အွန်နရီ (သို့မဟုတ်) အနီရောင်အမြှောက်တပ်ရဲ့ ဂန္တဝင်တစ်ဦး

တစ်ချိန်က ပရီမီးယားလိဂ်ရဲ့မြက်ခင်းစိမ်းတွေပေါ်မှာပြေးလွှားရင်း ပြိုင်ဘက်နောက်တန်းနဲ့ ဂိုးသမားတွေကိုအကြိမ်ကြိမ်အိပ်မက်ဆိုးမက်စေခဲ့တဲ့အနီရောင်အမြှောက်တပ်ရဲ့တိုက်စစ်မှူးလို့ပြောလိုက်တာနဲ့ အာဆင်နယ်နဲ့ ပြင်သစ်အသင်းတိုရဲ့ဂန္တ၀င်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီ ကိုပြေးမြင်မိမှာပါ။ သူရဲ့နာမည်အပြည့်အစုံက သီယာရီဒန်နီရယ်အွန်နရီ ဖြစ်ပြီးသူ့ရဲ့‌မွေးသက္ကရာဇ်ကတော့ ၁၉၇၇ခုစ်၊ဩဂုတ်လ၁၇ရက်ဖြစ်ပါတယ်။ပြင်သစ်ကသူရဲ့ဇာတိမြေဖြစ်ပြီးသူရဲ့ငယ်ဘ၀ကိုတော့ပြင်သစ်နိုင်ငံတောင်ပိုင်းက Les Ulis ဆိုတဲ့ဒေသလေးမှာဖြတ်သန်းခဲ့ပါတယ်။ သူကဘောလုံးဝါသနာရှိပေမယ့် ဘောလုံးအပေါ်ရူးသွပ်မှု မကြီးသေးတာကြောင့် သူ့အဖေက ထရိန်နင်သွားဖို့ဖိအားပေးခဲ့ရတယ်လို့ဆိုပါတယ်။

သီယာရီအွန်နရီရဲ့အသက်၁၃နှစ်အရွယ်မှာ မိုနာကိုအသင်းက သူ့ရဲ့ခြေစွမ်းကိုကြည့်ရှုဖို့ ကင်းထောက်တစ်ယောက် စေလွှတ်ခဲ့ပါတယ်။အဲ့ဒီပွဲမှာပဲ သီယာရီက သူ့ရဲ့ပြိုင်ဘက်အသင်းကို ခြောက်ဂိုး သွင်းခဲ့ပြီး သူသွင်းခဲ့တဲ့ဂိုးတွေနဲ့ပဲ အဲ့ဒီပွဲကိုဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အွန်နရီကိုကင်းထောက်ခဲ့တဲ့သူကမိုနာကိုအသင်းဆီကိုဒီပြင်သစ်သားကိုချက်ချင်းခေါ်ယူချင်ခဲ့ပေမယ့်အွန်နရီရဲ့ပညာရေးရလဒ်တွေကအတော်ဆိုးတာမို့ကျောင်းပြီးမှပဲသူ့ကိုခေါ်ယူစာချုပ်ခဲ့ပါတယ်။အွန်နရီကသူ့ရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်ကစားသမားဘ၀ပွဲထွက်ခွင့်ကိုရခဲ့တာက၁၉၉၄ခုနှစ်၊ဩဂုတ်လ၃၁ရက်နေ့ ၊ မိုနာကိုက Nice ကို ၂ဂိုးဂိုးမရှိ ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက မိုနာကိုအသင်းရဲ့နည်းပြကအာစင်၀င်းဂါးဖြစ်ပါတယ်။ ၀င်းဂါးဟာအွန်နရီကို သူ့ရဲ့ဘောလုံးအထိန်းအသိမ်းစွမ်းရည်တွေနဲ့အလိမ်အခေါက်စွမ်းရည်တွေကြောင့်အထောင်တိုက်စစ်မှူးနေရာထက်တောင်ပံမှာ ပိုအဆင်ပြေမယ်လိုယုံကြည်ခဲ့ပြီး ဘယ်တောင်ပံမှာ ပြင်သစ်သားကိုဆော့ကစားစေပါတယ်။

အွန်နရီရဲ့မိုနာကိုကစားသမားဘ၀အစကတကယ်ကိုလှပခဲ့ပြီး ၁၉၉၆ခုနစ်မှာပြင်သစ်လူငယ်ကစားသမားဆုကိုရခဲ့ပါတယ်။၁၉၉၆-၁၉၉၇ခုနစ်မှာတော့သူရဲ့တောက်ပတဲ့ခြေစွမ်းနဲ့မိုနာကိုအသင်းဟာ လိဂ်၀မ်း ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။တတိယမြောက်ရာသီမှာတော့အွန်နရီဟာနိုင်ငံအသင်းနဲ့ပထမဆုံးဆုဖယားကိုရယူခဲ့နိုင်ခဲ့ပြီး ၁၉၉၈ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းရဲ့အသင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ အွန်နရီဟာ မိုနာကိုမှာငါးရာသီကြာခဲ့ပြီး ၁၀၅ပွဲမှာလိဂ်ဂိုး၂၀ သွင်းယူနိုင်ခဲ့ပါတယ်။

၁၉၉၉ခုနစ်အစမှာတော့ အွန်နရီဟာပြင်သစ်မြေကိုစွန့်ခွာပြီး အီတလီကလပ်ဂျူဗင်တပ်ကို ပြောင်း‌ရွှေ့ခဲ့ပါတယ်။အီတလီမြေမှာလည်းတော့ပြင်သစ်သားဟာတောင်ပံကစားတစ်ယောက်အနေနဲ့ ခြေစွမ်းပြနိုင်ဖိုရုန်းကန်ခဲ့ရပြီး ၁၆ပွဲမှာ၃ဂိုး သာသွင်းယူနိုင်ခဲ့ပါတယ်။

၁၉၉၉ခုနစ်ဩဂုတ်လမှာတော့အွန်နရီကလန်ဒန်ကလပ်အာဆင်နယ်ကိုပြောင်းရွှေ့ကြေး‌ ပေါင်၁၁သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးနည်းပြဟောင်းဖြစ်သူအာဆင်၀င်းဂါးနဲ့ပြန်ဆုံခွင့်ရခဲ့ပါတယ်။ဂျူဗင်တပ်မှာပြသခဲ့တဲ့ခြေစွမ်းအရအွန်နရီရဲ့ပြောင်းရွှေ့ကြေးကအနည်းငယ်များတယ်လို့အငြင်းပွားစရာဖြစ်ခဲ့ပေမယ့်လည်းအာဆင်၀င်းဂါးကတော့ထိုက်ထိုက်တန်တန်ပဲပေးခဲ့ရတယ်လို့ ယုံကြည်ခဲ့ပါတယ်။

အသင်းကနေထွက်ခွာသွားခဲ့တဲ့အနယ်ကာရဲ့နေရာကိုအစားထိုးဖို အတွက် အာဆင်းက အွန်နရီကိုအထောင်တိုက်စစ်မှူး အဖြစ်ပုံသွင်းခဲ့ပါတယ်။ကြံ့ခိုင်မှုကိုအလေးပေးတဲ့ပရီးမီးယားလိဂ်မှာ အွန်နရီအတွက်အထောက်တိုက်စစ်မှူးအဖြစ်ကစားဖို့အစပိုင်းမှာတော့တကယ်ကိုခက်ခဲခဲ့ပါတယ်။အာဆင်နယ်နဲ့ပထမဆုံးပွဲထွက်ခွင့်တဲ့၈ပွဲမှာတစ်ဂိုးမှမသွင်းနိုင်ခဲ့‌ပဲလန်ဒန်မြေမှာခက်ခဲတဲ့လပေါင်းများစွာကိုဖြတ်သန်းပြီးချိန်မှာ တော့အွန်နရီဟာ‌စောင့်ကြည့်နေသူတွေရဲ့သံသယကိုဖယ်ရှားပစ်နိုင်ခဲ့ပြီး ရာသီအဆုံးမှာ ၂၆ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။အာဆင်နယ်ကလည်းမန်ယူအသင်းရဲ့နောက် အမှတ်ပေးဇယားရပ်တည်မှုမှာ ဒုတိယနေရာရခဲ့ပြီး UEFA cup final မှာဂါလာတာစရေးကိုရှုးနိမ့်ခဲ့ပါတယ်။

ယူရို၂၀၀၀မှာအွန်နရီမှာနိုင်ငံအသင်းနဲ့ အတူအောင်မြင်မှုထပ်ရခဲ့ပြီးအာဆင်နယ်အသင်းနဲ့အတူ ဒုတိယမြောက်ရာသီမှာတော့ ကလပ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ အဲ့ဒီရာသီမှာမန်ချက်စတာယူနိုက်တက်ကို ကိုက်သုံးဆယ်အကွာကနေ နောက်ပြန်မြေမကျသွင်းယူခဲ့တဲ့ ဂိုးကလည်း တကယ်ကိုပြောစမှတ်တွင်ခဲ့ရပါတယ်။

ဒီရာသီမှာလည်းအာဆင်နယ်သာမန်ယူအသင်းရဲ့နောက်အမှတ်ပေးဇယားဒုတိယမြောက်နေရာသာဆက်ရပ်တည်နိုင်ခဲ့ပြီး FA cup final မှာလီဗာပူးလ်ကိုရှုံးနိမ့်ခဲ့ပြန်ပါတယ်။ အသင်းအတွက် ဆုဖလားတွေယူပေးချင်တဲ့ အွန်နရီအတွက်တော့ စိတ်ကျေနပ်စရာသိပ်မကောင်းခဲ့ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

၂၀၀၁-၂၀၀၂ဘောလုံးရာသီမှာတော့အာဆင်နယ်ဟာအမှတ်ပေးဇယားဒုတိယနေရာကလီဗာပူးလ်ကို ခုနစ်မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သလို FA cup finalမှာလည်းချဲလ်ဆီးကိုအနိုင်ရခဲ့ပါတယ်။ အွန်နရီကအသင်းအတွက်စုစုပေါင်း၃၂ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့ခြေစွမ်း‌ပြမှုတွေကြောင့် ပြင်သစ် အသင်းရဲ့ကမ္ဘာဖယားချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ မျှော်လင့်ချက်တစ်ခုဖြစ်လာမလားဆိုပြီး ရင်ခုန်ခဲ့ကြပေမယ့် ပြင်သစ်အသင်းကတော့ ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာအုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရ ပါတယ်။

အွန်နရီဟာကလပ်အသင်းရဲ့အတူဆက်လက်ခြေစွမ်းပြခဲ့ပြီး၂၀၀၂-၂၀၀၃ဘောလုံးရာသီမှာ ၃၂ဂိုးသွင်းယူပြီး အသင်းဖော်တွေဂိုးသွင်းယူဖို ထောက်ပံ့မှု၂၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းဟာFA Cupကိုထပ်ရခဲ့ပေမယ့်ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတော့မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် PFA Players’ player of the year နဲ့ FWA footballer of the yearဆုတွေကိုတော့ရခဲ့ပါတယ်။၂၀၀၄ခုနစ်မှာတော့ လိဂ်မှာ ၂၄ဂိုးသွင်း၊၂၀ဂိုးဖန်တီး ဆိုတဲ့မှတ်တမ်းနဲ့အတူ အွန်နရီဟာ ဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ဖိုနီးစပ်ခဲ့သေးပေမယ့်runner upနဲ့သာကျေနပ်လိုက်ရပါတယ်။လိဂ်ဂိုး၂၀ဖန်တီးမှုနဲ့အွန်နရီက ပရီးမီးယားလိဂ်တစ်ရာသီထဲဂိုးဖန်တီးမှု အများဆုံးဆိုတဲ့စံချိန်ကိုရယူနိုင်ခဲ့ပြီး မက်ဆီပြီးတဲ့နောက် လိဂ်ဂိုးသွင်းယူမှာနဲ့ဖန်တီးမှုနှစ်ခုလုံးမှာ အနည်းဆုံးအကြိမ်၂၀ပြုလုပ်နိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

၂၀၀၃-၂၀၀၄ရာသီမှာတော့အွန်နရီဟာ ဒင်းနစ်ဘားကမ့်၊ပက်ထရစ်ဗီအဲရာ၊ရောဘတ်ပီးရက်စ်၊ ဖရက်ဒီလင်းဘတ်တိုနဲ့အတူ အာဆင်နယ်အသင်းကိုတစ်ရာသီလုံးရှုံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးစေနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်းကလပ်အသင်းအတွက်သူ့ရဲ့သွင်းဂိုး၃၉ဂိုးနဲ့အတူ PFA Players’ player of the year, FWA player of the year ဆုတွေအပြင် FIFAရဲ့ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရွေးချယ်မှုမှာလည်း runner up ထပ်ဖြစ်ခဲ့ပါတယ်။ ရွှေဖိနပ်ကိုလည်းသေချာပေါက် ရယူနိုင်ခဲ့ပါတယ်။

၂၀၀၄-၂၀၀၅ရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကိုမကာကွယ်နိုင်ခဲ့ပေမယ့်FA cupကိုတော့ရယူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံသွင်းဂိုး၃၁ဂိုးနဲ့အတူ အွန်နရီက ရွှေဖိနပ်ဆုကိုဒီရေဂိုဖော်လန်နဲ့ အတူရရှိခဲ့ပြီး ရွှေဖိနပ်ဆုကိုနှစ်နှစ်ဆက်ရတဲ့ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ သူဟာဥရောပရဲ့ ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဆိုတာအငြင်းပွားစရာမလိုတော့ပါဘူး။

၂၀၀၅ရာသီအဆုံးမှာမထင်မှတ်ပဲအသင်းခေါင်းဆောင်ဗီအဲရာက အာဆင်နယ်မှထွက်ခွာသွားတာကြောင့်အွန်နရီအတွက်ကပ္ပတိန်လက်ပတ်ကိုဆက်ခံဖို့ဖြစ်လာပါတယ်။ရှေ့တန်းတိုက်စစ်မှူးတစ်ယောက်အတွက်ဒီရာထူးကခက်ခဲပေမယ့်ပြင်သစ်သားကတော့ တာ၀န်ကျေခဲ့ပါတယ်။၂၀၀၅-၂၀၀၆ဘောလုံးရာသီ၊အာဆင်နယ်နဲ့ စပါတာပရဂ်တိုရဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာအွန်နရီကနှစ်ဂိုးသွင်းယူခဲ့တာကြောင့် အီယန်ရိုက်ရဲ့အသင်းအတွက် အများဆုံးသွင်းထားတဲ့သွင်းဂိုး၁၈၅ဂိုးကိုကျော်ဖြတ်ပြီး အာဆင်နယ်အသင်းအတွက်ဂိုးအများဆုံး သွင်းယူထားတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

၂၀၀၆ခုနစ်၁ရက်နေ့မှာ အွန်နရီက ၀က်ဟမ်းစ်ကိုတစ်ဂိုးသွင်းယူခဲ့ပြီး စုစုပေါင်းလိဂ်ဂိုး၁၅၁ဂိုးအထိရှိလာတာကြောင့် အရင်ကလိဂ်ဂိုးအများဆုံးသွင်းထားတဲ့ အာဆင်နယ်ဂန္တ၀င် ကလစ်ဖ်ဘတ်စ်စတင် ရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူရဲ့လိဂ်ဂိုးတစ်ရာပြည့်မြောက်စေတဲ့ဂိုးကိုဟိုက်ဘူရီကွင်းမှာသွင်းယူခဲ့ပြီး အဲ့ဒီရာသီပရီးယားလိဂ် နောက်ဆုံးပွဲစဉ်ကိုဟိုက်ဘူရီမှာကစားခဲ့ချိန်မှာဝီဂန်အသင်းဘက်ကိုဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပြန်ပါတယ်။လိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပြီး FWA Player of the year ကိုလည်း တတိယအကြိမ်ရခဲ့ပါတယ်။ ဖီဖာရဲ့အကောင်းဆုံးကစားသမားခြောက်ယောက်ထဲမှာလည်းပါ၀င်ခဲ့ပြန်ပါတယ်။

အဲ့ဒီရာသီမှာအာဆင်နယ်အသင်းက ပရီးမီယားလိဂ်ချန်ပီယံဆုနဲ့လွဲချော်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ဖိုင်နယ်မှာလည်း ဘာစီလိုနာအသင်းကိုဦးဆောင်ခဲ့ပြီးမှ လူတစ်ယောက်အလျော့နဲ့ အရှုံးပေးခဲ့ရတာ ကြောင့် ဒုတိယနဲ့သာကျေနပ်လိုက်ရပြီး အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ်အမြင့်ဆုံး အောင်မြင်မှုဖြစ်ခဲ့ပါတယ်။ဒီလိုံးနိမ့်မှုတွေ၊ ဆုဖလားနဲ့ဝေးကွာမှုတွေကြောင့်အာဆင်နယ်ကနေအွန်နရီထွက်ခွာတော့မလားဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့်ပြင်သစ်သားကတော့ သူရဲ့သစ္စာရှိမှုကိုပြသခဲ့ပြီး အသင်းနဲ့လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အာဆင်နယ် ဒုဥက္ကဌဒေးဗစ်ဒိန်းက စပိန်ကလပ်တွေကအွန်နရီကို ပြောင်းရွှေ့ကြေး‌ပေါင်သန်းငါးဆယ်နဲ့ကမ်းလှမ်းခဲ့တယ့်၀န်ခံခဲ့ပါတယ်။

အပြောင်းအရွှေ့သာဖြစ်သွားခဲ့မယ်ဆိုရင် အဲ့ဒီခေတ်က ဇီဒန်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၄၈သန်းကို‌ ကျော်ဖြတ်သွားမှာဖြစ်ပြီး အွန်နရီက စံချိန်တင်‌အပြောင်းအရွှေ့နဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား ဖြစ်လာမှာပါ။

အွန်နရီရဲ့၂၀၀၆-၂၀၀၇ဘောလုံးရာသီကဒဏ်ရာတွေနဲ့သာလုံးပန်းခဲ့ရပြီး ၁၇ပွဲမှာ၁၀ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာတွေနဲ့စိတ်ပျက်ဖွယ်ရာ ရာသီတစ်ခုကိုဖြတ်သန်းခဲ့ရပေမယ့် နောက်နှစ်လည်း အာဆင်နယ်မှာပဲသူဆက်ရှိနေမယ်လို့ ပရိသတ်တွေကယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့်မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့အတူ၂၀၀၇ ဇွန်လမှာတော့အွန်နရီက စပိန်ကလပ်ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ပေါင်၂၄သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ‌အသင်းနဲ့လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသင်းဒုဥက္ကဌ ဒင်းထွက်ခွာမှုနဲ့အာဆင်၀င်းဂါးရဲ့ အနာဂတ်မသေမချာဖြစ်လာခြင်းက သူ့ကိုအသင်းကနေထွက်ခွာစေဖို့ အကြောင်းပြချက်တွေဖြစ်ခဲ့ပြီးအာဆင်နယ်ပြီးတာနဲ့သူကစား‌ချင်တဲ့အသင်းကဘာစီလိုနာဖြစ်ကြောင်းအွန်နရီကပြောခဲ့ပါတယ်။အွန်နရီကအာဆင်နယ်အသင်းအတွက် လိဂ်ဂိုး၁၇၈ဂိုးသွင်းယူပေးခဲ့ပြီး ဥရောပပြိုင်ပွဲစုံ သွင်းဂိုး၄၂ဂိုးသွင်းယူပေးခဲ့ပါတယ်။အာဆင်နယ်ပရိသတ်တွေကအာဆင်နယ်ရဲ့အကြီးကျယ်ဆုံးကစားသမားအဖြစ် သူ့ကိုမဲပေးခဲ့ကြပါတယ်။

ဘာစီလိုနာမှာတော့ အွန်နရီဟာ တောင်ပံထွက်ကစားခဲ့ရပြီး အစောပိုင်းကာလတွေမှာ ခြေစွမ်းပြ့ရုန်းကန်ခဲ့ရပါတယ်။ ၂၀၀၈-၂၀၀၉ရာသီမှာတော့အွန်နရီဟာအီတူး၊မက်ဆီတို့နဲ့ အတူခြေစွမ်းပြနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းကလည်း လာလီဂါဖလား၊ကိုပါဒယ်ရေးဖလားနဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။အွန်နရီဟာ ဘာစီလိုနာအသင်းနဲ့အတူ ဥရောပစူပါဖလား၊ ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကိုလည်းကိုင်မြှောက်နိုင်ခဲ့ပါတယ်။

၂၀၁၀ဂျူလိုင်မှာတော့အွန်နရီက ဘာစီလိုနာအသင်းကနေထွက်ခွာပြီး မေဂျာလိဂ်ကလပ် နယူးယောက်ခ်ရက်ဘူးအသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။မေဂျာလိဂ်ရာသီနားချိန်မှာအာဆင်နယ်အ‌ပေ်သံယောဇဉ်မပြတ်တဲ့အွန်နရီဟာ၂၀၁၂မှာ အသင်းဟောင်းဆီကိုအငှားနဲ့ ပြန်လာပါသေးတယ်။ လိဒ်စ်ယူနိုက်တက်ကိုတစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ FAဖလားတတိယအကျော့မှာ ပွဲစဉ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးကို သွင်းခဲ့ပြီး သူရဲ့အငှားကစားသမားဘ၀မှာနောက်ဆုံးပွဲမှာလည်း လူစားလဲ၀င်လာပြီး အချိန်ပိုမှာဆန်းဒါးလန်းအသင်းဘက်ကိုအနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒီသွင်းဂိုးက အာဆင်နယ်အတွက် သူ့ရဲ့နောက်ဆုံးသွင်းဂိုးဖြစ်ပြီး ကလပ်အသင်းအတွက်၂၂၈ဂိုးဆိုတဲ့စံချိန်ကို လည်းရယူနိုင်ခဲ့ပါတယ်။

မေဂျာလိဂ်ကိုဒေးဗစ်ဘက်ခမ်းကိုကျော်ဖြတ်ပြီးလစာအများဆုံးကစားသမားဖြစ်ခဲ့တဲ့သီယာရီအွန်နရီဟာ ၂၀၁၄ဒီဇင်ဘာမှာတော့ ကစားသမားဘ၀ကအနားယူခဲ့ပြီး sky sportsမှာအားကစားပညာရှင် အဖြစ်သုံးနှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။နောက်တော့ နည်းပြအဖြစ် သူ့ဘ၀ကိုဆက်လျှောက်လှမ်းဖို့ အတွက်အလုပ်ထွက်ခဲ့ပါတယ်။ဘယ်လ်ဂျီယန်အသင်းရဲ့လက်ထောက်နည်းပြအဖြစ် နည်းပြဘ၀ကို အစပြုခဲ့ပြီး မိုနာကို၊မွန်ထရီရယ်အင်ပတ်စတဲ့အသင်းတွေကိုလည်း နည်းပြအဖြစ်ကိုင်တွယ် ခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဘယ်လ်ဂျီယန်အသင်းရဲ့လက်ထောက်နည်းပြအဖြစ်ပဲဆက်လက်အလုပ်လုပ်နေပြီး အာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေကို ဂန္တ၀င်ကစားသမားဟောင်းကြီးအဖြစ်နဲ့ ပွဲကြည့်စဉ်ကနေ ကြည့်နေတတ်တာကို ကျွန်တော်တိုမကြာခဏမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

2021ခုနစ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ Hall of Fameမှာ အလန်ရှီးယားနဲ့အတူ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ အာဆင်နယ်ပရိသတ်တွေရဲ့ရင်ထဲမှာတော့သီယာရီအွန်နရီဟာအကောင်းဆုံး၊အခမ်းနားဆုံးဂန်းနားတစ်ယောက်အဖြစ်ထာဝရမှတ်တမ်းတင်ခံထားရမှာအမှန်ပါပဲ။

Advertisement

Leave a Reply

%d bloggers like this: