ခနတာပေမယ့် အမှတ်ရနေစေတဲ့သူ

သူအသင်းမှာကစားသွားတာက ၃ ရာသီ ၊ သွင်းသွားတာကလဲ  ၃၁ ဂိုးထဲ။ ကိုယ်တွေ အသင်းကို ၈၂ ပွဲသာ ကိုယ်စားပြုခဲ့ပေမယ့် ပရိတ်သတ်များစွာက အမှတ်ရရှိနေဆဲပါပဲ။ ဘာကြောင့်အမှတ်တရရှိလဲကို ပြန်တွေးရင်တော့ အွန်နရီအလွန်တိုက်စစ်မှုးကောင်းကောင်း ငတ်နေတဲ့ ပရိတ်သတ်တွေရဲ့ အာသီသကြောင့်လို့ပဲထင်ပါတယ်။

အာဆင်နယ်နဲ့ သူချိတ်ဆက်တာက ၂၀၁၂ ရဲ့ ဇန်နဝါရီပေမယ့် ကိစ္စမျိုးစုံကြောင့် တကယ်သဘောတူဖြစ်သွားတာက ဧပြီလကျမှ။ ဒီတော့ သူပွဲထွက်ကစားတာကြည့်ဖို့စောင့်ခဲ့ရတယ်။ စောင့်ရကျိုးတော့နပ်တယ်ပြောရပါမယ်။ အဖွင့်ပွဲမှာတင် ဂိုးသွင်းပေးခဲ့တယ်။ ရာသီကြိုပွဲမှာ သူ့ရဲ့ ဘဝမှာထဲထဲဝင်ဝင်ရှိခဲ့တဲ့ ကိုလုံးအသင်းနဲ့ပွဲမှာပေါ့။ ဒါပေမယ့် သူ့ရဲ့   ပရီးမီးယားလိဂ်ပထမဆုံးဂိုးက ပိုပြီးမှတ်မှတ်ရရရှိစေတယ်။ လီဗာပူးအသင်းကို အင်ဖီးမှာ ၂-၀ နဲ့နိုင်တဲ့ပွဲမှာပေါ့။

ကန်ချက်ပြင်းပြင်းတွေကိုပိုင်ဆိုင်ထားတယ်။ လျှင်လျှင်မြန်မြန်ပြေးနိုင်တယ်။ အဲ့ဒါပိုဒေါစကီးပါပဲ။ အာဆင်ဝင်းဂါးက ပိုဒေါစကီးကိုအခုလိုပဲချီးကျူးဖူးပါတယ်။

မြင်ဖူးသမျှအဆုံးသတ်သမားထဲမှာ သူအကောင်းဆုံးပါပဲဗျာ။  တစ်ယောက်ယောက်က သူ့အသင်းရဲ့ တိုက်စစ်အတွက်အဆုံးသတ်သမားကောင်းရှိစေချင်တယ်လို့ဆိုလာရင် အဲ့တာ ပိုဒေါစကီးကို ရည်ညွန်းတယ်ဆိုတာ ယုံလိုက်ပါ    လို့ဆိုခဲ့တာပါ။ 

ပိုဒေါစကီးရဲ့ အကောင်းဆုံးအချိန်တွေတုန်းကဆိုရင်  သူ့ကိုမှီတဲ့ ပြင်းအားကောင်းတိုက်စစ်မှုးဆိုတာ ရေတွက်လို့ရနိုင်တာမျိုးပါ။ နောက်ပိုင်းမှာ ဒဏ်ရာမကြာခနရပြီးနောက်တော့ နဲနဲကျသွားခဲ့ပါတယ်။  ဒါပေမယ့် သူဟာ အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်ဆဲပါပဲ။ လိုအပ်ရင်အလိမ်အလှည့်တွေလဲ လုပ်နိုင်တယ်။ ဖြတ်တင်ဘောတွေနဲ့လည်း အသင်းဖော်တွေဂိုးရအောင် စွမ်းဆောင်ပေး နိုင်ခဲ့တယ်။ နောက်ပြီး သူက ပင်နယ်တီ စပါယ်ရှယ်လစ် … ကစားသမားဘဝတစ်လျှောက် ၂ ကြိမ်ပဲလွဲဖူးတယ်။

ကိုယ့်အသင်းရဲ့ကစားသမားဟောင်းကို အမွှန်းတင်တာများသွားပြီမို့  သူ့ရဲ့အကြောင်းလေးနဲနဲပြန်ဆက် ကြပါစို့။

သူက ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပွဲမှာစပြီး နာမည်ရလာတယ်။ ကိုလုံးကနေ ဘိုင်ယန်ကိုပြောင်းတဲ့နှစ်ဆိုလဲ ဟုတ်ပါတယ်။  အဲ့ဒီပြိုင်ပွဲမှာ ဂျာမနီအသင်းက တတိယရတယ်။ တိုက်စစ်မှုးကြီး ကလိုဆေးက ဂိုးသွင်းဘုရင်ဖြစ်ပြီး သူက ပြိုင်ပွဲတစ်လျှောက် ၃ ဂိုးသွင်းနိုင်ခဲ့တယ်။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ မက်ဆီ ၊ ရိုနယ်ဒို တို့ကိုကျော်ပြီး သူက အကောင်းဆုံး လူငယ်ကစားသမားအဖြစ်သတ်မှတ်ခံရတယ်။

ဘိုင်ယန်မြူးနစ်မှာ  ၃ ရာသီကစားပြီး  ၂၆ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်အသင်းမှာ နေရာသိပ်မရလို့  လက်ရွေးစင်အဖြစ်ချန်လှပ်ခံရမှာကိုစိုးရိမ်ပြီးအသင်းဟောင်းကိုလုံးကို ပြန်ပြောင်းခဲ့ ပါတယ်။ အဲ့ဒီမှာ အမှတ်တရအဖြစ်တစ်ခုရှိပါသေးတယ်။  ပိုဒေါစကီးကို ပေါင် ၁၀ သန်းနဲ့ အသင်းဆီပြန်လည်ခေါ်ယူရာမှာ ကိုလုံးအသင်းဟာ စရိတ်ကာမိအောင် ဆက်လိုက်ရင် ပိုဒေါစကီးပုံဖြစ်လာမယ့် 8 x 8 Pixel   ပုံသေး‌‌သေးလေးတွေကို တစ်ကွက် ၂၅ ပေါင်နဲ့ ထုတ်ရောင်းပြီးရံပုံငွေရှာတဲ့ကိစ္စပါ။ အဲ့ဒီမှာ ကိုလုံးပရိတ်သတ် ဂျာမန်ပြိုင်ကားမောင်းသမားရှုးမေကာ ကလည်း ၈၇၅ ပေါင်ဖိုးဝယ်ပြီး ဝင်အားဖြည့်ခဲ့ပါတယ်။

ကိုလုံးမှာ ၃ ရာသီထပ်ကစားပြီး ၃၅ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် သူက ဂန်းနား တစ်ယောက်ဖြစ်ဖို့ အချိန်ကျလာခဲ့တာပါပဲ။ ဂန်းနားအဖြစ် ပထမဆုံးရာသီမှာ ၁၆ ဂိုးသွင်းပြီး ၁၁  ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ တကယ့်ကိုမနဲလှတဲ့မှတ်တမ်းဖြစ်ပါတယ်။ အာဆင်နယ်မှာ ကစားပြီးနောက် အသင်းတော်တော်များများမှာ  ကာလတိုတွေကစားပြီး ဖြတ်သန်းနေခဲ့တယ်။

ကလပ်ကစားသမားဘဝ ၅၈၄ ပွဲကစားပြီး ဂိုးပေါင်း ၂၀၃ ဂိုးသွင်းယူနိုင်ခဲ့သလို  နိုင်ငံအသင်းအတွက်လဲ ၁၃၀ ပွဲကစားပြီး ၄၉ ဂိုးသွင်းထားနိုင်ပြန်ပါတယ်။ ပိုဒေါစကီးဟာ အငြင်းပွားစရာမရှိတဲ့ တိုက်စစ်မှုးကောင်း တစ်ယောက်ပါပဲ။ အာဆင်နယ်နဲ့လည်း မှတ်တိုင်တွေအများကြီး မစိုက်ထူနိုင်ခဲ့ပေမယ့် ပရိတ်သတ်တွေအတွက် မှတ်မှတ်ရရအမြဲရှိနေမယ့်သူဖြစ်ပါတယ်။ အထူးသဖြင့် အခုလို တိုက်စစ်မှုးတွေရှားပါးနေချိန်မျိုးမှာပေါ့။

Advertisement

Leave a Reply

%d bloggers like this: