တစ်ပတ်တစ်ယောက်လောက်နဲ့ နာမည်ထွက်နေတဲ့ မိမိတို့ရဲ့ချစ်သောအာဆင်နယ်ဟာ အခုနောက်ဆုံး ရီနာတိုဆန်းချက်စ်နဲ့ အတူ စာမျက်နှာတွေထက်ရောက်လာပြန်ပါပြီ။ ကွင်းလယ်ကစားသမားအတော်များများ ၊ တိုက်စစ်မှုးအတော်များများနဲ့ အာဆင်နယ်လိုဂိုတွဲမြင်ရတာလဲ ဒီလပိုင်းတွေမှာ အတော်များနေပါပြီ။
ပရိတ်သတ်တွေအနေနဲ့ ရီနာတိုဆန်းချက်စ်ကို သိကြပါတယ်။ သို့သော် ပိုပြီးထဲထဲဝင်ဝင်ဖြစ်သွားအောင် သူနဲ့ပတ်သတ်တဲ့နောက်ဆုံးအနေအထား ၊ အချက်အလက်နဲ့ အာဆင်နယ်အတွက်လိုအပ်နေတဲ့ကစားသမားဟုတ်မဟုတ် တူတူ လေ့လာကြည့်ရအောင်။
ယူရို ၂၀၁၆ မှာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ စင်မြင့်ပေါ်ကိုရောက်ရှိလာခဲ့တဲ့ ဆန်းချက်စ်ဟာ ပေါ်တူဂီနာမည်ကျော် ဘင်ဖီကာရဲ့ ထွက်ကုန်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၆ မှာပဲ ဘိုင်ယန်မြုးနစ်ကိုပေါင် ၃၅ သန်း (စာချုပ်ပါအခြားထပ်တိုးကြေးတွေနဲ့ဆိုရင် ပေါင် ၈၅သန်း) နဲ့ပြောင်းရွေ့ခဲ့ပြီး ပေါ်တူဂီသမိုင်းရဲ့စျေးအကြီးဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ ဘိုင်ယန်မှာမအောင်မြင်ခဲ့ပါဘူး။ ဘာသာစကားအခက်အခဲ ၊ နာမည်ကျော်တွေနဲ့နေရာလုရမှုတွေနဲ့အတူ ပရီးမီးယားကလပ် ဆွမ်ဆီးကိုပါ အငှားနဲ့လာကစားခဲ့ရပါတယ်။ အဲ့ဒီအငှား ၁၅ ပွဲမှာလည်း ဆန်းချက်ဟာ သူ့ကိုယ်သူရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါဘူး။ ဒီလိုနဲ့ ဘိုင်ယန်ပြန်ရောက်တော့လည်းသိပ်မထူးလာခဲ့ပြန်ပါဘူး။ ၂၀၁၉-၂၀ ရာသီမှာတော့ ပြင်သစ်လီဂူးက လိုင်လီအသင်းဆီကို ပေါင် ၂၅ သန်းနဲ့ရောက်သွားပါတော့တယ်။ ဘိုင်ယန်အတွက်ကစားခဲ့သမျှပွဲတွေအားလုံးပေါင်းမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
လိုင်လီမှာတော့ သူပြန်လည်တည်ဆောက်နိုင်ပုံပါပဲ။ အဆင့် ၄ ရခဲ့တဲ့ရာသီမှာအရေးပါတဲ့ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တယ်။ ပွဲပေါင်း ၆၇ ပွဲကစားထားပေးပြီး ၅ ဂိုးသွင်းပေးထားနိုင်ပါတယ်။
သူ့ရဲ့ကစားပုံကိုပြောရရင်တော့ ဆီဘယ်လော့စ်ကို ပိုကြံ့ခိုင်ထားတဲ့ Version ဆိုရင် မျက်လုံးထဲမြင်လောက်ပါတယ်။ အလိမ်အလှည့်ကောင်းပြီး ကွင်းလယ်မှာနေရာစုံကစားနိုင်တယ်။ ဘယ်ခြမ်းကိုတော့ပိုအားသန်တယ်။ မျှောထုတ်ဖန်တီးမှုတွေကောင်းတဲ့အတွက် လက်ရှိအာဆင်နယ် နဲ့ဆိုရင်တော့ အံဝင်နိုင်ပါတယ်။ ဒါပေမယ့် သူပရီးမီးယားလိဂ်မှာ တစ်ခါကျရှုံးဖူးတာကိုတော့ အမှတ်ရဖို့လိုပါတယ်။
ကစားသမားကိုခေါ်ယူချင်ရင်တော့ အာဆင်နယ်အတွက် သိပ်ခက်ခဲမယ့်ပုံမရှိပါဘူး။ လက်ရှိလိုင်လီတို့ဟာ ငွေရေးကြေးရေးအခက်အခဲကြောင့်ကစားသမားတွေကိုရောင်းထုတ်ရဖို့ရှိနေပြီး စျေးလည်းအရမ်းမြင့်မားဖို့မရှိပါဘူး။ သူ့ရဲ့အသက်လဲ အခုမှ ၂၄ နှစ်သာရှိသေးတာမို့ အာဆင်နယ်ရဲ့ ပေါ်လစီနဲ့လဲကိုက်ညီနေပါတယ်။

တကယ်လို့ သူရောက်လာမယ်ဆိုရင်တော့ ပါတေးအတွက်လဲ ခံစစ်အကူရနိုင်သလို တန်ပြန်တိုက်စစ်တွေအတွက်လဲ Transition တွေပိုမိုလျှင်မြန်လာမှာဖြစ်ပါတယ်။ နေရာစုံကစားနိုင်တဲ့ အာသာချက်ရှိနေသလို ပါတေးနဲ့အတူ Double Pivot အဖြစ်လဲခံစစ်ကိုကူညီရင်းကစားနိုင်ပါတယ်။ အာတီတာရဲ့ ၃-၄-၃ ၊ ၄-၃-၃ အပြင် တစ်ခါတစ်ရံ ကစားတဲ့ ၄-၄-၂ မှာပါ အံဝင်နိုင်ပါတယ်။ စျေးလဲနဲမယ်ဆိုရင်တော့ စွန့်စားသင့်တဲ့ကစားသမားဖြစ်ပါတယ်။
ဒါပေမယ့် အသင်းအတွက် သိသိသာသာ Game Changer ဖြစ်လောက်တဲ့ကစားသမားတစ်ယောက်ဖြစ်လာ မလားဆိုရင်တော့ပြောရခက်ပါတယ်။ ရှိပြီးသား မီဂွယ်အဇီးတို့လိုကစားသမားတွေနဲ့ခြေစွမ်းကွာဟမှု ဘယ်လောက်ရှိမလဲဆိုတာကလဲ အာတီတာတို့ ထည့်တွေးမယ့်အချက်ဖြစ်ပါလိမ့်မယ်။ နောက်ပြီး အသင်းနဲ့အထိုင်ကျပြီးသား ၊ ပြန်ခေါ်မယ်လို့လဲနာမည်ထွက်နေတဲ့ စီဘယ်လော့နဲ့ယှဥ်ရင်ရော ဘာတွေဘယ်လောက်သက်သာမလဲ .. အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ စျေးသိပ်မမှားပဲ ဇန်နဝါရီမှာရနိုင်ရင်လဲ ခေါ်ထားတာမမှားဘူးလို့ပြောရမယ့် ကစားသမားမျိုးပါပဲ။