ရမ်းဒေးလ်လျှောက်ခဲ့ ခရီးပေါင်းများစွာ

အာဆင်နယ် အသင်းရဲ့ ဂိုးရှေ့မှာ ဆယ်စုနှစ်တစ်ခုနီးပါးပျောက်ဆုံးနေခဲ့တဲ့အရာကိုပြောပါဆိုရင်  စိတ်အားထက်သန်မှု ကိုပဲ ရှေ့ဆုံးကပြောရပါလိမ့်မယ်။ လီနိုမှာ ထိပ်တန်း ကာကွယ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်  အသင်းသားတွေက ဒါငါတို့ဂိုးသမားဆိုတဲ့ ဂုဏ်ယူရလောက်တဲ့ အချက်မျိုးကတော့ရှားပါးလှပါတယ်။ ကာကွယ်မှုဆိုတာ ထိပ်တန်းဂိုးသမားတိုင်းမှာရှိပါတယ်။

ဒီလိုနဲ့ အခုရာသီမှာ လီနို ကျဆင်းလာချိန်မှာ တဖက်က အသင်းကို ကျောခိုင်းသွားခဲ့သူ မာတီနက်စ်  ရဲ့လက်စွမ်းတွေကလည်း အာဆင်နယ် ပရိတ်သတ်တွေအတွက် အရှိုက်တည့်တည့်ကို ထိစေပါတယ်။  လီနိုရဲ့ အထက်မှာနေလိုခဲ့သူ ၊ မနေရလို့ ထွက်ခွာခဲ့သူက ပြလိုက်တဲ့လက်စွမ်းတွေ။ အာဆင်နယ်ပရိတ်သတ်တွေ လူသိရှင်ကြား အသဲကွဲတာပါပဲ။ ဒါပေမယ့် သူတို့သိပ်အထင်မကြီးခဲ့တဲ ဂိုးသမားဆီမှာ သူတို့ ငတ်မွတ်ခဲ့သမျှအရာရာကို ပြန်ရလိုက်ပါတယ်။

ကစားသမားဟောင်းမူအမ်ဘာက  သူ့ရဲ့ ကိုယ်ပိုင် Twitch Channel ကနေ  အာဆင်နယ် ဂိုးသမား အာရွန်ရမ်းစ်ဒေးကို ချီးကျူးခဲ့ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ယခုရာသီမှာ တောက်လျှောက် လက်စွမ်းပြနေပြီး  ၊ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာလည်း  Clean Sheet ထပ်ရထားပြန်ပါတယ်။  နယူးကာဆယ်တို့ရဲ့ ကန်ချက်ကောင်းလှပါတယ်ဆိုတဲ့ ရှယ်ဗေးရဲ့  အဝေးကန်ချက်တွေကို လှလှပပကာကွယ်ရင်း သူ့ရဲ့အရည်အသွေးကိုထပ်မံပြထားပြန်ပါတယ်။  မူအမ်ဘာက  ရမ်းစ်ဒေး ဟာ လက်ရှိ အဂ်လန်ရဲ့အကောင်းဆုံးဖြစ်တယ်လို့  ဆိုပါတယ်။

“ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ဖြစ်ပါတယ်။  သူက လက်ရှိအဂ်လန်ရဲ့ အကောင်းဆုံးဂိုးသမားပါ။  သူရဲ့ကာကွယ်မှုတစ်ချို့က အံ့အားသင့်စရာအလွန်ကောင်းလှပါတယ်။  သူ့ဆီလာသမျှ ကန်ချက်တွေကို  လွယ်ကူမှုတွေအဖြစ်ပြောင်းလဲနိုင်ပါတယ်။ တန်းဆင်းသွား တဲ့အသင်း တစ်သင်း ကနေ ပြောင်းလာတဲ့သူ့ကိုအရမ်းအထင်မကြီးခဲ့မိပါဘူး။  ဒါရိုးရိုးသားသား ပြောတာပါ။ နောက်ပြီး အာဆင်နယ်က သူ့ကိုပေးရတဲ့စျေးက သိပ်ကြီးတယ်။ ဒါပေမယ့် သူကရသမျှ အခွင့်အရေးကို ဆုပ်ကိုင်ပြီး တစ်ကြိမ်ပြီးတစ်ကြိမ်သက်သေပြနေပါတယ်။  သူလုပ်နေသမျှ အရာရာက သိပ်ပြီး လှပနေပါပြီ။  ဒီချာတိတ်ဟာ ခင်ဗျားအနေနဲ့ အဂ်လန်က ဂိုးသမားတွေကို စာရင်းပြုစုရင် ထိပ်ဆုံးကနေရာယူနေမှာပါ။  သူဟာ သက်သေပြဖို့အတွက် ခရီးရှည်ကြီးကို ဖြတ်သန်း လာခဲ့တာပါ။  ခင်ဗျားသူ့ကို ချန်ထားလို့မရတော့ဘူး .. သူက သိပ်ကိုကောင်းမွန်နေပါပြီ “  လို့    မူအမ်ဘာ ကဆိုပါတယ်။

ဒါကတော့ မူအမ်ဘာရဲ့အမြင်ပါ။  ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဂိုးသမားတွေ ရဲ့နာမည်တွေကို ကြည့်တဲ့အခါ အယ်လစ်ဆင် ၊ ဒီဂီယာ ၊ အီဒါဆင် ၊ မန်ဒီစတဲ့သူတွေ ရှိနေပါတယ်။ သူတို့တွေက အဆင့်အတန်း တစ်ခုကိုတည်ဆောက်ထားခဲ့တာ ရာသီတွေများစွာ ကျော်ဖြတ်ခဲ့ပြီးသားပါ။  တချိန်ထဲ မှာပဲ လက်ရှိလက်စွမ်းကိုကြည့်ရင်လဲ ရမ်းဒေးလ်က အကောင်းဆုံးထဲမှာ ပါဝင်နေပါတယ်။  သူက မန်ဒီလိုလဲ  Clean Sheet တွေအများကြီးမရှိသေးသလို ၊ အီဒါဆင်နဲ့ အယ်လစ်ဆင်တို့လို လဲ ဆုဖလား တွေနဲ့အတူ မအောင်မြင်သေးပါဘူး။ ဒါပေမယ့် ကာကွယ်မှုတွေကိုပဲ သီးသန့်ကြည့်မယ် ဆိုရင်တော့ စကားဝိုင်းထဲမှာ သူ့အကြောင်းကိုထည့်ထားရပါလိမ့်မယ်။

ရမ်းစ်ဒေးလ် ဟာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပါတယ်။  ကစားသမားဘဝမှာ ကလပ်အသင်းတွေနဲ့အတူ  ပွဲပေါင်း ၁၃၆ ပွဲပဲကစားရသေးပါတယ်။ အာဆင်နယ်လိုအဆင့်နဲ့ထိုက်တန်မှုမရှိဘူးဆိုတဲ့ စကားတွေကြားကနေပဲ ၁၁ ပွဲတိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂိုးခွင့်ပြု ရနှုန်းနဲ့ လက်စွမ်းကတော့ အငြင်းပွားစရာမရှိကောင်းမွန်နေခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၃ လလောက်တုန်းက  အလှောင်ခံနေရတဲ့ ကစားသမားတစ်ယောက်က အခုတော့ တူညီတဲ့ပရိတ်သတ်ရဲ့ အသဲနှလုံးဖြစ်လာခဲ့ပါပြီ။

သူဘယ်လောက်ထိခရီးဆက်ရဦးမလဲ ။ တန်းဆင်းရခြင်းဆိုတာနဲ့ မကြာခနရင်းနှီးထားပြီးတဲ့နောက် ၊ ကစားတောင်မကစားရသေးပဲ ဝိုင်းအလှောင်ခံရပြီးတဲ့နောက် ဘယ်လိုဘောလုံးလောကဓံက သူ့ကို ခြိမ်းခြောက်နိုင်သေးလဲ။

ဒီမေးခွန်းတွေကို အတတ်မဖြေနိုင်ပေမယ့် မူအမ်ဘာစကားကိုပဲ မှီငြမ်းရရင်တော့  သူက ခရီးရှည်ကြီးကို လျှောက်လာခဲ့ပြီး ပြီလို့ပဲ ဖြေရပါလိမ့်မယ်။ ရုန်းကန်ခြင်းခရီးအလွန်မှာ  ရင်ဆိုင်အနိုင်ယူခြင်းခရီးကိုသာ လျှောက်လှမ်းစေချင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: