လာကာဇက်ကတော့ သူ့ရဲ့ အပြောင်းအရွှေ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ပြောလိုက်ပြီဖြစ်ပါတယ်။
“ အမှန်ပါပဲဗျာ .. ကျွန်တော့်ရဲ့ အေးဂျင့်တွေစပြီးအလုပ်လုပ်နေပါပြီ။ ဒါပေမယ့် ဇန်နဝါရီမရောက်ခင် ဘာမှမဆုံးဖြတ်သေးပါဘူး။ အသင်းနဲ့ကစားရမယ့်ကိစ္စတွေကိုပဲ အာရုံစိုက်ချင်ပါတယ် ” လို့ Telefoot ကိုပြောခဲ့တာကို The Athletic က ပြန်လည်ဖော်ပြလာပါတယ်။
ဒီသတင်းကိုဖတ်ရချိန်မှာ ခွဲခွာခြင်းဆိုတဲ့ အငွေ့အသက်ကို စတင်ရရှိလာခဲ့ပါတယ်။ အာဆင်နယ်ပရိတ်သတ်တွေထဲမှာ လာကာဇက်ရဲ့ ဘောလုံးကို ခွပြီး ပြိုင်ဖက်ကို လူခုကစားတဲ့ပုံကို မကျေမနပ်အော်ဟစ်ဖူးသူတွေပါမှာဖြစ်သလို ၊ ခြေစွမ်းပြတာ မပြတာဘေးချိတ်ပြီး အားကြိုးမာန်တက်ကစားတာကို နှစ်သက်သူတွေလဲ ပါမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ရာသီမှာ သူရှိဖို့က ခက်နေပြီလို့ထင်ပါတယ်။ ဒါမှမဟုတ် စာချုပ်သစ်တိုးရင်လဲတိုးသွားမှာပေါ့။
ထားပါ။ အာဆင်ဝင်းဂါးရဲ့နောက်ဆုံးခေါ်ယူမှုတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့လာကာဇက်အကြောင်း နဲနဲလောက် ပြန်ပြောကြရအောင်ပါ။

၁၉၉၁ ခုနှစ်ဖွား လာကာဇက်ဟာ ကစားသမားဘဝမှာ အသင်းတွေအများကြီးနဲ့ဖြတ်သန်းခဲ့သူတော့မဟုတ်ပါဘူး။ လိုင်ယွန်အသင်းနဲ့ ၈ ရာသီကြာအောင်ကစားခဲ့တယ်။ နောက်တော့ အာဆင်နယ်ကိုရောက်လာခဲ့တယ်။ အခုကတော့ ၅ ရာသီမြောက်ပေါ့။ ဒီနှစ်သင်းမှာပဲ သူ့ဘဝကိုဖြတ်သန်းခဲ့တယ်။ အခုတော့ တတိယအသင်းရောက်လာတော့မယ့်ပုံပါပဲ။ ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၂၀၀ တိတိသွင်းယူထားနိုင်တဲ့ လာကာဟာ အာဆင်နယ်အတွက်တော့ ၆၈ ဂိုးသွင်းပေးထားပါတယ်။
လီဗာပူးနည်းပြဟောင်းဖြစ်သူ ဟူးလီယာကတော့ လာကာဇက်ရဲ့ကစားပုံက ဂန္တဝင်ကြီး အီယန်ရိုက်နဲ့ အနဲငယ်ဆင်တူပါတယ်လို့ဆိုဖူးပါတယ်။ တိုက်စစ်မှုးမဖြစ်ခင်ကတော့ တောင်ပံကစားသမားအဖြစ်လာကာဇက် ကစားဖူးပါသေးတယ်။ အလိမ်အခေါက် ၊ အတိုးအဝှေ့တွေနဲ့ မှာ ကစားနေတဲ့သူ့ရဲ့ဟန်ကိုတော့ အာဆင်နယ်ပရိတ်သတ်တွေအလွတ်ရပြီးဖြစ်နေမှာပါ။
ဒီညနေခင်း Team Talk မှာ Update တက်လာတဲ့သတင်းအရေတော့ လာကာဇက်နဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူတို့ဟာ ကမ်းလှမ်းမှုကြီးကြီးတစ်ခုကို ရရှိထားပြီးပြီလို့ ဆိုလာပြီး ထိုအသင်းကြီးက ဘာစီလိုနာလို့ လည်းခန့်မှန်းနေပါတယ်။ ဘာပဲပြောပြော ကြံ့ခိုင်မှုအသားပေးပြီးကစားတဲ့ ပရီးမီးယားလိဂ်ကနေ နည်းစနစ်အသားပေးတဲ့နေရာရောက်သွားရင်လည်း လာကာ အဆင်ပြေမယ်လို့ ယူဆပါတယ်။ သူကနေရာယူတာ ၊ ပြေးထွက်တာတွေကောင်းတာပဲမဟုတ်လား။ ၂၀၁၉ ခုနှစ်တုန်းက စပါးအသင်းနဲ့ ၂-၂ သရေကျတဲ့ပွဲမှာ ပေပေရဲ့ ရောက်ရင်ပြီးရောထိုးပေးတဲ့ဘောလုံးကို ထိမ်းပြန်းကန်သွင်းသွားခဲ့တာမျက်လုံးထဲကမထွက်။ အကြိုက်ဆုံးဂိုးတွေထဲကတစ်ဂိုးဖြစ်ပါတယ်။ အဲဒီလိုပဲ မနှစ်ကရာသီမှာ လီဗာပူး အသင်းနဲ့ပွဲမှာ တစ်ယောက်ချင်း ၂ ကြိမ်တွေ့တာကို အလွယ်တကူဖြုန်းပစ်တာလဲ မမေ့။ ခြေစွမ်းကတော့ အဲ့ဒီလိုရှိတယ်။ စိတ်ဓါတ်ကတော့ သူ့ညီနောင် အူဘာနဲ့ တခြားစီ။ ဘာဖြစ်နေနေသူ့ရဲ့ပြင်းအားကမြင်သာလွန်းတယ်။
၂၀၁၇ ခုနှစ်မှာအသင်းကိုသူရောက်လာခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ နှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီးသားလို့ သတင်းတွေကဖော်ပြပါတယ်။ ဒါပေမယ့် အဲ့ဒီနှစ်မှာပဲ အက်သလက်တီကိုတို့ဟာ အပြောင်းအရွှေ့အပိတ်ခံရတာကြောင့် အမ်းမရိတ်မြေဆီကိုရောက်လာခဲ့ပါတယ်။ ထိုအချိန်က ကလပ်စံချိန်တင်ကြေးဖြစ်တဲ့ပေါင် ၅၃ သန်း (အနာဂတ်အောင်မြင်မှုပေါ်မူတည်ပြီးထပ်တိုး ၇ သန်း) နဲ့ ငါးနှစ်စာချုပ်ခဲ့တယ်။ သူရောက်လာပြီးနောက်ပိုင်း အာဆင်နယ်အသင်းရဲ့အောင်မြင်မှုတွေကတော့ အားလုံးသိကြတဲ့အတိုင်းဆိုတော့ ၇ သန်းကနေ ဘယ်လောက်ရကြသလဲတော့မပြောတတ်ပါဘူး။ ထားပါတော့လေ။ လာကာ ဟာ အာဆင်နယ်အတွက်လာခြင်းကောင်းပါတယ်။ စကန်ကန်ခြင်း ပွဲမှာ ချယ်လ်ဆီးကို အနိုင်ရပြီး Community Shield ရနိုင်ခဲ့ပါတယ်။

နောက်ထပ်လာကာနဲ့အမှတ်တရဆိုရင်တော့ အူဘာနဲ့တွဲပြီး ညီအစ်ကို ဆက်ဆံရေး Bromance ကိုတည်ဆောက်ထားနိုင်တာပဲဖြစ်ပါတယ်။ ဒီမြင်ကွင်းတွေဟာ အာဆင်နယ်သမိုင်းမှာ ဘယ်တော့မှ ပျောက်ပျက်မသွားမှာကတော့အသေအချာပါပဲ။ နောက်ပိုင်းနှစ်တွေမှာခြေစွမ်းတွေယိမ်းယိုင်လာကြပေမယ့် လင်မယား လို့ ဟာသနှောပြီးပြောရတဲ့အထိသူတို့နှစ်ယောက်က နီးစပ်ကြပါတယ်။
၅ ရာသီအတွင်းမှာ ပွဲပေါင်း ၁၈၁ ပွဲထိကစားပေးခဲ့တယ်။ ဒီရာသီကုန်ထိလဲသူရှိနေမယ်ဆိုတော့ ပွဲပေါင်း ၂၀၀ လောက်တော့ပြည့်သွားစေချင်တယ်။ ဒါပြီးရင်တော့ နှုတ်ဆက်ချိန်ရောက်လာမယ်လို့ ထင်ပါတယ်။ ချစ်ခြင်းမျက်လုံးနဲ့ကြည့်ရင် အသင်းမှာမြင်ချင်သေးပေမယ့် အသက် ၃၀ ဆိုတာခွဲချိန်တန်ပါပြီ။ ဒါပေမယ့် ခြေစွမ်းအတက်အကျဆိုတာကိုဘေးချိတ် ၊ လိုအပ်ရင် အားကြိုးမာန်တက်ကစားပြီး ရှေ့ဆုံးကနေမားမားမတ်မတ်နေပေးတဲ့ တိုက်စစ်မှုးတစ်ယောက်ကို ၁ နှစ်လောက်တော့ ထပ်မြင်ချင်မိသေးတာပါပဲ။