အဝေးက စကားတွေ ကြားတဲ့အခါ

ပြီးခဲ့တဲ့ရက်တုန်းက အာဆင်နယ်ကို သံယောဇဥ်မကုန်သေးတဲ့ ဝဲကော့ ရဲ့ အင်တာဗျူးပြောစကားကြောင့် အာဆင်နယ်ပရိတ်သတ်တွေ အားလုံးဆွေးဆွေးမြေ့မြေ့ဖြစ်သွားခဲ့တယ်။ အခုတော့ နောက်ထပ် သတင်းက ဂွန်းနားတို့နှလုံးသားကို ထပ်မံထိခတ်လာပြန်ပါတယ်။

ရမ်းဆေးက အာဆင်နယ် ပြန်လာချင်နေတယ်ဗျ    … ဆို ပြီးဝဲကော့က ပြောတာပါ။

ဟုတ်ပါတယ်။  Football London အပါအဝင် သတင်းဌာနတွေတော်များများက တစ်ပြိုင်ထဲ ဖော်ပြနေကြပါတယ်။ ရမ်ဆေးတစ်ယောက်ဂျူဗင်တပ်မှာအဆင်မပြေချိန် ၊ ကစားသမားတွေ ဝိတ်လျှော့နေချိန်နဲ့ အာဆင်နယ် ကွင်းလယ်လူလိုနေချိန်တစ်ထပ်ထဲကျနေတုန်း ဒီအမှာစကားကို ဝဲကော့ မှတဆင့်ရမ်ဆေးက ပါးလိုက်လေသလားလို့တွေးရပါတယ်။

၂၀၀၈ ခုနှစ်မှာ တက်သစ်စကစားသမားလေးတစ်ယောက်ဟာ   အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ စပါးအသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးပြီးနောက် အာဆင်နယ်အသင်းကို ပေါင် ၄,၈ သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာအောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းတွေ ရောထွေးနေတဲ့  ၁၁ နှစ်တာ ခရီးရဲ့ အစဖြစ်ခဲ့ပါတယ်။

၁၁ ရာသီအတွင်းမှာ ပွဲပေါင်း ၃၆၉ ပွဲကစားပြီး  ဂိုးပေါင်း ၆၄ ဂိုးသွင်းပေးနိုင်ခဲ့တယ်။ အမှတ်တရများစွာ ၊ အံ့သြစရာဂိုးပေါင်းများစွာကိုသွင်းပေးပြီး ဂန်းနားစစ်စစ်ဖြစ်ကြောင်း အကြိမ်ပေါင်းများစွာမှတ်တမ်းတင်ခဲ့တယ်။ နည်းစနစ်ကြွယ်ဝပြီး  အားကောင်းမောင်းသန် ပြေးလွှားနေတဲ့ ရမ်ဆေးက ကွင်းလယ်မှာ ဘယ်တော့မှမပျောက်ပျက်မယ့် ပုံရိပ်တစ်ခုပါပဲ။ တဖက်မှာလည်း မကြာခနဒဏ်ရာတွေရနေခဲ့ခြင်းက သူ့အတွက်ရော အသင်းအတွက်ရော နစ်နာမှုတွေဖြစ်စေခဲ့တယ်။ ကစားခဲ့တဲ့နှစ်တွေမှာ FA ဖလားသုံးကြိမ် ၊  Community Shield နှစ်ကြိမ်  ရခဲ့ပြီး ၊ အသင်းကြီးပေါင်းများစွာကို ဂိုးတွေသွင်းရင်း ပရိတ်သတ်တွေရင်ထဲရောက်ခဲ့တယ်။

ခွဲခွာချိန်တန်လာတော့လဲခွဲရတာပါပဲ။ လစာနှုန်းထားကိစ္စကြောင့် အသင်းနဲ့စာချုပ်သစ်ကိစ္စ ရှေ့မဆက်နိုင်။ အာဆင်နယ်က လက်လွှတ်ဖို့ပြင်ခဲ့တယ်။ နောက်တော့ ၁၁ နှစ်ကြာ ကစားခဲ့တဲ့အသင်း ၊ ကစားသမားဘဝတစ်လျှောက်လုံးနီးပါး မြှပ်နှံခဲ့တဲ့အသင်းကိုခွဲခွာပြီး စီးရီးအေကလပ် ဂျူဗင်တပ်စ်ဆီရောက်တယ်။ တစ်ပတ်ကို ပေါင် ၄၀၀၀၀၀ ရရှိခဲ့ပြီး ဗြိတိန်ကျွန်းရဲ့ကြေးအမြင့်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့အီတလီ ခရီးစဥ်က မအောင်မြင်ခဲ့။  ဂျူဗီကလဲ ပြီးခဲ့တဲ့ရာသီကကတည်းက စျေးလျော့ပြီးလိုက်ကမ်းလှမ်း နေတာ တွေဖတ်ရတယ်။ အခုတော့ ပိုပြီးထင်ထင်ရှားရှားဖြစ်လာခဲ့ပါပြီ။

ဝဲကော့ ရဲ့ စကားကိုကြားတော့ ပရိတ်သတ်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။အခုလို အသင်း ကလည်း Rhythm  မှန်လာချိန်မှာ ခြေစွမ်းရှိနေသေးတဲ့ အသဲနှလုံးလေး ရမ်ဆေးတစ်ယောက်များပြန်လာ မလားပေါ့။ အခုကစားအားနဲ့ သူရဲ့ခြေစွမ်းပေါင်းလိုက်ရင်တော့ အသင်းကပိုကောင်းလာမှာအသေအချာ။ ကျွန်တော်တို့ကတော့ ဒီအပြောင်းအရွှေ့ဖြစ်မယ်မထင်ပါ။ တကယ်လို့ဖြစ်လာခဲ့ရင်လဲ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုရမှာပါ။ ကစားသမားဟောင်းတွေ အိမ်ပြန်လာကြောင်းပြောရတာ ကျွန်တော်တို့ရဲ့ အာသီသပဲမဟုတ်လား။

ဒါပေမယ့် အရှိတရားဆီပြန်သွားတဲ့အခါ အာဆင်နယ်ရဲ့ ဝေဝါးသောကာလတွေမှာ အသင်းရဲ့ ရင်းမြစ်တွေများစွာ လွင့်ပါးခဲ့ကြပါတယ်။ (ရမ်ဆေး အပါအဝင်ပေါ့) အသင်းရဲ့ ကျဆုံးမှုဝဲသံသရာလည်ချိန် ၊ မူဝါဒတွေ မရှင်းလင်းကြချိန်မှာ သံယောဇဥ်တွေများစွာဆုံးရှုံးခဲ့ကြရပါတယ်။  ကစားသမားက ခြေစွမ်းပြ နေတုန်းအသင်းက ကျဆင်း ၊ လိုတာထက်ပိုရုန်းကန်ရရင်း ဘယ်တုန်းကမှ  Balance မဖြစ်တဲ့  Squad နဲ့အတူ ကစားသမားတွေများစွာစွန့်ခွာခဲ့ကြပါတယ်။ ပြသနာ‌တွေ ဆယ်စုနှစ်နဲ့ချီပြီးများခဲ့တဲ့အသင်းဟာ ဝဲကော့ပြောသလို ကြောက်စရာမကောင်းခဲ့တာကြာလှပေါ့။ တစ်ခါတစ်လေ ပေပေ ကစားတာ ကိုမြင်ရတိုင်း ၊ စမစ်ရိုတို့ အုပ်စုနဲ့ ဝဲကော့ သာဆိုရင် ဆိုပြီး အချိန်တွေလွဲခဲ့ကြတာကို မကျေမချမ်းရေရွတ်မိတာပါပဲ။

အခုတစ်ကြိမ်မှာတော့ အာဆင်နယ်တို့ စနစ်တကျ ပြန်လည်နိုးထလာပြီလို့ထင်ရပါတယ်။ လူငယ်တွေ ၊ လူကြီးတွေခုထက်သမျှတဖို့တော့လိုသေးတာပေါ့လေ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အမှားအယွင်းတွေကြားထဲမှာ ဘာကိုမှမဆုံးရှုံးချင်တော့တာ အာဆင်နယ် ပရိတ်သတ် အားလုံးရဲ့ ဆန္ဒပဲဖြစ်ပါလိမ့်မယ်။ ဒီဆန္ဒဟာ ရမ်ဆေးအိမ်ပြန်လာခြင်းထက်ပိုမယ်လို့ ထင်မိပါတယ်။

Advertisement

Leave a Reply

%d bloggers like this: