တကယ်လို့ မန်ယူနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ဘူး ဆိုပါစို့

ဒီစာစုကို မိတ်ဆွေဖတ်နေချိန်ဟာ မန်ယူနဲ့ပွဲမကန်ခင်ဖြစ်နိုင်သလို ၊ ရလဒ်ထွက်ပြီးချိန်လဲဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ဖတ်ဖို့အတွက်အဆင်ပြေနေသေးမယ်လို့ ယူဆပါတယ်။  အတွေးအားလုံးဟာ  Comment တွေကို မြင်ရ ၊ဖတ်ရပြီးချိန်မှာဖြစ်ပေါ်လာခဲ့တာပါ။

ဒီညပွဲဟာ အရေးကြီးပါတယ်။ ဇယားရပ်တည်မှုအတွက်ရော ၊ ဂုဏ်သိက္ခာအတွက်ရော ၊ မဟာပြိုင်ဖက်နဲ့ ကစားဖြစ်တာမို့ မှတ်တမ်းအတွက်ရော ဒါတွေအားလုံးအတွက် နိုင်မှဖြစ်မယ့်ပွဲပေါ့။ မနေ့က  ဝုဖ်ကလဲ သရေကျ ၊ ဝက်စ်ဟမ်းကလဲ အနိုင်မရတဲ့အခါ အာဆင်နယ်အတွက် ၃ မှတ်ထည့်ပေါင်းလိုက်ရင် ဖြစ်လာမယ့်အနေအထားက သိပ်ကိုကြည်နူးစရာပါ။ ဒီတော့ ပရိတ်သတ်အားလုံးက စိတ်လှုပ်ရှားကြ ၊နိုင်လိုစိတ်တွေပြင်းပြနေကြတာဖြစ်ပါတယ်။  ဒီနေရာမှာ တစ်ခုတွေးမိတာက ဒီပွဲရှုံးခဲ့ရင်ရော … ဆိုတာပါပဲ။  ပရိတ်သတ်ဆိုတာ ဖြစ်နိုင်ရင် မကန်ရတဲ့ပွဲပါနိုင်ချင်တာ သဘောပေါက်ပါတယ်။  Gunners’ Side   လဲ အတူတူပါပဲ။ တဖက်မှာလည်း ဘောလုံးပွဲဆိုတာ ရလဒ်အဖုံဖုံထွက်နိုင်တာကို သိထားရမှာဖြစ်ပါတယ်။

မန်ယူပရိတ်သတ်တွေက ၈-၂ နဲ့ စနေကြတော့ ၊ အာဆင်နယ် ပရိတ်သတ်တွေက နောက်ဆုံး ၃ နှစ်က ရလဒ်တွေနဲ့ ပြန်တုန့်ပြန်ကြတယ်။ ပွဲကြီးပွဲကောင်းတွေဆိုရင် Troll  ကြတာကလဲ  ရသတစ်ခုပါပဲ။ ဒါကြောင့်လဲ နိုင်ချင်နေကြတာနေပါလိမ့်မယ်။ 

ကဲ .. မူလခေါင်းစဥ်ဆီပြန်သွားရအောင်ပါ။

အာဆင်နယ်အသင်းဟာ အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့တိုင်း အသာရနေတာ ၃  ရာသီတိုင်ပြီဖြစ်ပါတယ်။ မနှစ်ကဆိုရင် အဝေးကွင်းမှာတောင်နိုင်ခဲ့သေးတယ်။ တဖက်မှာလည်း ရာသီကုန်တဲ့အခါ အဆင့်တွေထိုးကျပြီး  ပြီးခဲ့တဲ့ရာသီကဆိုရင် ဥရောပနဲ့အဝေးဆီကိုပါ မရောက်စဖူးရောက်ပါတော့တယ်။ ဘာကြောင့်ပါလဲ။

အားလုံးသိပြီးသားပါ။ ခံစားချက်ဖုံးနေကြတာကြောင့်သတိမထားမိတာပါ။ ပရီးမီးယားလိဂ်ဟာ တာဝေးပြေးပွဲပါ။  အမှတ်ဆုံးရှုံးမှုတွေ ၊ အမှတ်စုဆောင်းမှုတွေနဲ့ ခရီးရှည်ကိုလျှောက်ရတာပါ။ 

မန်ယူကိုနိုင်တယ်။ ဒါပေမယ့် ဘန်လေကိုရှုံးတယ် ၊ ဝက်ဖို့ဒ်ကိုသရေကျတယ်၊ နောဝစ်ချ်နဲ့ ခြေချော်တယ်။ ဘရိုက်တန်ကို ရှုံးတယ်။ ရာသီသိမ်းတော့ အဆင့် ၆ အောက်မှာ။ အဲ့ဒီအချိန်မှာ အာဆင်နယ်ပရိတ်သတ်တွေကို မန်ယူနဲ့ပွဲရှုံးပြီး  ၊ ကျန်တဲ့နိုင်သင့်ပြီး မနိုင်တဲ့ပွဲတွေကို ပြန်နိုင်မယ်ဆိုရင်လဲမလားလို့ မေးကြည့်ရင်ဘာဖြေကြမလဲ? တကယ်တော့မေးစရာမလိုပါဘူး။ အဲ့လိုအချိန်ရောက်ရင်  Comment တွေမှာလိုက်ဖတ်ရင် ဘာတွေပြောနေကြလဲ မှတ်မိကြမှာပါ။  မဟာပြိုင်ဖက်ကို နိုင်ရပါမယ်၊ နိုင်ရင်သိပ်ကောင်းပါတယ် ၊ ဒါပေမယ့် နိုင်သင့်တဲ့ပွဲအားလုံးကို နိုင်တာကလဲအရေးကြီးပါတယ်။ ပရီးမီးယားလိဂ်က တာဝေးပြေးပွဲပါ။

အခုလဲပရိတ်သတ်တွေကြားမှာပြေနေကြတာပြန်တွေ့နေရပါတယ်။ ကျန်တာဘာဖြစ်ဖြစ် ဒီပွဲနိုင်ရင်ရပြီတဲ့ ။ တကယ်ပဲ ဒီပွဲနိုင်ပြီး ကျန်ပွဲတွေမှာအမှတ်ဆုံးရင် ရလာမယ့် Impact ကိုခံနိုင်ပါ့မလားသိချင်ပါတယ်။

ဒီစာရေးလို့   Gunners’ Side  ကို မဆဲဘူးလို့ယုံကြည်ပါတယ်။ ဘာကြောင့် ဒီ  Editorial ကိုရေးရသလဲဆိုရင်  ဒီညပွဲကို မျှော်လင့်ချက်တွေအများကြီးထားနေကြပြီး ၊  ထင်သလိုဖြစ်မလာရင် အာတီတာနဲ့ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားဟာ ရစရာမရှိအောင် အဆဲခံရမယ့်  အလားအလာကိုကြိုမြင်နေလို့ဖြစ်ပါတယ်။  ကျွန်တော်ဟာလည်း အခြားအသင်းတွေ  ရှုံးပွဲမရှိစံချိန်တင်သွားမှာကို ကြောက်တဲ့ ၊ အာဆင်နယ်ကို ပွဲတိုင်းနိုင်စေချင်တဲ့   Gooner တစ်ယောက်ဖြစ်ပါတယ်။ ဒီပွဲကို သိပ်နိုင်ချင်ပါတယ်။ ဒါပေမယ့် မနိုင်ခဲ့ရင်လဲ အရမ်းခံစားရမှာမဟုတ်ပါဘူး။ အကြောင်းနှစ်ချက်ရှိပါတယ်။

  • ပထမအချက်က ရာသီကုန်မှာ ဇယားရပ်တည်မှုကောင်းဖို့က နံပါတ်တစ်ပါ။ မထင်မှတ်ပဲသရေကျသွားနိုင်တဲ့ပွဲတွေ ကိုကျော်ဖြတ်သွားဖို့ကပိုအရေးကြီးပါတယ်။
  • ဒုတိယအချက်ကတော့ ကစားရမယ့်အသင်းက မန်ချက်စတာယူနိုက်တက်ပါ။ ထိပ်တန်းကစားသမားတွေအပြည့်နဲ့ပါ။ အကြောင်းတစ်ချို့ကြောင့်သာ ခြေစွမ်းယိမ်းယိုင်နေတာပါ။

ဒါတွေကြောင့် ပွဲကောင်းတစ်ပွဲကြည့်ဖို့ပြင်ဆင်ထားသလို နိုင်စေချင်တာ အာဆင်နယ် ၊ နိုင်အောင်အားပေးမှာလဲ အာဆင်နယ်ပေမယ့် အခုရလဒ်ထက် ရာသီကုန်ရလဒ်က ပိုအရေးကြီးတာကို လက်ခံထားပါတယ်။ နိုင်ပွဲရလို့  Troll တာက ၃ -၄ ရက်နေရင် ပြီးသွားမှာ ။ ဥရောပပွဲတွေမကြည့်ရတာက အပတ်တိုင်း ခံစားနေရတာ။

Advertisement

Leave a Reply

%d bloggers like this: