အယ်နာဆရီကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်
အာဆင်နယ်အသင်းရဲ့တိုက်စစ်ပစ်မှတ်တွေထဲကတစ်ယောက်ဖြစ်တဲ့ ဆီးဗီးလားတိုက်စစ်မှုး အယ်နာဆရီကို မန်ချက်စတာယူနိူက်တက်တို့ကလည်း အလေးအနက် စိတ်ဝင်စားနေတယ်လို့ စပိန်ကလာတဲ့သတင်းတွေအရသိရပါတယ်။ နည်းပြသစ်နဲ့အတူ ရလဒ်ကောင်းတွေအတွက် ဆက်လက်ကြိုးပမ်းမှာဖြစ်ပေမယ့် ကြီးမားတဲ့အပြောင်းအလဲတွေကို လောလောလတ်လတ်ပြုလုပ်ဖွယ်မရှိဘူးလို့ ဆိုထားပေမယ့် အပြောင်းအရွှေ့သတင်းတွေကလည်း ထွက်လာတာဖြစ်ပါတယ်။
အာဆင်နယ် ရေဒါထဲက ကြယ်ပွင့်
လိုင်လီအသင်းနဲ့အတူ ဒီရာသီမှာအထူးတောက်ပနေတဲ့ ကနေဒါတိုက်စစ်မှုး ဂျိုနသန်ဒေးဗီး ကို အာဆင်နယ်အသင်းက ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်တယ်လို့ The Athletic က ဖော်ပြလာပါတယ်။ ဒေးဗီးစ် ဟာ လက်ရှိ လီဂူးဝမ်း မှာ ကမ္ဘာကျော်တိုက်စစ်မှုးတွေကိုကျော်လွန်စွမ်းဆောင်ပြနေတဲ့ ထိပ်တန်းဂိုးသွင်းရှင်လဲဖြစ်ပါတယ်။ အာဆင်နယ်တို့ဟာ ဂါဗင်ဟို ၊ ပေပေ နဲ့ ဂါဘရီယယ် တို့ကို လိုင်လီအသင်းကနေပဲခေါ်ယူခဲ့တာဖြစ်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တယ်လို့ အဆိုပါသတင်းကဆိုပါတယ်။ ကစားသမားကလည်း ဘာစီလိုနာလိုအသင်းကြီးရဲ့ စိတ်ဝင်စားမှုကို ခံနေရသည့်တိုင်အောင် ပရီးမီးယားလိဂ်မှာ ကစားဖို့ ပိုစိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။
အာဆင်နယ် အဆင့် ၅ နဲ့ ရာသီသိမ်းမယ်လို့ ခန့်မှန်း
ချဲလ်ဆီးကစားသမားလဲဖြစ် ၊ ဘောလုံးခန့်မှန်းသူလဲဖြစ်တဲ့ ခရစ္စတန်က ဒီရာသီမှာ ချဲလ်ဆီးအသင်းဗိုလ်စွဲမယ်လို့ ခန့်မှန်းလိုက်ပြီး အာဆင်နယ်အသင်းဟာ အဆင့် ၅ နဲ့ရာသီသိမ်းမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ အာဆင်နယ်နဲ့ပတ်သတ်လို့ သူက
ဥရောပပွဲတွေမရှိတာက အာဆင်နယ်အတွက် အဓိက အားသာချက်ပါပဲ။ အာတီတာနဲ့ သူ့အသင်းသားတွေဟာ အထွေအထူးအကြောင်းပြနေလို့တော့မရပါဘူး။ အခု အာဆင်နယ်ရဲ့ အခြေအနေက အာဆင်ဝင်းဂါး ကိုတောင်အသင်းကိုပြန်ခေါ်နိုင်မယ့်အနေအထားရှိနေပါပြီ။ သူက အသင်းကို ဘယ်လို ဆွဲတင်ရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ယူနိုက်တက် မန်နေဂျာသစ်က သိပ်ထူးချွန်ပါတယ်။ ယူနိုက်တက်တို့ဟာ ထိပ်ဆုံးလေးသင်းကို ရောက်မယ်လို့ ကျွန်တော်ထင်ပါတယ် လို့ ခန့်မှန်းသွားခဲ့ပါတယ်။
ပွဲကြို ချီးကျူးစကားဆိုတဲ့ ဒီဂီယာ
ယူနိုက်တက် ဂိုးသမာ ဒီဂီယာက အိုးထရက်ဖို့ဒ်မှာ ဆုံတွေ့မယ့်ပွဲစဥ်မတိုင်ခင်မှာ အာဆင်နယ်ကိုချီးကျူးလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာခြေစွမ်းပြနေပါတယ်။ သူတို့က တောက်လျှောက်တိုးတက်နေပြီး ကစားပုံလည်းကောင်းမွန်နေပါတယ်။ ကျွန်တော်တို့နဲ့ပွဲဟာ တကယ့်ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ လို့ ဆိုပါတယ်။ ခြေစွမ်းကျဆင်းနေတဲ့ ယူနိုက်တက်အသင်းဟာ နည်းပြဆိုးရှားထွက်သွားပြီးတဲ့နောက်မှာ ပုံစံကောင်းအချို့ပြန်လည်ရရှိနေပြီဖြစ်ပါတယ်။
စတာလင်က အာဆင်နယ်ကို စိတ်ဝင်စားနေ
စတာလင်ကိုခေါ်ယူရေးမှာ အာဆင်နယ်တို့အလားအလာအကောင်းဆုံးဖြစ်လာခဲ့ပြီး ကစားသမားကလည်း တော်တော်လေးစိတ်ဝင်စားနေတယ်လို့ ဂျာနယ်လစ် အီယန် မက်ဂယ်ရီက ဆိုလာပါတယ်။ အသင်းများစွာကစိတ်ဝင်စားနေသလို ၊ ကစားသမားကိုယ်တိုင်ကလည်း ထွက်ဖို့သေချာသလောက်ရှိလာချိန်မှာ အခုလိုသတင်းထပ်မံထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Daily Star ရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ စတာလင်ကို အဆွဲဆောင်နိုင်ဆုံးအနေအထားမှာရှိနေတယ်လို့ ဆိုပါတယ်။