အာတီတာ အနေနဲ့ ဆုံးဖြတ်ချက်ချရတော့မယ့် တိုက်စစ်ကစားသမားနှစ်ယောက်

တိုက်စစ်မှုးအခက်အခဲဖြစ်နေတဲ့ အာဆင်နယ်အသင်းရဲ့အကြောင်းတွေဟာ မီဒီယာတွေပေါ်မှာ သိသိသာသာ နေရာယူထားပါတယ်။ အလွတ်နဲ့ရမယ့်ကစားသမားအစ ၊ အငှားကစားသမားအလယ် ၊ စျေးကြီးတဲ့တိုက်စစ်မှုးတွေ အထိပါဝင်နေသလို တဖက်မှာလည်း သတင်းထက်ပိုတဲ့ ဆွေးနွေးမှုတွေရှိနေတယ်လို့ ယူဆရပါတယ်။ အဓိက တိုက်စစ် အတွဲထဲက လာကာဇက်ကလည်း သဘောတူညီမှုမရသေးသလို ၊ ဖြစ်နိုင်ချေအရလည်း အသင်းနဲ့ ကစား သမား က လမ်းခွဲကြဖို့များပါတယ်။ အာဆင်နယ်ရဲ့ သတင်းတွေကလည်း ဖီအိုရင်တီးနားတိုက်စစ်မှုး ဗလာဟိုဗစ်နဲ့ကတော့ အကျယ်လောင်ဆုံးဖြစ်ခဲ့ပြီး အခုတော့ ဂျူဗင်တပ်ရဲ့ ကူလူဆစ်စကီး လဲပါဝင်လာ ပါတယ်။

တကယ်တော့ အာဆင်နယ်မှာ တိုက်စစ်ကစားသမားမရှိတာတော့မဟုတ်ပါဘူး။ ဖိုလာရင် ဘာလိုဂန်နဲ့ အန်ကတ်တီယာတို့ကို ဖယ်လိုက်ဦးတော့ … အလားအလာကောင်းတွေပြသခဲ့ပြီးဖြစ်တဲ့ မာတင်နယ်လီနဲ့ မျှော်လင့်ချက်တွေအကြီးကြီးထားခဲ့ကြရတဲ့ ပေပေတို့ရှိနေပါတယ်။ ဒါပေမယ့် ဒီကစားသမားနှစ်ယောက်နဲ့ ပတ်သတ်ပြီးအပြည့်အဝ ယုံကြည်ထားလို့မရသေးတာကို ပရိတ်သတ်တွေအားလုံးလဲနားလည်ထားပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ပေပေ ရဲ့နာမည်ကြားရင် ပရိတ်သတ်တွေလန့်သွားကြပါလိမ့်မယ်။ ဒီကစားသမား နှစ်ယောက်ကို အာတီတာ ဘယ်လိုစီမံမလဲ ၊ ရောင်းချမှာလား ၊ အငှားချမှာလား ၊ ဒါမှမဟုတ်ခြေစွမ်းတွေ ပြန်ပြနိုင်အောင် ကူညီမှာလား။ လက်လှမ်းမှီသလောက်လေ့လာကြည့်ရအောင်ပါ။

နီကိုးလပ်စ်ပေပေ

နီကိုးလပ်စ်ပေပေဟာ မျှော်လင့်ချက်အကြီးကြီးတွေကို သယ်ဆောင်လာခဲ့သူဖြစ်ပြီး ရေစုန်မျောခဲ့တယ်လို့ မဆိုနိုင်သည့်တိုင်အောင် အလုပ်ဖြစ်ခဲ့တဲ့ ကစားသမားမဖြစ်ခဲ့တာတော့ သေချာခဲ့ပြီဖြစ်ပါတယ်။  နောက်ဆုံးရ သတင်းတွေအရ ပေပေနဲ့တွဲဖက်ညီတဲ့ လိုင်လီနောက်ခံလူကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ် ဆိုတာရယ် ၊ ပေပေကိုသင့်တော်တဲ့စျေးရရင် ရောင်းတော့မယ်ဆိုတာရယ် ကိုတွေ့ရ ပါတယ်။ ဒါပေမယ့်ရောင်းချမယ်ဆိုတဲ့သတင်းတွေက ပိုပိုစိပ်လာနေပါတယ်။

သေချာတာ ကတော့ ပေပေ ဟာလက်ရှိအသင်းမှာ ပုံစံကောင်းမရ ၊ အသုံးတဲ့မှုလည်းနဲပါးနေတာ  ရှင်းလင်းနေခဲ့ပါပြီ။  သတင်းတွေအရလည်း (အတည်မပြုနိုင်သေးပေမယ့်) တစ်စုံတစ်ရာသောအခြေအနေကို စတင်ဦး တည်နေပါပြီ။

တကယ်တော့ ပေပေရဲ့ပြသနာက ခြေလုံးဝမငြိမ်တာဖြစ်ပါတယ်။ ခြေမငြိမ်တယ်ဆိုလို့ ကောင်းတဲ့ပွဲကောင်း ၊ မကောင်းတဲ့ပွဲကောင်းလို့ မထင်ပါနဲ့။ တစ်ပွဲထဲမှာကို ကောင်းလိုက်မကောင်းလိုက်ဖြစ်နေတာပါ။ ကိန်းဂဏန်းတွေကိုပဲသီးသန့်ကြည့်မယ်ဆိုရင်  ပွဲပေါင်း ၆၇  ပွဲကစားပေးပြီးနောက် ၂၅ ဂိုးသွင်း ၊ ၁၈ကြိမ်ဖန်တီးပေးထားတယ်ဆိုတာ ညံ့မှမညံ့တဲ့ရလဒ်ပဲကို။ ဒါပေမယ့်  ဒေတာ  ကြည့်ပြီး  ပေပေ ကိုဆုံးဖြတ်ရင် တော့ အလုံးစုံမှားပါလိမ့်မယ်။

တစ်ခါတစ်လေ သိပ်လှတဲ့ဝေ့ဝိုက်ကန်ချက်တွေကိုတွေ့ရမယ်။ နောက်ထပ်မိနစ်ပိုင်းမှာပဲ ဘောလုံးဆွဲပြေးရင်းတစ်ယောက်ထဲဘောလုံးကျန်ခဲ့မယ် ၊ မလိုအပ်ပဲလိမ်မယ် ၊ သူ့ခန္တာကိုယ်အယိမ်းအနွဲ့ကို တဖက်ကလွယ်လွယ်လေး ခန့်မှန်းပြီးဘောလုံးလုသွားမယ် ၊ တစ်ချက်တစ်ချက်လဲ နှစ်ယောက်ကြားက လိမ်ထွက်မယ်  .. စတာတွေဟာ တစ်ပွဲထဲမှာဖြစ်ချင်သလိုဖြစ်နေတာပါ။ တိုက်စစ်မှုးခြေထောက်ထဲ ကွက်တိထည့်ပေးနိုင်တဲ့ပေးပို့မှုတွေရှိသလိုပဲ ၊ ဝတ်ကျေတန်းကျေကန်တင်လိုက်တာတွေလဲအများကြီးပါ။ ဒီတော့ ဘာပြောရမှန်းမသိဘူးဆိုတာ ပေပေ အတွက်အကျုံးဝင်တဲ့အခြေအနေပါပဲ။

တစ်ရာသီပြီးတစ်ရာသီကောင်းနိုးနိုးစောင့်ကြည့်တာလဲကြာပြီ။ အွန်နရီကလဲ ပထမရာသီတုန်းက သူ့အဖြစ်ကိုယ်တိုင်နဲ့ ဥပမာပေးပြီး စောင့်ကြည့်စေခဲ့တာလဲ ဘာမှဖြစ်မလာခဲ့။  လိုအပ်ချက်တွေကို ပြင်ဆင်ပြီးတိုးတက်လာသလားဆိုတော့လဲ မတိုးတက်လာ။ အဲ့လိုနဲ့  တတိယရာသီကိုရောက်ပြီ။ အာတီတာတို့အနေနဲ့ ရောင်းမှာလား ၊ သုံးမှာလားဆိုတာကို ဆုံးဖြတ်ရမယ့်အချိန်ရောက်ပါပြီ။ သေချာတာကတော့ သုံးရင်လဲ ရင်တမမဖြစ်မှာသေချာသလို ရောင်းရင်လဲ တဝက်စျေးတောင် အတော်ကြိုးစားရပါတော့မယ်။

မာတင်နယ်လီ

ဒီရက်ပိုင်းမှာ သူ့သတင်းတွေအတော်စိပ်လာတယ်။ သူ့အဖေရဲ့ စကားတွေကို လိုက်ဖတ်ရတာလဲမျက်စေ့ပါမူးချင်စရာပါ။ မနက်ပိုင်းသတင်းမှာ နေရာမရလို့ ဒေါသထွက်နေတဲ့ မာတင်နယ်လီအကြောင်း ၊ ညနေပိုင်းသတင်းမှာတော့ အသင်းက သတိပေးတယ် ဆိုတာမျိုး။ အနှစ်ချုပ်ရရင်တော့ မာတင်နယ်လီအသင်းကထွက်ဖို့မရှိသေးတာသေချာပါပြီ။ ဒါပေမယ့် ဘာဆက်ဖြစ်မှာလဲ ?? ဒီမေးခွန်းကရှိနေပြန်ပါတယ်။

အူနိုင်းအမ်မရီရဲ့စာချုပ်မှုနဲ့အသင်းကိုရောက်လာ ၊ ပါတဲ့ပွဲတိုင်းနီးပါးဂိုးသွင်း ၊ အဲ့ဒီနောက် အာတီတာလက်အောက်မှာ ချဲလ်ဆီးတစ်သင်းလုံးကို ဖြတ်ကျော်ပြီးချေပဂိုးသွင်းယူပြလိုက်တဲ့နောက် သူဟာပရိတ်သတ်အသဲကျော်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် မကြာခန ဒဏ်ရာရရနေတာက ကြီးမားတဲ့ပြသနာ။ နောက်ပိုင်းခြေစွမ်းပါပျောက်လာတယ်။ ပိုဆိုးတာက ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကစားသမားဟောင်းကြီးတွေကလည်း လူကြီးတစ်ယောက်လိုပြုမူဖို့ဝေဖန်ခံခဲ့ရ ၊ နည်းပြကလည်း ခနခနလှဲချတာမျိုးကို မကြိုက်တဲ့သဘောပြောကြောင်းသတင်းတွေမှာဖတ်ရပြန်တယ်။ တဖက်မှာလည်း သူ့ကိုခေါ်ချင်လို့ စိတ်ဝင်စားဟန်ပြလာတာတွေကို အာဆင်နယ်ဖက်ကအပြတ်ရှင်းနေပါတယ်။ အာတီတာက တရားဝင်ထုတ်ပြောထားတာက   အသင်းရဲ့ အစီအစဥ်တွေထဲမှာ မာတင်နယ်လီပါနေပါတယ် တဲ့။

အနှစ်ပြန်ချုပ်ရရင်  ပေပေကိုတော့ ရောင်းထွက်ရင်‌ရောင်းမယ့်သဘောရှိပြီး ၊ မာတင်နယ်လီကိုတော့ ဆက်ပြီးသုံးစွဲသွားမယ့်သဘောပါပဲ။ သတင်းတွေမှာလည်း တောင်ပံအားသန်တဲ့ ကစားသမားလေးကို တိုက်စစ်နေရာအတွက်လေ့ကျင့်ပေးနေတာတွေကို  တွေ့ရပါတယ်။ ဒါပေမယ့် ဘရာဇီးသားလေးက ကွင်းထဲမှာခြေစွမ်းမပြနိုင်သေး။ တကယ်တော့ စျေးအကြီးဆုံးတိုက်စစ်သမားနဲ့  အလားအလာ အရှိဆုံး လူငယ်လေး ရှိရက်နဲ့အသုံးမချနိုင်သေးတာကတော့ အာဆင်နယ်အတွက်ကံဆိုးမှု ဖြစ်နေပါတယ်။

လတ်တလောအဆင်ပြေသလိုဖြေရှင်းမယ်ဆိုရင် ပေပေ ဟာ သူကောင်းတာနဲ့ကြုံရင် တစ်ခုခုတော့ အကျိုးဖြစ်ထွန်းလေ့ရှိပြီး ၊ မာတင်နယ်လီကတော့ တည်ဆောက်ယူရမယ့်သဘောရှိပါတယ်။ ဒါပေမယ့် ပေပေဟာ အသင်းရဲ့ ကစားအားကို ဆိုးဆိုးရွားရွားကို ပျက်စီးစေပါတယ်။ သူ့ရဲ့ကောင်းတဲ့အခိုက်အတန့်နဲ့ ဆိုးတဲ့အချက်တွေကလဲရတာမတန်လှ။

သုံးသပ်ရရင်တော့ မကြာခင်လာမယ့်ပွဲတွေမှာ မာတင်နယ်လီကိုတော့ ခပ်စိပ်စိပ်တွေ့လာရမယ်လို့ မျှော်လင့်ထားပါတယ်။ တိုက်စစ်မှုးသစ်မဝယ်ဖြစ်ခဲ့ရင် ပိုပြီးဖြစ်နိုင်ချေများပါတယ်။

Advertisement

Leave a Reply

%d bloggers like this: