ဗလာဟိုဗစ်နဲ့ပတ်သတ်တဲ့သတင်းတွေက ဒီရက်ပိုင်းမှာ အကျယ်လောင်ဆုံးပါပဲ။ဆ ာဗီးယားတိုက်စစ်မှုးသာ အာဆင်နယ်အသင်းကိုအမှန်တကယ်ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် အသင်းမှာရော ၊ ကစားပုံမှာပါ သက်ရောက်လာမယ့်အချက်တွေရှိပါလိမ့်မယ်။ အနီးစပ်ဆုံးပြောရမယ်ဆိုရင် လာကာဇက် ကိုစာချုပ်သစ်တိုးရေးဆိုတာ့ ဖြစ်နိုင်ချေ နဲနဲလေးဟာလုံးဝပျောက်ကွယ်သွားမှာဖြစ်သလို အန်ကတ်တီယာလဲသေချာပေါက်အသင်းပြောင်းသွားမှာပါ။
Sky Sport ရဲ့သတင်းထောက် ဒီမာဇီယိုရဲ့အဆိုအရတော့ အာဆင်နယ် တာဝန်ရှိသူတွေဟာ စီးရီးအေဖက်ခြမ်းနဲ့ စကားပြောဆိုခဲ့ပြီးပြီလို့ သိရပြီး ပေါင် ၆၈.၅ သန်းပေးချေဖို့ သဘောတူခဲ့ပြီလို့ဆိုပါတယ်။ ဒါပေမယ့် ဒါကအသင်းနှစ်သင်းကြားအနေအထားပါ။ ကစားသမားဖက်ကတော့ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကို မျှော်လင့်နေဆဲပါပဲ။
ဒီအချက်တွေနဲ့ပတ်သတ်ပြီး အသင်းကိုရိုက်ခတ်လာနိုင်တဲ့အချက် ၃ ချက်ကို Football London မှဆောင်းပါးရှင် ခရစ် ဒေဗီဆင်က အခုလိုရေးသားဖော်ပြထားပါတယ်။
ထွက်ခွာမှုတွေဖြစ်ပေါ်လာမယ်
ဗလာဟိုဗစ်ဟာ စျေးကြီးတဲ့တိုက်စစ်မှုးတစ်ယောက်ဖြစ်ပါတယ်။ အသင်းအတွက်အရေးပါတဲ့အနေအထားကနေရောက်ရှိလာမှာဖြစ်လို့ လက်ရှိရှိနေတဲ့ကစားသမားတွေထဲက အချို့ဟာနေရာပျောက်မှာပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ လာကာဇက်နဲ့ အန်ကတ်တီယာတို့ရဲ့အနာဂတ်ဟာ ဝေဝါးသွားမှာဖြစ်ပြီး သူတို့ကလည်း အသင်းနဲ့ရှေ့ဆက်ဖို့ပြန်သုံးသပ်လာကြမှာပါပဲ။ ထို့အတူ အသင်းနဲ့ပွဲထွက်ဖို့ ကြိုးစားနေတဲ့ ဘာလိုဂန်ကလည်းနောက်ထပ်အငှားချမှုတွေကို လက်ခံတော့မှာမဟုတ်ပဲ တစ်ခုခုစဥ်းစားမှာအသေအချာပါ။ ဒါကြောင့် ဗလာဟိုဗစ်လို ကြေးမြင့်တိုက်စစ်မှုးတစ်ယောက်ဟာ ထွက်ခွာမှုပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
တဖက်မှာလည်းအူဘာမီယန်က အသက်အရွယ်အရရော စာချုပ်အရပါ နောက် ၂ နှစ်ကျော်ဆိုရင် အသင်းကထွက်ခွာဖြစ်ဖို့များမှာပါပဲ။ ဒီတော့ အသင်းတိုက်စစ်ကို အားဖြည့်ဖို့လိုတာကလည်းအမှန်ပါ။
အာတီတာရဲ့အစီအစဥ်တွေမှာလည်း အပြောင်းအလဲတွေရှိနိုင်မယ်
၆ပေ ၃လက်မအရပ်အမြင့်နဲ့တိုက်စစ်မှုးဟာ လက်ရှိအသင်းမှာရှိနေတဲ့ကစားသမားတွေနဲ့တော့ အတော်လေးကွာခြားနေပါတယ်။ ဒါ့အပြင်လက်ရှိကစားသမားတွေရဲ့ Aerial Work Rate ဟာ အားကောင်းတဲ့အထဲမပါသေးပါဘူး။သို့သော် စမစ်ရို ၊ ဆာကာ နဲ့ တီယာနေတို့ရဲ့ဖြတ်တင်ဘောတွေအတွက်တော့ လေထဲမှာအဆုံးသတ်နိုင်တဲ့ တိုက်စစ်မှုးလိုအပ်ပါတယ်။ ဒီတော့ အာတီတာရဲ့ကစားပုံကို သက်ရောက်မှုဖြစ်စေမှာပါ။
ဗလာဟိုဗစ် ရုန်းကန်ရမယ်
ပွဲပေါင်း ၄၀ ကစားပြီး ၂၁ ဂိုးသွင်းတယ်ဆိုတာ သိပ်ကောင်းတဲ့ရလဒ်ဖြစ်ပါတယ်။ ဒါပေမယ့် စီးရီးအေက ဒီမှတ်တန်းက ပရီးမီးယားလိဂ်ကို ယူဆောင်လာနိုင်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ ပရီးမီးယားဟာ မတူညီတဲ့ မြေပြင်စစ်ပွဲပါပဲ။ သူဟာငယ်ရွယ်ပြီးသန်မာတဲ့တိုက်စစ်မှုးဆိုပေမယ့် ရေမြေသစ်မှာအောင်မြင်မယ်လို့ တရားသေမှတ်ယူလို့မရပါဘူး။ သာဓကများစွာရှိထားပြီးသားဖြစ်ပါတယ်။ နယ်မြေစိန်ခေါ်မှုတွေအပြင် အာဆင်နယ် ကစားပုံနဲ့လည်း အံဝင်ဖို့ သူကြိုးစားရဦးမှာပါ။ ထပ်ပြီးပြောရမယ်ဆိုရင် ဗဟာဟိုဗစ်ကိုယ်တိုင်လေ့လာပြီး သင်ယူရမှာတွေမျာပါတယ်။ နည်းပြအာတီတာအတွက်လည်း တချိန်တုန်းက ပြင်သစ်သားလေး ဂွမ်ဒူဇီတုန်းကလိုမျိုး ခြေစွမ်းခြေစရှိတဲ့ လူငယ်ကိုထိန်းကြောင်းရမယ့် စိန်ခေါ်မှုက ရှိလာနိုင်ပါတယ်။
ကောလာဟလအဆင့်ကနေ ဆွေးနွေးတဲ့အထိရောက်လာပြီမို့ထည့်သွင်းတွက်ချက်မှုတွေလဲပြုလုပ်ရပြီဖြစ်ပါတယ်။ ဘာပဲပြောပြော အာဆင်နယ်အသင်းတိုက်စစ်သမားလိုအပ်နေတာကတော့ အမှန်ပဲဖြစ်လို့ ဗလာဟိူဗစ်မဟုတ်ရင်လဲ အသစ်တစ်ယောက်ကတော့ ရောက်ကိုရောက်လာရမှာဖြစ်ပါတယ်။
ဆောင်းပါးရှင် ခရစ် ဒေဗီဆင် ရဲ့ Football London မှာဖော်ပြတဲ့ ဆောင်းပါးကိုမှီငြမ်းတင်ပြထားပါတယ်။