အသံတွေကျယ်လောင်လာတဲ့ ကူလူဆစ်စကီအကြောင်းတစ်ဖြတ်

ကိုယ်အားပေးတဲ့အသင်းနဲ့နာမည်ထွက်တဲ့ကစားသမားစာရင်းချရေးလိုက်ရင် ဘောလုံးတစ်သင်းစာများရမလားမသိ။ ဒါပေမယ့်လည်း ဒီပုံစံကိုက အာဆင်နယ်အထာဆိုတော့လည်း စောင့်ကြည့်ရုံသာ။ တစ်မျိုးတော့လည်းကောင်းပါတယ်။ အချိန်တန်ရင် တစ်ခုခုဖြစ်လာမယ်ဆိုတာ ယုံထားလို့ရတာပေါ့လေ။ ဖြစ်မလာတော့လဲ အသင်း Comment Box ကိုပြေးကြတာပေါ့။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အရမ်း Hot ဖြစ်သွားတဲ့ ဖီအိုရဲ့ ဗလာဟိုဗစ်နဲ့သတင်းက အခုတလောပြန်ငြိမ်သွားတယ်။ ဒါပေမယ့် သူ့နေရာမှာ ဂျူဗင်တပ်စ်အသင်းရဲ့  ကိုလိုဆစ်စကီဖြစ်လာတယ်။ မီဒီယာအများစု ၊သုံးသပ်သူအများစုကတော့ ကစားသမားနှစ်ဦးစလုံးက အာဆင်နယ်လိုအပ်နေတဲ့နေရာတွေ ဖြစ်ပြီး အပြောင်းအရွှေ့ဆိုင်ရာမှာတော့   ကူလူဆစ်စကီက ပိုပြီးနီးစပ်တယ်လို့  ဖတ်ရတဲ့သတင်းတွေအရ ခန့်မှန်းရပါတယ်။ ဒီတော့ သူ့အကြောင်းလေးနဲနဲ တီးခေါက်ကြည့်ရအောင်။

အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ဆွီဒင်သားလေးဟာ ၂၀၁၈ ခုနှစ်ကျမှ စီနီယာကစားသမားဘဝစတင်ခဲ့တာဖြစ်ပြီး အခုနှစ်က သူ့အတွက် လေးရာသီမြောက်ဘောလုံးသမားဘဝကိုဖြတ်သန်းနေတာဖြစ်ပါတယ်။ ပွဲပေါင်း ၁၂၂ ပွဲကစားပြီးနောက် လက်ရွေးစင်အသင်းအတွက် ၁ ဂိုးအပါအဝင် ၁၉ ဂိုးသွင်းပေးထားပြီးပါပြီ။

အရပ်မြင့်မြင့် (၆ပေ ၁လက်မ) ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကောင်းကောင်းရှိပြီး တိုက်စစ်နဲ့ကွင်းလယ်မှာ နေရာစုံပြောင်းကစား နိုင်တဲ့ mezzala role player   (ကွင်းလယ်လူတပိုင်း ၊ တောင်ပံလူတစ်ပိုင်း) ကစားသမားလေးဟာ အတ္တလန္တာနဲ့စ ၊ ဂျူဗီနဲ့အတူ နာမည်ရလာပေမယ့် ၊ အခုတော့နေရာပေးဖို့ အာမခံချက်မရတာကြောင့် ဂျူဗင်နဲ့ပဲလမ်းခွဲ ရဖို့ဖြစ်လာပါပြီ။ သတင်းအထွက်ဆုံးကတော့ အာဆင်နယ်ဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ စပါးနဲ့ အက်သလက်တီကိုလဲ ပါဝင်လာခဲ့ပါပြီ။ တကယ်လို့အာဆင်နယ်အသင်းကိုသူရောက်လာရင် ဘယ်လိုတွေ သက်ရောက်မှုရှိလာနိုင်မလဲ။

အခုလက်ရှိအာဆင်နယ်အသင်းဟာ တိုက်စစ်မှုးကောင်းကောင်းမရှိပါဘူး။ အူဘာရဲ့ ရုန်းအားနဲတာကနေ အစပြုခဲ့တဲ့လိုအပ်ချက်ကို လာကာရဲ့ရုန်းအားနဲ့ရေတိုကုစားပေမယ့်  ၄-၃-၃- အထိုင်ကို တကယ်သွားချင်နေတဲ့ အာတီတာအတွက် သူ့ရဲ့မူလအစီအစဥ်ကိုပြန်အသက်သွင်းမှရပါလိမ့်မယ်။ နေရာစုံကစားနိုင်တဲ့ကွင်းလယ် ၊ လျှင်မြန်တဲ့အစွန်လူတွေဟာ အာတီတာရဲ့အသက်သွေးကြောဖြစ်လာမှာမို့ ဒီအတွက်ရည်ရွယ်ပြီး ကစားသမားတွေစုဆောင်းထားတဲ့အာဆင်နယ်ဟာ ယာယီ ၄-၄-၂ ကိုမှီခိုဖို့မဖြစ်နိုင် ပါဘူး။  အခုတောင် အိုဒီဂတ်တစ်ယောက် မသိမသာ ဘေးရောက်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း လက်တလောအနိုင်ရဖို့ ဆိုတာကလည်း လိုအပ်နေတာမို့ ကစားကွက်ပြောင်းတာကိုအပြစ်ပြောစရာတော့ မရှိ။ ပြန်ခြုံပြောရရင်တော့ အာဆင်နယ် တိုက်စစ်မှုးရော ၊ ကွင်းလယ်ရော လိုနေပါသေးတယ်။  တင်းပြည့်ကျပ်ပြည့် Line Up လေးအခုမှရဖူးတော့လည်း ပရိတ်သတ်တွေက ဝမ်းသာရပါတယ်။ အမှန်တကယ် ပရီးမီးယားလိဂ်ရဲ့ထိပ်ပိုင်းမှာနေချင်ရင် အရံအင်အားတွေပါအဆင့်မှီတောင့်တင်းဖို့ လိုအပ်ပါတယ်။ သိပ်ကောင်းလှပါတယ်ဆိုတဲ့ နောက်တန်းတွေကလဲ အခု ၄ ယောက်နဲ့တင်မလုံလောက်သေးပါဘူး။

ဇလာတန်က သူ့ရဲ့ စံပြဖြစ်ပြီး  ဒီဘရိုင်းနဲ့ ဟာဇက်တို့က သူ့ကိုလွှမ်းမိုးမှုရှိတယ်လို့ ဆိုထားတဲ့ ကူလူဆစ်စကီက ၂၀၁၉ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ အာဆင်နယ်ပရိတ်သတ်ဖြစ်ကြောင်း ပြောဖူးပါတယ်။ ဒီအချက်ကအခုလို အပြောင်းအရွှေ့နာမည်ထွက်ချိန်မှာတော့ ပြန်ပြီးအစကောက်စရာ ဖြစ်လာ ပါတယ်။ တဖက်မှာလည်း ဗလာဟိုဗစ်နဲ့မတူတဲ့အချက်က နောက်ခံအကြောင်းအရာတွေမရှုတ်ထွေး တာပါပဲ။ ကစားသမားက ပွဲကစားချင်တယ် ၊ နည်းပြက အာမမခံနိုင်။ အဲ့ဒီမှာအသင်းပြောင်းချင်တယ်။ ဒီလောက်ပဲ။ ပြောင်းရွှေ့ကြေးကလည်း ၃၅-၄၀ သန်းလောက်ဆိုတာသင့်တော်တယ်ပြောနိုင်ပါတယ်။

ကူလူဆစ်စကီက အာဆင်နယ်လိုအပ်တဲ့ကစားသမားအမှန်ပါ။ အသက်အရွယ်အရလဲ အာတီတာ အကြိုက်ပါပဲ။ တစ်ခုရှိတာက အာဆင်နယ်အပြောင်းအရွှေ့ဆိုတာခန့်မှန်းရခက်ပြီး အပြောင်းအလဲတွေ လဲများတာ ဖြစ်လို့ စောင့်ကြည့်ရပါမယ်။ အချက်အလက်တွေအရတော့ ကူလူဆစ်စကီဟာ အာဆင်နယ်ရေဒါထဲမှာ အသေအချာရှိနေတဲ့ကစားသမားဆိုတဲ့အချက်ကတော့ မလွဲလောက်ဘူး ထင်ရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: