ဘရာဇီးပြန်ချင်နေတဲ့ မာရီ
အသင်းမှာနေရာမရတော့တဲ့ ပါဘလိုမာရီဟာ သူ့ရဲ့ကလပ်ဟောင်း ဖလာမင်ဂိုအသင်းကို ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ The Sun ကဖော်ပြသွားပါတယ်။ မာရီဟာ ဒဏ်ရာပြသနာနဲ့ အခြားကစားသမားတွေခြေစွမ်းပြလာနိုင်ခြင်းကြောင့် အသင်းကိုရောက်လာကတည်းက ၂၂ ပွဲသာကစားပေးထားနိုင်ပါသေးတယ်။ ဒီရာသီ မာရီပါဝင်ကစားထားတဲ့ ၂ ပွဲမှာလည်း အာဆင်နယ်အသင်းဟာ ၂ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။
အာဆင်း အသင်းကိုပြန်လာဖို့ အာတီတာကြိုးစားနေ
အသင်းနည်းပြ အာတီတာအနေနဲ့ ဂန္တဝင် အာဆင်ဝင်းဂါးကို ရာထူးတစ်ခုနဲ့အတူအသင်းကိုပြန်လာစေချင်နေပါတယ်။ Daily Star ရဲ့ဖော်ပြချက်အရ သူတို့နှစ်ဦးကြားမှာ ဒီကိစ္စကို စကားပြောဆိုဖြစ်ကြတယ်လို့ သိရပါတယ်။ အာတီတာက
သူဖန်တီးတည်ဆောက်ခဲ့တဲ့အရာတွေကို သူပြန်မြင်ရင် ဝမ်းသာကြည်နူးမယ်လို့ ယုံကြည်ပါတယ်။ အားလုံးက သူ့ကိုချစ်ကြတယ် ၊ လေးစားကြတယ်၊ သူလုပ်ဆောင်ခဲ့တာတွေအပြင် လူသားတစ်ယောက်အနေနဲ့ပါ တန်ဖိုးထားကြပါတယ် လို့ ဝင်းဂါးအပေါ်သူ့ရဲ့အမြင်ကိုပြောခဲ့ပါတယ်။ ဆက်လက်ပြီး အာတီတာက ကျွန်တော့်အနေနဲ့ကတော့ အခုထက်ပိုပြီးအသင်းနဲ့နီးနီးကပ်ကပ်ရှိနေစေချင်ပါတယ်။ ဒါဟာအသင်းပေါ်ကိုကြီးကြီးမားမားအကူအညီရပါလိမ့်မယ် လို့ ပြောဆိုသွားခဲ့ပါတယ်။
မာတင်နယ်လီ သေချာပေါက်အရေးပါလာမယ်
လက်ရှိအချိန်မှာ ပုံမှန်စွမ်းဆောင်ရည်အတွက် ရုန်းကန်နေရပေမယ့် လူငယ်တိုက်စစ်မှုး မာတင်နယ်လီဟာ လာမယ့်အပတ်တွေအတွင်းမှာ အာတီတာအတွက် အဓိက ကျတဲ့ကစားသမားဖြစ်လာလိမ့်မယ်လို့ HTIC ရဲ့ ဆောင်းပါးမှာ သုံးသပ်တင်ပြထားပါတယ်၊ အာဖရိက ဖလားပွဲသွားမယ် အူဘာမီယန်ရဲ့ အဓိက တာဝန်ကို လာကာဇက်အပြင် မာတင်နယ်လီပါယူရမှာဖြစ်ကောင်း ဆောင်းပါးကဆိုပါတယ်။ အသင်းကိုရောက်လာခါစတုန်းက လီဗာပူးနည်းပြ ကလော့ပ် ရဲ့ ချီးကျူးမှုကိုလည်းရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာမကြာခနရလို့ ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။
အဆန်စီယိုက အာဆင်နယ်ကိုပြောင်းချင်နေတယ်
El Nacional သတင်းစာရဲ့အဆို အရ အဆန်ဆီယိုဟာ စပါးနဲ့ မီလန်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချပြီး အာဆင်နယ်အသင်းကိုသာပြောင်းရွှေ့လိုနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ရီးရဲမှာ ခြေစွမ်းပြနေ အမ်ဘာပေအသင်းကိုရောက်လာရင် သူရဲ့အရေးပါမှု ကျဆင်းလာမှာကို ကြိုတင်နားလည်ထားတာကြောင့် ခရီးသစ်တစ်ခုကို စတင်လိုနေတာလို့ဆိုပါတယ်။ ဒဏ်ရာက ပြန်ကောင်းလာခဲ့တဲ့ အဆန်စီယို ဟာ ဒီရာသီမှာခြေစွမ်းပြနေပြီး ၁၄ ပွဲကစားကာ ၄ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။
လီနိုကို မရောင်းသေးတဲ့ အာဆင်နယ်
လက်ရှိအချိန်မှာ ရမ်းစ်ဒေးလ်ရဲ့ အရံအဖြစ်သာရှိနေပမယ့် လီနိုကို ဇန်နဝါရီမှာ ရောင်းချသွားဦးမှာ မဟုတ်ဘူးလို့ Daily Canon က သုံးသပ်ဖော်ပြသွားပါတယ်။ အာတီတာအနေနဲ့ ဂိုးသမား နှစ်ယောက်ကို အသင်းမှာရှိစေချင်ပြီး ပြိုင်ပွဲစုံကစားရတဲ့အခါ လီနိုအနေနဲ့ ပိုပြီးပွဲထွက်လာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်ထဲမှာပဲ တိုက်စစ်မှုးလေး အန်ကတ်တီယာကိုတော့ အီဒူးအနေနဲ့ရောင်းချဖို့ပြင်ဆင်နေပြီလို့ HITC ကဖော်ပြသွားပါတယ်။