ပိုတူတယ်လို မီဒန်မာက ပြောခဲ့ဖူးပါတယ်။

မီဒန်မာဟာ ဂိုးသွင်းတဲ့အခါ အောင်ပွဲခံလေ့မရှိတာနဲ့ပတ်သက်ပြီး လူသိများပြီး နှိမ့်ချနေထိုင်တတ်သူ တစ်ဦးလည်းဖြစ်ပါတယ်။ ”လူတိုင်းက ကျွန်မကို စောင့်ကြည့်နေတဲ့ လူမျိုးမဖြစ်ချင်ပါဘူး။ ဘောလုံးကန်ရတာ၊ဂိုးတွေသွင်းယူကတာ ကျွန်မရဲ့အလုပ်ပါ။ အခြားသူတွေဂိုးသွင်းရင်လည်း ပျော်ရွှင်မိပါတယ်”လို့ သူမရဲ့ ခံယူချက်ကို ပြောပြခဲ့ပါတယ်။

မီဒန်မာဟာ အာဆင်နယ်အသင်းဖော်‌ ဟောင်းဖြစ်သူ (လက်ရှိ၀က်စ်ဟမ်းအသင်းမှာ အငှားသွားရောက်ကစားနေသူ) လီဆာအယ်ဘန်နဲ့ချစ်သူတွေဖြစ်နေကြပြီး လန်ဒန်မှာပဲ အတူနေထိုင်နေပါတယ်။

Leave a Reply

%d bloggers like this: